ရန်ကုန်မှာကတော့ နွေလည်းပူ ဆောင်းလည်းပူ မိုးလည်းအိုက်စပ်ပါပဲ။ ခုလို ဆောင်းရာသီရောက်နေတာတောင် ပူနေဆဲ ပူနေမြဲဆိုတာ အားလုံးခံစားရမယ်ထင်ပါရဲ့။ ဒီလို ကန္တာရရန်ကုန်ထဲ အိုအေစစ်နေရာတွေကို အဲကွန်းနဲ့ ဖန်တီးလာကြပါတယ်။ အိမ်မှာ၊ ကားပေါ်မှာ၊ အလုပ်မှာ၊ ရှော့ပင်းစင်တာမှာ ဘယ်နားနေနေ အဲကွန်းလေးနဲ့ထိတွေ့နေရသူတွေအဖို့ ဘာတွေသတိထားသင့်လဲဆိုတာ ရှာဖွေစဉ်းစားဖြစ်ပါတယ်။ စာဖတ်သူတွေအနေနဲ့လည်း အဲကွန်းထဲနေထိုင်နည်းနဲ့ပတ်သက်ပြီး သိမှတ်ထားတာလေးတွေရှိရင် Comment ကနေမျှဝေပေးပါဦး။

ဘာတွေဖြစ်တတ်လဲ

(၁) အပြင်ကနေ ပြန်လာချိန်မှာ အဲကွန်းခန်းထဲ ချက်ချင်းမဝင်သေးဘဲ အရိပ်မှာ ခဏနားပြီးမှ အထဲဝင်ပါ။ ချက်ချင်းဆိုသလို အပူချိန်အပြောင်းအလဲကို ခံစားရတဲ့အခါ ခေါင်းကိုက်ပြီး မအီမသာဖြစ်လာပါတယ်။ ကိုယ်ပြန်လာမှ အခန်းတံခါးဖွင့် အဲကွန်းဖွင့်တာမျိုးဆိုရင်လည်း Fan Mode အရင်ထားပြီးမှ တဖြည်းဖြည်း အေးမြပါစေ။ ပုံမှန်အားဖြင့် အပူချိန် ၂၃ံ C  ကအသင့်တော်ဆုံးအနေအထားလို့ ဆိုပါတယ်။  အဲကွန်းက အပူချိန်ကို လျှော့ဖို့ပဲ သုံးသင့်တာမျိုးပါ။ ဆောင်းရာသီအတု ဖန်တီးတာမျိုး အေးစက်နေအောင် အသုံးမချသင့်ပါဘူး။

(၂) အဲကွန်းက လေထဲကအစိုဓာတ်ကို ဖယ်ရှားပစ်တာမို့ ခြောက်သွေ့တဲ့လေကြောင့် ဖြစ်ပေါ်တဲ့ အရေပြား ခြောက်အာခေါင်ခြောက် ၊ နှုတ်ခမ်းအက်ကွဲ၊ မျက်စိယားယံစတဲ့ တစ်ကိုယ်လုံးခြောက်သွေ့တဲ့ပြဿနာနဲ့ အသက်ရှူလမ်းကြောင်းမှာ ပြဿနာဖြစ်တာမျိုးတွေ ကြုံတွေ့လာရပါတယ်။ ဒါတင်မကပါဘူး ဆံသားခြောက်တာ အဖျားနှစ်ခွဖြစ်တာတွေ တွေ့ရပါသေးတယ်။  ဒါကြောင့် လေထုစိုထိုင်းမှုကို ၆၀% ၇၀% တော့ရှိနေစေသင့်ပါတယ်။ အဲကွန်း Filter တွေကိုလည်း တစ်လတစ်ခါ၊ တစ်လခွဲတစ်ခါ သန့်စင်သင့်ပါတယ်။ အဲကွန်းကိုခြောက်လတစ်ကြိမ် ပြုပြင်ထိန်းသိမ်းမှုလုပ်ရပါမယ်။

အဲကွန်းမှာရှိနေတတ်တဲ့ မှိုနဲ့ ဘက်တီးရီးယားတွေကြောင့် အနံ့အသက်မကောင်းတာမျိုးတွေ ၊ အရေပြား အလာဂျီဖြစ်တာမျိုးတွေ ကြုံရတတ်တာမို့ သတိထားသင့်ပါတယ်။

You May Also Like :ဆောင်းတွင်းမနက်ခင်းမှာ လမ်းလျှောက်ဖို့အကောင်းဆုံးနေရာ (၃)ခု

ဘယ်လိုနေထိုင်မလဲ

– အဲကွန်းခန်းထဲအမြဲနေတတ်သူတွေ အဲကွန်းခန်းထဲ အလုပ်လုပ်နေရသူမျိုးဆိုရင် ရေများများသောက်ပေးသင့်ပါတယ်။

– အသားအရေ အတွက် အစိုဓာတ်ဖြည့်ပေးတဲ့ Lotion ကိုလိုအပ်ချိန်တိုင်း အရေပြားခြောက်သွေ့နေပြီလို့ ခံစားရချိန်တိုင်းလိမ်းပေးသင့်ပါတယ်။

– နှုတ်ခမ်းသားကိုလည်း Lip Balm လေးတွေနဲ့ အစိုဓာတ်ဖြည့်နေသင့်ပါတယ်။ ရနံ့ပြင်းတဲ့ Moisturizer တွေ ရေမွှေးတွေသိပ်မသုံးပါနဲ့။

– အလုပ်မှာအဲကွန်းက အေးလွန်းတယ်ဆိုရင် ပဝါပါးလေး ခြုံထားတာမျိုး ၊ အဲကွန်းတိုက်ရိုက်ကျတဲ့နေရာကို ရှောင်တာမျိုး လုပ်သင့်ပါတယ်။ ညအိပ်ချိန်မှာအဲကွန်းလျှော့အိပ်သင့်ပါတယ်။

– အိမ်ထဲမှာ အဲကွန်းအများကြီးမလိုအောင်  နေ့ခင်းဘက် အိမ်ကို တိုက်ရိုက်နေရောင်ကျတာမျိုး မရှိအောင် လိုက်ကာ ကာထားပါ။ အပြင်ကလေက ပူလွန်းနေရင် တံခါးပိတ်ထားပါ။ မီးဖိုထဲကနေ အပူငွေ့သိပ်မထွက်ရအောင် ချက်ပြုတ်တဲ့နေရာမှာ ဂရုပြုပါ။ အပူထွက်နည်းတဲ့မီးလုံးတွေ သုံးသင့်ပါတယ်။

– အိမ်မှာနေနေ ရုံးမှာနေနေ အဲကွန်းခန်းထဲပဲ တောက်လျှောက် မနေဘဲ ခဏတစ်ဖြုတ် အပြင်ထွက်ပါ။

ဂျူဂျူး (အခရာ)

www.akhayar.com