ဒီရာသီ ချန်ပီယံလိဂ်မှာ အေဂျက်စ်အသင်းရဲ့ စွမ်းဆောင်ရည်ကတော့ အံ့မခန်းပဲ။ တစ်ချိန်က ဥရောပဘောလုံးလောကို လွှမ်းမိုးနိုင်ခဲ့တဲ့အသင်း၊ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ Total Football ကစားဟန်ကို ချပြခဲ့တဲ့အသင်း၊ ယိုဟန်ခရိုက်ဖ် Johan Cruyff က အစပြုလို့ နယ်သာလန်ရွှေရောင်မျိုးဆက်တွေကို မွေးထုတ်ပေးခဲ့တဲ့အသင်း။ နောက်ပိုင်းမှာ မျိုးဆက်တစ်ခုပြတ်တောက်သွားရာကနေ ဥရောပဘောလုံးရပ်ဝန်းမှာ နှစ်ပေါင်းအတော်ကြာတဲ့အထိ ကွယ်ပျောက်သွားခဲ့ပြီးမှ ဒီရာသီမှာ လူငယ်ကြယ်ပွင့်တွေရဲ့ တောက်ပမှုနဲ့အတူ ချန်ပီယံလိဂ်စင်မြင့်ထက်ကို ပြန်လည်ရောက်ရှိခဲ့တယ်။ ၁၉၉၆-၉၇ ရာသီမှာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ပြီးနောက်ပိုင်း အုပ်စုအဆင့်မှာသာ တ၀ဲလည်လည်ဖြစ်ခဲ့ရတဲ့ အေဂျက်စ်အသင်းဟာ (၂၂)နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်ဆိုတဲ့ အရသာကို ပြန်လည်ခံစားခွင့်ရခဲ့တယ်။

အဲဒီအတွက် လူတိုင်းရဲ့ပါးစပ်ဖျားမှာ နေရာယူခဲ့တာက ဖရန်ကီဒီယွန်း Frenkie de Jong ၊ ဒီလိဂ် Matthijs de Ligt စတဲ့ လူငယ်သွေးသစ်တွေရဲ့ အမည်တွေပါပဲ။ ဒါပေမဲ့ အေဂျက်စ်အသင်း ဒီရာသီ အောင်မြင်မှုတွေမှာ တစ်ထောင့်တစ်နေရာကနေ အကောင်းဆုံးပေးဆပ်ခဲ့တဲ့ ကွင်းလယ်လူ ဗန်ဒီဘိ Donny van de Beek ကတော့ အမေ့လျော့ခံ သူရဲကောင်းလို့ပြောရမယ်။ (၂၂)နှစ်သာရှိသေးတဲ့ နယ်သာလန်ကြယ်ပွင့်ဟာ တူရင်မြေမှာ ဂျူဗင်တပ်စ်တို့ကို ချေမှုန်းခဲ့တဲ့ပွဲတုန်းက အဖွင့်ဂိုးသွင်းခဲ့သလို၊ စပါးအသင်းရဲ့ ကွင်းသစ်ကြီးမှာ အိမ်ရှင်အသင်း ရေမြုပ်သွားအောင် အနိုင်ဂိုးသွင်းခဲ့သူပါပဲ။ ဗန်ဒီဘိဟာ အေဂျက်စ်အသင်းမှာ တခြားကစားသမားတွေလို ထင်ရှားချင်မှ ထင်ရှားပါလိမ့်မယ်၊ ဒါပေမဲ့ သူဟာ နည်းစနစ်ပိုင်းကြွယ်ဝပြီး အလားအလာကောင်းတဲ့ ကစားသမားဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ်မထင်ဘူး။ ၂၀၀၈ ခုနှစ်မှာ အေဂျက်စ်ယူ-၁၂ အသင်းကို စရောက်ခဲ့ပြီး နယ်သာလန်ဂန္ထ၀င်တိုက်စစ်မှူး ဘားကမ့် Dennis Bergkamp ရဲ့ လမ်းညွှန်မှုနဲ့အတူ မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းနိုင်ခဲ့တယ်။ ဘားကမ့်ဆီကနေ ဘောလုံးပညာရပ်တွေ သင်ယူခွင့်ရခဲ့ပြီး ဘားကမ့်ကိုယ်တိုင်က ဗန်ဒီဘိဟာ တစ်ချိန်ကျရင် အောင်မြင်တဲ့ ကစားသမားဖြစ်လာလိမ့်မယ်လို့ ကြိုတင်သုံးသပ်ခဲ့ဖူးတယ်။ “ဆရာကောင်း တပည့်ပန်းကောင်းပန်” ဆိုသလိုပဲ ဗန်ဒီဘိဟာ အခုဆိုရင် အေဂျက်စ်အသင်းနဲ့အတူ အောင်မြင်မှု လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းဖို့ စိုင်းပြင်းနေပြီ။

