ငလျင်လှုပ်တဲ့အချိန် ဘာတွေလုပ်ရမလဲ

ငလျင်ဆိုတာက ဘယ်အချိန်လှုပ်မယ်ဆိုတာကို ကြိုတင်ခန့်မှန်းတွက်ချက်လို့ မရတဲ့အရာပါ။ ငလျင်တစ်ခါလှုပ်ပြီးပြီဆိုရင် နောက်ဆက်တွဲငလျင်ငယ်လေးတွေလည်း ဆက်ခါဆက်ခါလှုပ်တတ်ပါတယ်။ ငလျင်ရဲ့ပြင်းအားကိုရစ်ချက်စတာ စကေးလ် (Richter Scale) နဲ့ ဖော်ပြလေ့ရှိပြီး ယူနစ်က ၅ ကျော်မယ်ဆိုရင် အန္တရာယ်ပေးနိုင်တဲ့အနေအထားမှာရှိပါတယ်။ အားပျော့တဲ့ငလျင်မျိုးဆိုရင် ပြသာနာမရှိပေမယ့် ငလျင်က အားလည်းကောင်းတယ်၊ကိုယ်က ငလျင်ရဲ့ဗဟိုချက်မမှာရှိနေမယ်ဆိုရင်တော့ သတိထားရပါတော့မယ်။ အခရာပရိသတ်တွေ ငလျင်လှုပ်တဲ့အချိန်မှာ ဘယ်တွေပြုမှုလှုပ်ရှားရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တကယ်လို့ ကိုယ်အိမ်မှာရှိနေတဲ့အချိန် ငလျင်လှုပ်တယ်ဆိုရင် စားပွဲ၊ ကုတင်တို့လို အကာအကွယ်တစ်ခုခု အောက်ကို ဝင်နေပါ။ အိမ်အပြင်ဖက်ကျတဲ့နံရံတွေနားကိုမကပ်ဘဲ အတွင်းထဲနံရံတွေ နားကိုကပ်ပါ။ ကြီးမားတဲ့ ပရိဘောဂပစ္စည်းတွေ အနားမှာ မနေပါနဲ့။

(၂) ကိုယ်က ရုံးရောက်နေတယ်ဆိုရင် ပြတင်းပေါက်တွေနဲ့ ဝေးတဲ့နေရာမှာ နေပါ။ အပြင်ဖက်ကျတဲ့နံရံတွေနဲ့ ကပ်မနေပါနဲ့။ ကြောက်အားလန့်အားနဲ့ ဓါတ်လှေကားကို အသုံးမပြုပါနဲ့။

(၃) လမ်းပေါ်ရောက်နေတယ်ဆိုရင် လျှပ်စစ်မီးကြိုးတွေ၊ အထပ်မြင့်တိုက်တွေပြိုကျလာခဲ့ရင် လွတ်နိုင်တဲ့နေရာမျိုးမှာ နေပါ။

(၄) ကားမောင်းနေတဲ့အချိန်ဆိုရင်တော့ ကားကို ဘေးကပ်ပြီးရပ်ပါ။ ကားရပ်တဲ့နေရာမှာ ကုန်းကျော်တံတားအောက်၊ ဓါတ်တိုင်၊ အထပ်မြင့်တိုက်အောက်တွေ ကိုရှောင်ရှားပါ။ ငလျင်လှုပ်တဲ့အတွက် ယာဉ်အန္တရာယ်ဖြစ်နိုင်တာကိုလည်း သတိထားပါ။

(၅) ကမ်းခြေနေရာမျိုးမှာ ရှိနေရင်တော့ ဆူနာမီ အန္တရာယ် ရှိတာကို သတိထားပါ။ ရေဒီယိုကြေငြာချက်၊ အွန်လိုင်းပေါ်က သတင်းထုတ်ပြန်ချက်တွေကို မျက်ချေမပြတ်ပါစေနဲ့။ တောင်စောင်းလိုနေရာမျိုးတွေမှာ မြေတွေလိမ့်ဆင်းနိုင်တဲ့ အန္တရာယ်ကြုံနိုင်တဲ့အတွက် ဟာလာဟင်းလင်းကြီး မနေပါနဲ့။

(၆) ငလျင်နဲ့အတူ မီးဘေးအန္တာရာယ်ပါ ကြုံရနိုင်ပါတယ်။ ငလျင်လှုပ်တာကို သိလျှင်သိခြင်း မိန်းချပါ။ ဂတ်(စ်) အိုးသုံးတယ်ဆိုရင် ဗားလ်တွေကို ပိတ်ပါ။

(၇) ငလျင်ကြောင့် တစ်နေရာမှာ ပိတ်မိနေခဲ့ရင် ကြောက်လန့်တကြားနား စူးစူးဝါးဝါး မအော်ပါနဲ့။ အပေါက်တစ်ပေါက်ထဲကို အတင်းလုပြီး ပြုံမတိုးပါနဲ့။ ထွက်ပေါက်ပါပိတ်နေပြီဆိုရင် လက်နှစ်ဖက်ကိုယှက်ပြီး ဂုတ်ပေါ်တင်ထားပါ။ ဒူးကိုကွေးထားပြီး ခေါင်းကို ဒူးခေါင်းနားရောက်သည်အထိ ငုံ့ထားပါ။ ကယ်ဆယ်ရေးလာတာကို စိတ်ရှည်လက်ရှည်စောင့်ပါ။

မင်းသုခ (အခရာ)

(www.akhayar.com)