[Zawgyi]

အကယ်ဒမီရုပ်တုကို ရောင်းစားတဲ့ အနုပညာရှင်တွေက ဘယ်သူတွေလဲ

Oscar လို့ ခေါ်ကြတဲ့ ရုပ်ရှင်ထူးချွန်အကယ်ဒမီဆုဆိုတာ အနုပညာရှင်တွေအတွက် အိပ်မက်တစ်ခုလိုပါပဲ။ မြင်လွယ်အောင် ပြောရရင် ဂန္ထဝင်မင်းသားကြီးလို့ ဆိုနိုင်တဲ့ Peter O’Toole ဆိုရင် အမျိုးသားဇာတ်ဆောင်ဆုကို (၈) ကြိမ်အထိ ဆန်ခါတင်ဝင်ခဲ့ပေမယ့် တစ်ကြိမ်မှ မရခဲ့ပါဘူး။ ဒါ့အပြင် မင်းသားကြီး Tom Cruise ၊ Robert Downey Jr. ၊ Harrison Ford ၊ Johnny Depp ၊ Edward Norton နဲ့ John Travolta တို့ဆိုရင် ပြည်သူချစ်အနုပညာရှင်ဆိုပေမယ့် အခုချိန်ထိ အော်စကာဆု မရဖူးပါသေးပါဘူး။ ဂန္ထဝင်အနုပညာရှင်ကြီးတွေတောင် ရဖို့မလွယ်ကူတဲ့ အော်စကာဆုကို ရရှိပြီးမှ ရုပ်တုကို ပြန်ရောင်းစားတယ်ဆိုရင် အံ့သြသွားမလား။ အကယ်ဒမီရုပ်တုကို ပြန်ရောင်းစားဖူးတဲ့ အနုပညာရှင် (၁၅) ယောက်တောင် ရှိပါတယ်။

၁၉၂၉ခုနှစ် မေလ (၁၆) ရက်နေ့မှာ စတင်ပေးအပ်ခဲ့တဲ့ အကယ်ဒမီဆုကို အနုပညာရှင်တွေက ငြင်းပယ်ပိုင်ခွင့်ရှိပြီး လက်မခံလိုရင် အကယ်ဒမီအဖွဲ့အစည်းက ပြန်လည်ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ခံထားတဲ့ အကယ်ဒမီဆုကိုတော့ အနုပညာရှင်တွေရော သူ့ရဲ့အမွေဆက်ခံသူတွေဟာ ရောင်းချခွင့်မရှိဘဲ (တကယ်လို့) ရောင်းချလိုရင်လည်း အကယ်ဒမီအဖွဲ့အစည်းကို တစ်ဒေါ်လာနဲ့ ပြန်လည်ရောင်းချနိုင်ပါတယ်ဆိုတဲ့ စည်းမျဉ်းကို ၁၉၅ဝခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။ (၁၉၅ဝခုနှစ် နောက်ပိုင်းမှာရခဲ့တဲ့ အကယ်ဒမီရုပ်တုတွေကို ရောင်းချမယ်ဆိုရင် တရားဥပဒေနဲ့ ညိစွန်းတဲ့သဘောပါ။

(၁) Orson Welles

‘Citizen Kane (1941)’ ဆိုတဲ့ ဂန္ထဝင်ရုပ်ရှင်ကားကြီးနဲ့  Orson Welles က ဇာတ်ညွှန်းအကယ်ဒမီဆုကို ၁၉၄၂ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ၂ဝ၁၁ခုနှစ် ဒီဇင်ဘာလမှာ သူ့မျိုးဆက်တွေက အကယ်ဒမီရုပ်တုကို ၈၆၁, ၅၄၂ ဒေါ်လာနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။ အကယ်ဒမီအဖွဲ့က တရားစွဲဆိုခဲ့ပေမယ့် Orson Welles ဟာ အော်စကာရုပ်တုကို ပြန်လည်ပေးအပ်မယ်လို့ လက်မှတ်ထိုးမထားတဲ့အတွက် သူ့မျိုးဆက်တွေက အနိုင်ရသွားပါတယ်။

