သိပြီးကြပြီလား မြေနီကုန်းမှာ Hot Pot ဆိုင်အသစ်ဖွင့်တာ ဈေးလည်း တဝက်လျှော့ထားတဲ့အပြင် အသားတွေလည်း စုံတယ်တဲ့။ သတင်းကြားပြီးတည်းက သွားချင်နေတဲ့ ကိုယ်တို့ အစားသမား Hot Pot သရဲတွေ ဒီလိုမျိုး ဈေးချထားလို့ကတော့ သွားဖို့ တာဆူပြီး ချက်ချင်းကို ရောက်ခဲ့ပါလေရောလေ။

ဆိုင်ကတော့ Hot Pot ကို အဝစားရောင်းတဲ့ Hot Pot Buffet ဆိုင်ကလေး။ ဆိုင်နာမည်က Aftertaste တဲ့ ။ လတ်တလော မြေနီကုန်းက Hot Pot ဆိုင်သစ်ဆိုပြီး နာမည်လည်းကြီးနေသလို သွားစားတဲ့သူတွေလည်း များလာပြီ။

ဘာလို့ နာမည်ကြီးလဲဆိုတော့ တစ်ယောက်ကို Hot Pot Buffet အဝစား ပုံမှန်ဈေး ၁၁၈၀၀ ကို ဒီလကုန်ထိ ၆၉၀၀ နဲ့ ဈေးချထားတာမို့တဲ့။ ၆၉၀၀ ဆိုတော့ အဝစားဆိုရင် တန်လွန်းနေပြီလေ။ Tax ပါ အပါမှ ၇၂၅၀ ပါတဲ့။ ဒါဆို စားကို စားသင့်သွားပြီ။

နေဦး ဟိုးထား…ဆိုင်မှာ ဘာအသားတွေရလဲဆိုတာကနေ အရင်ကြည့်ကြရအောင်။ ကြက်၊ဝက်၊ ဆိတ်သား၊ ဝက်အသည်း၊ကြက်အသည်းတွေ၊ ကြက်မဲအသားတောင်ပါသေးတယ်။ နောက်ကဏန်း၊ဂုံး၊ပုစွန်၊ငါး၊ ပြည်ကြီးငါးနဲ့ ကင်းမွန် တော်တော်စုံစုံစိစိပါတယ်။ ကြက်မဲအသားပါ ပါတာဆိုတော့ ဈေးက ခုအနေအထားကတော့ အရမ်းတန်နေပြီနော်။

အရွက်ကတော့ ဒီဆိုင်လောက်စုံတာမမြင်ဖူးဘူး။ မှိုဆို အပ်မှို၊ ငွေနှင်းမှို အမျိုးမျိုးပါတယ်။ မုန်ညင်း၊ကန်စွန်း၊ ဘူးညွှန့်၊ တာအိုး ရွှေပဲရွက်တွေကအစ အများကြီးပဲ။ ရေခဲသေတ္တာကြီးတစ်ထပ်လုံးစားချင်တဲ့အရွက်ကြိုက်သလောက်ယူလို့ရတယ်။ ဒါတော့ အကြိုက်ဆုံးပဲ။

နောက် အသားလုံးတွေဆို အစာသွပ်အသားလုံးတွေ၊ ကြက်၊ဝက်မှိုလုံးပုံစံအသားလုံးတွေနဲ့ တခြား အသားပြားတွေဘာညာစုံတယ်။ ရေစိမ်တွေရော၊ အသီးအရွက် ပြောစရာမလို ကျေနပ်စရာကြီး။

ပြောစရာလိုတာက ပင်လယ်စာက သိပ်မအေးလို့လားမသိ ကင်းမွန်နဲ့ ပြည်ကြီးငါး နည်းနည်းအနံ့ရတယ်။ ဆိတ်သားက ညှီတတ်တယ်။ ပုစွန်က သေးသေးလေးပဲရှိတယ်။ နောက်ပြီး အရံဟင်းကို လူရှင်းချိန်မှ ချက်ပြီးချပေးသတဲ့။ လူများနေချိန်အရံဟင်းစားစရာတွေ ချက်မပြီးသေးတာလည်း ပါမလားမသိ မချပေးဘူး။ အဲ့ဒီတော့ ဒီဈေးနဲ့ Hot Pot ပဲအဝသောက်ဆိုတဲ့သဘောပါပဲ။

