ရန်ကုန်မှာ မန္တလေး မြီးရှည်အရသာစစ်စစ်ခံစားချင်လား 89 ကို သွား

 

အခရာပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ။ ရာသီဥတုက ပူ၊ ချွေးကဆူနဲ့ စားချင်သောက်ချင်စိတ်တွေ ပြတ်တောက်နေကြပြီလား။ အခရာအဖွဲ့သား ကျွန်တော်ကတော့ Facebook တစ်ခွင်လှည့်လည်ကြည့်ရှူရင်း ကောင်းနိုးရာရာ ညွှန်းထားတဲ့ ဆိုင်လေးတွေကို လှည့်ပြီး စားမိတယ်ဗျ။

အဲဒီထဲက မနက်စာကို ရန်ကုန်စာတွေ စားရတာ ငြီးငွေ့နေတဲ့ သူတွေ အတွက် ဆိုင်လေးတစ်ဆိုင်အကြောင်းဖောက်သည်ချချင်ပါတယ်။ အဲ့ဒါကတော့ ရန်ကင်း၊ ဘောက်ထော်မှာ ရှိတဲ့ 89 Mandalay Mee-Shay ပါပဲ။

သူတို့ ညွှန်းထားတာတော့ အမြတ်အစွန်းအတွက် မဟုတ်ဘဲ ကိုယ် အရသာရှိရှိ စားသလို အများလည်း အရသာရှိရှိ စားစေချင်တဲ့ စေတနာနဲ့ ဖွင့်တဲ့ဆိုင်ပါတဲ့။ သူတို့ ဆိုင်က နည်းနည်းရှာရခက်သလို ရှိပေမယ့် သူတို့ Page  မှာ အသေးစိတ်လမ်းညွှန်ပေးထားသလိုသာ လိုက်သွားပါ။ ကျွန်တော်တို့လည်း အဲဒီအတိုင်းပဲ သွားတာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပါတယ်ဗျာ။

တာမွေဘက်ကဆို သပြေရိပ်လက်ဖက်ရည်ဆိုင် မရောက်ခင်မှာ အနီဃာလမ်း ရှိပါတယ်။ အဲဒီ အနီဃာလမ်းအတိုင်း တည့်တည့်ကြီး လမ်းဆုံးတဲ့အထိ ဝင်သွားရုံပါပဲ။

ဆိုင်လေးကတော့ ခြံထဲမှာ ကိုယ်ပိုင်သီးသီးသန့်သန့်ဖွင့်ထားတာပါ။ နေရာအနေအထားအရဆို ကျဉ်းပါတယ်။ ဒါပေမယ့် သန့်ပြန့်ပါတယ်။ မြီးရှည်ကို အဓိကထားရောင်းပြီး ကျန်တဲ့ဟာက ထမင်းဆီဆမ်း၊ ငချိတ်ပေါင်း၊ ကော်ဖီနဲ့ ကလေးတွေအတွက် အထက်မီး အောက်မီး ပေါင်မုန့် ဆိုတာပဲ ရောင်းပေးပေမယ့် ကိုယ်တွေလို အစားသရဲတွေကတော့ ရှာရှာဖွေဖွေလာရလည်း တဖွဲဖွဲလာစားတာ တွေ့ရပါတယ်။

နေရာကျဉ်းပြီး လူကျတော့ အစားအသောက်မှာတဲ့ အပိုင်းမှာတော့ နည်းနည်းကြာတာ တွေ့ရပါတယ်။ ပြီးတော့ ကံဆိုးစွာ နွေရာသီသွားစားမိတော့ ပူပါတယ်။ စားသုံးသူတွေ အတွက် အပေါ်မှာ အမိုးလေးတွေ မိုးပေးထားပေမယ့် လှောင်အိုက်စပ်ကြီး ဖြစ်နေပါတယ်။ ဒီတော့  မှာထားတုန်း Menu ဆိုင်းဘုတ်လေးတွေ လျှောက်ဖတ်ပြီး အချိန်ဖြုန်းတယ်ပေါ့ဗျာ။

 