Orson Welles

Orson Welles

(၂) Harold Russell

‘The Best Years of Our Lives (1946)’ ဇာတ်ကားနဲ့ ၁၉၄၇ခုနှစ်မှာ အမျိုးသားဇာတ်ပို့ဆုရခဲ့တဲ့ မင်းသားကြီး Harold Russell  ဟာ သူ့ဇနီးအတွက် ဆေးဖိုးလိုအပ်တာကြောင့် ၁၉၉၂ခုနှစ်မှာ အကယ်ဒမီရုပ်တုကို ၆ဝဝ, ၅ဝဝ ဒေါ်လာနဲ့ ရောင်းချခဲ့ပါတယ်။ တချို့လူတွေက ဆုတံဆိပ်ကို ရောင်းပစ်ရကောင်းလားဆိုပြီး ဝေဖန်သံတွေ ထွက်လာခဲ့ပေမယ့် မင်းသားကြီးက “ကျွန်တော့်ဇနီးရဲ့အသက်ထက် တခြားဘာအရေးကြီးဦးမှာလဲ။ ရုပ်တုမရှိတော့ပေမယ့် ကျွန်တော့်ရုပ်ရှင်ကားတွေက ရှိနေဦးမှာပဲလေ” လို့ ပြောဆိုခဲ့ပါတယ်။

Harold Russell

Harold Russell

(၃) Ronald Colman

အင်္ဂလိပ်မင်းသားကြီး Ronald Colman ဟာ ‘A Double Life (1947)’ ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆုကို ၁၉၄၈ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ၂ဝဝ၂ ခုနှစ်မှာ သူ့ရဲ့မျိုးဆက်တွေဟာ အကယ်ဒမီရုပ်တုကို ဒေါ်လာ ၁၇၄, ၅ဝဝ နဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။

Ronald Colman

Ronald Colman

(၄) Norman Taurog

Norman Taurog ဟာ ‘Skippy (1931)’ ဇာတ်ကားနဲ့ အကောင်းဆုံးဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူဟာ (၃၂) နှစ်သာ ရှိသေးတဲ့အတွက် အသက်ငယ်ဆုံးအော်စကာဆုရှင်ဒါရိုက်တာအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ (သူ့စံချိန်ကို La La Land (2016) ရဲ့ ဒါရိုက်တာ Damien Chazelle  က ချိုးဖျက်သွားပါတယ်။) ဒါပေမယ့် သူ့မျိုးဆက်တွေက အကယ်ဒမီရုပ်တုကို ဒေါ်လာ ၃ဝ၁, ၉၇၃ ဒေါ်လာနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။

Norman Taurog

Norman Taurog

(၅) Fox Film Corporation

‘Cavalcade (1933)’ ဟာ Fox Film Corporation ရဲ့ပထမဆုံးအကယ်ဒမီဆုရတဲ့ ဇာတ်ကားလို့တောင် ဆိုနိုင်ပါတယ်။ ဘာကြောင့်မှန်းမသိ ထုတ်လုပ်ရေးဟာ သူတို့ရခဲ့တဲ့ အကယ်ဒမီရုပ်တုကို ဒေါ်လာ ၃၃၂, ၁၆၅ နဲ့ ရောင်းချခဲ့ပါတယ်။ (၁၉၂၉ စီးပွားရေးကပ်ပျက်မှာ Fox Film Corporation ဟာ ငွေကြေးအခက်အခဲဖြစ်လာပြီး ၁၉၃၅ခုနှစ်မှာ Twentieth Century Pictures နဲ့ ပေါင်းစပ်ကာ 20th Century Fox ကို တည်ထောင်လိုက်ကြပါတယ်။)

Fox Film Corporation

Fox Film Corporation

အကယ်ဒမီရုပ်တုကို ပြန်ရောင်းစားဖူးတဲ့ အနုပညာရှင် (၁၅) ယောက်အနက်မှ စိတ်ဝင်စားဖွယ်ရာဖြစ်တဲ့ (၅) ယောက်အကြောင်းကိုပဲ ရွေးချယ်ဖော်ပြခဲ့တာဖြစ်ပါတယ်။ အားလုံးကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အကယ်ဒမီဆုပေးပွဲကို မတက်ရောက်တဲ့ အနုပညာရှင်တွေအကြောင်းကို အသေးစိပ်ဖတ်ရှုနိုင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com