လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်ပိုမိုတိုးတက်ကောင်းမွန်ပြီး ရာထူးတွေတိုး၊လစာတွေတိုးကာ အောင်မြင်တဲ့သူတွေ ဖြစ်ချင်ကြတာ လုပ်ငန်းခွင်ထဲမှာ ကျင်လည်နေတဲ့သူတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါ။

လူတိုင်းဟာ အလုပ်မှာ အောင်မြင်ချင်ဇောကြီးပြီး စိတ်လှုပ်ရှားလွန်ကာ အမှားတွေ လုပ်မိတတ်ကြတာမျိုးလည်း ရှိပါတယ်။ အဲ့ဒီလို အလွဲအမှားတွေ မလုပ်မိဖို့အတွက် နေ့စဉ်လုပ်ရမယ့်အလုပ်တွေကို စာရင်းပြုစုထားကာ တစ်ချက်ချင်း ပြုလုပ်သင့်သလို အလုပ်ရဲ့ စိတ်ဖိစီးမှုတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ အခုဖော်ပြပေးမယ့် Steve Jobs ရဲ့ လုပ်ငန်းစွမ်းဆောင်မှုဆိုင်ရာ အကြံပေးချက်တွေက အနည်းအကျဉ်း အကူအညီဖြစ်စေမယ်လို့ ထင်ပါတယ်။

နေ့စဉ်နဲ့အမျှ အသက်မွေးဝမ်းကြောင်းဆိုင်ရာ လှုပ်ရှားမှုများအောင်မြင်စေရန် Steve Jobs ပေးတဲ့အကြံဥာဏ်တွေထဲက အကြံဥာဏ်ကောင်းတချို့ကတော့…..

နေ့စဉ်လုပ်ငန်းခွင်မှာ ထပ်တလဲလဲ ပြောဆိုညည်းညူနေခြင်း မပြုလုပ်ရန်၊ လုပ်ဖော်ကိုင်ဘက်ကောင်းတွေဟာ အောင်မြင်မှုလှေကားကို တက်လှမ်းရာမှာ အထောက်အပံ့ကောင်းတွေ ဖြစ်တဲ့အတွက် ကတောက်ကဆများဖြစ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်ကာ Business Partner ကောင်းတွေ ဖြစ်အောင် ပြုမူနေထိုင်တတ်ဖို့ရန် အလွန်အရေးကြီးကြောင်း မျှဝေဖူးပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်မှာ ကျင်လည်ကျက်စားသူတွေ မလွဲမသွေ ကြုံတွေ့နိုင်တာတစ်ခုကတော့ စိတ်ဖိစီးမှုဖြစ်ပြီး စိတ်ဖိစီးမှုကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခြင်းကလည်း အောင်မြင်မှုအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေနိုင်ပါတယ်လို့လည်း နည်းပေးလမ်းပြဖူးပါတယ်။ နည်းပညာအထောက်အပံ့တွေကို ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်ခြင်းကလည်း အလုပ်တွေကို တိကျမှန်ကန်ကာ အမြန်ဆုံးပြီးမြောက်နိုင်အောင် ကူညီပေးနိုင်လို့ နည်းပညာတွေကို ကောင်းကောင်း အသုံးချနိုင်အောင် အလေ့အကျင့်လုပ်ထားဖို့ရန် လိုအပ်တယ်လို့လည်း အကြံဥာဏ်ပေးဖူးပါတယ်။

Steve Jobs ရဲ့အဖိုးတန် မျှဝေချက် နောက်တစ်ခုကတော့ Steve Jobs အနေနဲ့ 1997 ခုနှစ်များက Apple တွင် Developer အနေနဲ့ လုပ်ကိုင်စဉ်ကာလတုန်းက ထုတ်လုပ်နိုင်မှုစွမ်းအား တိုးတက်စေဖို့ အသုံးချခဲ့တဲ့ အရိုးရှင်းဆုံး နည်းလမ်းကောင်းတစ်ခုကတော့ ငြင်းဆိုတာပဲ ဖြစ်ပါတယ်။လူတစ်ချို့ထင်မြင်တာက ငြင်းဆိုမှုမပြုလုပ်တာဟာ   ပြဿနာကို အငြိမ်းချမ်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ ထင်မှတ်ကြပေမယ့် ငြင်းဆိုတတ်တာကပင် အချိန်တိုအတွင်း အလုပ်ပြီးမြောက်စေနိုင်တာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါ့ကြောင့် တစ်နေ့တာ လုပ်ငန်းဆောင်တာများကို ဦးစားပေးသတ်မှတ်ချက်အနေနဲ့ စီမည်ဆိုရင် ထောင်သောင်းမက လုပ်ငန်းဆောင်တာများအားပြီးဆုံးစေရန် ငြင်းဆိုတတ်ခြင်း အတတ်ပညာကို လေ့လာသင်ယူထားသင့်ပါတယ်။ အချိန်အားရလို့ ကူညီတာက ကိစ္စမရှိပေမယ့် အားနာလို့ ကိုယ်အချိန်ထဲကဖဲ့ပြီး ကူညီတာမျိုးတော့ လုံးဝမလုပ်မိစေပါနဲ့။

နောက်တစ်ချက်အနေနဲ့ကတော့ အရေးတကြီးမဟုတ်တဲ့ မေးလ်တွေကို မလိုအပ်ဘဲ မကြာခဏစစ်ဆေးခြင်း၊ကော်ဖီ Break မကြာခဏယူခြင်းနဲ့ Deadline မတိုင်ခင် အလုပ်ပြီးစီးအောင် ကြိုတင်စီမံထားခြင်းမရှိခြင်း အစရှိတာတွေ မပြုလုပ်မိစေရန် ကိုယ်လုပ်ရမယ့် အလုပ်ကို ကြိုတင်စနစ်တကျ စီစဉ်ထားသင့်ပါတယ်။အဲ့ဒီလိုစီစဉ်ထားမှသာ အလုပ်အများကြီး တစ်ချိန်တည်း စုပြုံလာတာမျိုး မဖြစ်တော့မှာပါ။

Steve Jobs လက်ကိုင်ကျင့်သုံးတဲ့ ငြင်းဆိုခြင်းအတတ်ပညာဟာ နေ့စဉ်လုပ်ငန်းခွင်မှာ အသုံးချဖို့ရန်အတွက် မလွယ်ကူသလို အခန့်မသင့်ရင် လုပ်ဖော်ကိုင်ဘက်များနဲ့ ကတောက်ကဆများဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ငြင်းဆိုတဲ့အခါမှာလည်း အခြေအနေ အချိန်အခါကိုကြည့်ပြီး ပညာသားပါပါနဲ့ ငြင်းဆိုတတ်မှ ယနေ့ခေတ်အသက်မွေးဝမ်းကြောင်းလုပ်ငန်းခွင်မှာ သူများတွေနဲ့ ယှဉ်ပြီး ရေရှည် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာ ကျင်လည်နေတဲ့သူတိုင်း Steve Jobs ရဲ့တန်ဖိုးရှိလှသော အကြံပြုချက်များဖြင့် ကိုယ်ရဲ့ စွမ်းဆောင်ရည်တွေ တိုးလာအောင်ကြိုးစားပြီး ရာထူးတွေ၊ လစာတွေတိုးတဲ့သူတွေ ဖြစ်လာနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

H.H(Akhayar)

www.akhayar.com