You May Also Like : “ဈေးတန်ပြီး အရသာရှိတာ Shan Kitchen တဲ့ဗျာ”

 

ဆိုင်ရှင်က လုပ်တာကိုင်တာ စေ့စပ်သလို ဟာသဥာဏ်ရှိတယ် ထင်ရပါတယ်။ Menu တစ်ခုလုံးကတော့ ခပ်ချေချေကြီးပါပဲ။ 😀

 

 

89 Mandalay Mee-Shay

ကျွန်တော်တို့ကတော့ မန်းလေးမြီးရှည်လွမ်းလို့ လာစားတာဆိုတော့ ဝက်မြီးရှည်ချည်းပဲ ပွဲကြီး ၂ ပွဲ၊ ပွဲသေး ၂ပွဲ မှာလိုက်ပါတယ်။ မလိုင်ကာဖီဆိုတာ စိတ်ဝင်စားလို့ အဲ့ဒါ တစ်ခွက်ရယ်၊ Ice Lemon Tea တစ်ခွက်ရယ် မှာပါတယ်။

coffee

 

မှာပြီးရင်တော့ လာချပေးတာ မြန်ပါတယ်ဗျ။ ပွဲအနေအထားအရဆိုရင်တော့ ပွဲကြီး နဲ့ ပွဲသေး သိပ်မကွာဘူးဗျ။ ဒါပေမယ့် ပွဲကြီးတောင် ကျွန်တော်တို့ စူစကာ ပုဏ္ဏားတွေအတွက် အတော်နည်းပါတယ်။ စိတ်ရှိလက်ရှိဆို ပွဲကြီးပဲ ၂ ပွဲလောက် စားရမှာမျိုးပါ။ နည်းနည်းနဲ့ ကောင်းကောင်းဆိုတဲ့ ဘက်သွားထားတဲ့ ပုံမျိုးပါပဲ။

 

ပါဝင်ပစ္စည်းတွေ တွေ့ရသလောက်ကတော့ ဝက်သားအသား၊ ဝက်စအုကြော်၊ ကော်အနှစ်၊ မုန်ညင်းချဉ်၊ ဝက်ခေါက်လေးနဲ့ သေချာတည်ခင်းပေးတာပါ။ သန့်တာတော့ အတော်သန့်ပါတယ်။ စားကြည့်တော့ အချိုမှုန့်၊ ကြက်သားမှုန့်မပါတဲ့ အတွက် နည်းနည်းတော့ ပေါ့တယ်ပြောရပါမယ်။ အရသာကတော့ မန်းလေးက အတိုင်းပါပဲ၊ မန်းလေးအရသာမျိုးရပြီး ကောင်းတဲ့ အထဲ ပါပါတယ်။ ဟင်းရည်လည်း ကောင်းပါတယ်။ အချိုပွဲ ကျွေးတယ်ပြောပေမယ့် လူရှုပ်နေလို့လား မသိပါဘူး။ ကျွန်တော်တို့တော့ အဲဒီနေ့က မစားခဲ့ရပါဘူး။

မလိုင်ကာဖီကတော့ ကောင်းတယ်ဗျာ၊ ကာဖီကောင်းကောင်းမှာ မလိုင်စိမ့်စိမ့်နဲ့။ Ice Lemon Tea လည်း ကောင်းတယ်။ Menu မှာ လိုက်ဖတ်ကြည့်ရတာလည်း ကျန်တာတွေလည်း စားချင်စရာပါ။ ဈေးက ပွဲကြီး ၃၀၀၀ ၊ ပွဲသေး ၂၀၀၀ ဆိုတော့ ဈေးကြီးတဲ့ အထဲတော့ ပါပါလိမ့်မယ်။ နည်းတော့ အနည်းဆုံး ၂ ပွဲပဲဆိုတော့ တွက်ကြည့်ပေါ့ဗျာ။

အခရာအနေနဲ့တော့

89 Mandalay Mee Shay

================
Taste ****
Price **
Service ***
Hygiene *****
Place **

 

ရိုးလူ (အခရာ)
www.akhayar.com

Photo Credit : 89 Mandalay Mee-Shay Facebook Page