နယ်သာလန်နိုင်ငံ Nijkerkerveen မြို့ လယ်သမားမိသားစုမှာ မွေးဖွားခဲ့သူ ဗန်ဒီဘိဟာ ငယ်စဉ်တုန်းက အဖေဖြစ်သူ Andre က အေဂျက်စ်ပွဲတွေဆို သူ့သားကို ခေါ်ပြီး သွားကြည့်လေ့ရှိတာကြောင့် အေဂျက်စ်ပရိသတ် ဖြစ်မှန်းမသိဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အမေဖြစ်သူကတော့ သူမရဲ့သားကို ဘောလုံးသမားဖြစ်ဖို့ အားပေးခဲ့ဘူး။ အသက်(၁၁)နှစ်အရွယ်မှာပဲ နယ်သာလန်ထိပ်သီးကလပ်တွေက သူတို့ရဲ့အကယ်ဒမီမှာ ကစားဖို့ ဗန်ဒီဘိကို အပြိုင်ကမ်းလှမ်းခဲ့ကြတယ်။ ဗန်ဒိဘိကတော့ သူ့အဖေရဲ့ အကြံပေးချက်အတိုင်း အေဂျက်စ်အသင်းမှာပဲ ကစားဖို့ ဆုံးဖြတ်ခဲ့ပြီး ဒါဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ပြောရမယ်။ ဗန်ဒီဘိရဲ့ ခန္ဓာကိုယ်ဟာ အသက်အရွယ်နဲ့ မလိုက်အောင် ကြံ့ခိုင်ရခြင်းက အကြောင်းရှိပါတယ်။ အဲဒါကတော့ သူဟာ ရပ်ဘီအားကစားနဲ့ ဂျူဒိုကစားနည်းတွေမှာ ဆရာတွေရဲ့ အကူအညီရခဲ့လို့ပါပဲ။

ဗန်ဒီဘိရဲ့ ခြေစွမ်းက ဘယ်လောက် တောက်ပခဲ့လဲဆိုရင် အေဂျက်စ်ဂန္ထ၀င်ကစားသမား ယိုဟန်ခရိုက်ဖ်ကတောင် သတိပြုမိခဲ့ပြီး ဒီကောင်လေးဟာ တစ်ချိန်ချိန်ကျရင် ကြီးမားတဲ့အောင်မြင်မှု ရရှိလိမ့်မယ်လို့ ဗန်ဒီဘိရဲ့ဖခင်ကို ပြောခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ဆဲလ်တစ်နဲ့ကစားခဲ့တဲ့ပွဲမှာ အေဂျက်စ်အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး အခုဆိုရင် ယူရိုပါလိဂ်ဗိုလ်လုပွဲ၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲလို အဓိကပြိုင်ပွဲကြီးတွေမှာ ပါဝင်ကစားခွင့်ရခဲ့ပါပြီ။ ပြီးခဲ့တဲ့နွေရာသီတုန်းက စီးရီးအေ နာမည်ကျော်ကလပ် ရိုးမားအသင်းက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဗန်ဒီဘိကတော့ ငြင်းဆန်ခဲ့ပါတယ်။ ဗန်ဒီဘိရဲ့ အားသာချက်က Killer Pass တွေ ပေးတဲ့နေရာမှာ ကောင်းမွန်သလို ဘောလုံးဆွဲပြေးမှု (Dribbling) ကောင်းတာဖြစ်ပြီး တချို့ကတော့ ချယ်လ်ဆီးဂန္ထ၀င် လမ်းပတ် Frank Lampard နဲ့ ကစားပုံဆင်တူတယ်လို့ ခိုင်းနှိုင်းခဲ့ကြတယ်။ ဗန်ဒီဘိဟာ ဖရန်ကီဒီယွန်း၊ ဒီလိဂ်တို့လောက် လူပြောများတဲ့ ကစားသမား မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ ဒီထက်မကတဲ့ အောင်မြင်မှုတွေကို ရယူနိုင်မယ့် ကြယ်ပွင့်တစ်ဦးဖြစ်လာမယ်ဆိုကတော့ အသေအချာပါပဲ . . .

REF:Dream Team
Photo:en.onefootball,LifeBogger,Daily Mail,Isle of Wight County Press
Naing Linn(Akhayar)
www.akhayar.com