အချဉ်ကတော့ မန်ကျည်းချဉ်ကိုအဓိကထားပြီး ကြိုက်သလိုစပ်ဖို့ အတန်းလိုက်ကြီးချပေးထားတယ်။

အအေးက ကိုလာ၊လိမ္မော်၊ စပါကလင်နဲ့ တခြားတရုတ်အအေးတစ်မျိုးရတယ်။ အအေးတွေအကုန် ကိုလာ၊လိမ္မော်တောင် သိပ်မစစ်သလိုပဲ။ ခပ်ချိုချိုကြီးနဲ့ အအေးအရသာမပေါ်ဘူး။

ဟင်းရည်အရသာကို ပြောပြရရင် မာလာအစပ်၊ ကယ်ဆီယမ်ဟင်းရည်အချို၊ ၂မျိုးစပ်ဟင်းရည် အမျိုးအစား လေးမျိုးလောက်ရတယ်။ အရည်အရသာရယ်၊ အချဉ်အရသာရယ်ကတော့ ဘာလိုလို့လိုနေမှန်းမသိဘူး။ အားမရဘူး။

ကျန်တာကတော့ ဝန်ထမ်းလေးတွေအကုန် သေချာဂရုစိုက်တယ်။ သွက်တယ်။ မှာသမျှ အကုန်ချပေးတယ်။ အချိန်တစ်နာရီခွဲအတွင်း အဝစား ဆိုပေမယ့် အချိန်ကို တကူးတကမမှတ်ထားပေးပါဘူး။ စိတ်ကြိုက်စားပဲ။

ဘဝင်မကျတာက လူများနေလို့ အရံဟင်းတွေမချပေးဘူးဆိုတာတချက်ပဲ။ ဒီအနေအထား ဒီအသားတွေနဲ့ ဒီဈေးနှုန်း ၆၉၀၀ က တော်တော်ကြီးတန်ပေမယ့် ၁၁၈၀၀ မှာ အရံဟင်းမချပေးတဲ့အခြေအနေနဲ့ဆို စိတ်တိုစရာဖြစ်မှာတော့ သေချာတယ်။

စိတ်ကျေနပ်စရာကောင်းတာကတော့ ဆေးပြီးသားခွက်တွေ၊ပန်းကန်အားလုံး အပူပေးတဲ့စက်နဲ့သေချာသန့်စင်တာရယ်၊ ဆိုင်အနေအထား ၂ထပ်လုံးသန့်နေတာပဲဆိုတော့ လူအများကြီးပြုံလည်း ဝန်ထမ်းလေးတွေ နိုင်နင်းတာက သဘောကျစရာပဲလေ။

ဒီလကုန်ထိ ၆၉၀၀+tax နဲ့ Discount ချနေတုန်းလေး အသားအစုံအလင်ကို အဝတမုန်းစားဖို့ ဗိုက်အိုးကားတဲ့သူ၊ အစာအိမ်ကျယ်တဲ့သူတွေကို အဖွဲ့လိုက်ကြီး ခေါ်သွားပြီး သွားစားသင့်တဲ့ဆိုင်လေးပါလို့။ မနက်ဖြန်တစ်ရက်ကျန်သေးတယ်ဆိုတော့ သွားသာစားကြည့်လိုက်တော့နော်။ နောက်လဆို ဒီဈေးနဲ့ ရဖို့ မသေချာတော့ဘူးလေ။

ဆိုင်နာမည်က “Aftertaste Hot Pot” နော်။ မြေနီကုန်း Strategy First ရဲ့ ဘယ်ဘက်ဘေးဘက်နားမှာ မနက် ၁၀ နာရီကနေ ည၁၀ နာရီထိဖွင့်နေပါပြီတဲ့။ကဲ…လစာထုတ်တာနဲ့ မြန်မြန်သာသွားစားတော့။

ချစ်လှစွာသော
FoodieEi (Akhayar)