ဒီနေ့ Akhayar-Lifestyle ရဲ့ မိန်းကလေးပရိသတ်တွေကို မိတ်ဆက်ပေးချင်တဲ့ပစ္စည်းလေးတစ်ခုရှိပါတယ်။ အဲဒီ့ပစ္စည်းလေးကို မမိတ်ဆက်ပေးခင် မေးခွန်းလေးတစ်ခုလောက်တော့ မေးခွင့်ပေးပါနော်။

အမျိုးသမီးသဘာဝ လစဉ်ဓမ္မတာလာတဲ့အချိန်မှာ အိမ်ထဲမှာပဲ နေချင်တဲ့သူလား ဒါမှမဟုတ် အပြင်မထွက်မဖြစ် ထွက်နေရသူလား။

သေချာပါတယ်။ အိမ်မှာပဲနေနေ၊ အပြင်ပဲထွက်ထွက် Pad ကိုတော့ သုံးကြရမှာပါပဲ။ ဒါမှမဟုတ် Tampon ပေါ့။ ဒီတော့ အခု အခရာမိန်းကလေးပရိသတ်တွေနဲ့ မိတ်ဆက်ပေးမယ့်ပစ္စည်းကတော့ မြန်မာပြည်မှာ အသုံးနည်းသေးပေမယ့် အသုံးဝင်လွန်းတဲ့ Menstrual Cup ပါပဲ။ ဒီတော့ အတူတူစလေ့လာကြည့်ကြရအောင်နော်။

Menstrual Cup ကို ဘာကြောင့်သုံးသင့်လဲ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီ Pad နဲ့ Tampon ဆိုတာဟာဆိုရင် အချိန်နဲ့အမျှ အမြဲလဲနေရပါတယ်။ ဒါကြောင့် အမှိုက်နဲ့ ထုတ်ပိုးမှုအပေါ်မူတည်ပြီး အနည်းနဲ့အများပါဝင်တဲ့ ပလက်စတစ်တွေကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်စေတာ အသေအချာပါပဲ။ တစ်ရက်ကို အနည်းဆုံး (၂) ခု အသုံးပြုရတဲ့အတွက် မိန်းကလေးတစ်ယောက် ဓမ္မတာလာပြီဆိုရင် အနည်းဆုံး စွန့်ပစ်အမှိုက်နဲ့ ပလက်စတစ် (၆) ခုလောက် ထွက်လာပါပြီ။ နောက်တစ်ချက်ကတော့ ဒီ Pad နဲ့ Tampon တွေက အခန့်မသင့်ရင် ယိုစိမ့်မှုကို ဖြစ်စေပြီး အရုပ်ဆိုးစေနိုင်ပါသေးတယ်။ Menstrual Cup ဟာ တစ်ခုဝယ်ထားပြီးရင် ကိုယ်ကိုင်တွယ်အသုံးပြုတဲ့ပုံအပေါ်မူတည်ပြီး အများဆုံး (၁၀) နှစ်အထိ အသုံးခံပါတယ်။ စွန့်ပစ်ပစ္စည်းတွေ တစ်လတစ်ခါ အများကြီးထွက်လာတော့မှာမဟုတ်သလို ကုန်ကျစရိတ်ကို တွက်ကြည့်မယ်ဆိုရင်လည်း တစ်ခါရင်းပြီးရင် ထပ်ဝယ်ဖို့မလိုအပ်တော့ပါဘူး။

Menstrual Cup ကို ဘယ်လိုရွေးချယ်ရမလဲ။

သူက ဆိုဒ် (၂) ဆိုဒ် လာပါတယ်။ ကိုယ့်ရဲ့ ပုံမှန်ရာသီသွေးအနည်းအများအပေါ်မူတည်ပြီး ဆိုဒ်ရွေးချယ်ရမှာပါ။ ဆိုဒ်သေးကတော့ တစ်ကြိမ်ကို ရာသီသွေး ၀.၈၅ အောင်စ ထိန်းသိမ်းပေးထားနိုင်ပြီး ဆိုဒ်ကြီးကတော့ ၁ အောင်စအထိ ထိန်းသိမ်းပေးထားနိုင်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့်ဆိုရင် ဆိုဒ်သေးဟာ ပုံမှန်ရာသီသွေးလာတတ်သူမိန်းကလေးတွေအတွက် အဆင်ပြေမှာဖြစ်ပြီး ဆိုဒ်ကြီးကတော့ ရာသီသွေးများများလာတတ်တဲ့မိန်းကလေးတွေနဲ့ ပိုအဆင်ပြေမှာပါ။ ဒီနေရာမှာ ရာသီသွေးတစ်မျိုးတည်းကိုမကြည့်ဘဲ ကိုယ့်ရဲ့ ဆီးအိတ်က ထိလွယ်ရှလွယ်ဖြစ်နေလား၊ မိန်းမကိုယ်ကြွက်သားတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်အားနဲ့ သားအိမ်ခေါင်းအကျဉ်းအကျယ်ပေါ်မူတည်ပြီးလည်း ရွေးချယ်ရတာမျိုးရှိတဲ့အတွက်ကြောင့် အလုပ်ရှုပ်တယ်လို့သဘောမထားဘဲ Menstrual Cup အသုံးပြုတော့မယ်ဆိုရင် သားဖွားမီးယပ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အကြံပြုချင်ပါတယ်။ (၁၀) နှစ်စလုံးအတွက် (၁) ခါပဲ သွားရမှာဆိုတော့ တွေဝေမနေသင့်ပါဘူးနော်။

Menstrual Cup ကို ဘယ်လိုသုံးရမလဲ။

ဘာကိုပဲသုံးသုံးပါ။ နူးညံ့တဲ့ကိုယ်ခန္ဒာအစိတ်အပိုင်းကို မထိတွေ့ခင် လက်နှစ်ဖက်ကို သန့်ရှင်းအောင် ဆေးကြောဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ ရေနွေးထဲမှာ ကိုယ်သုံးမယ့် Menstrual Cup ကို ထည့်ပြီး (၅) မိနစ်ကနေ (၇) မိနစ်အထိ စိမ်ပြီး ပိုးသတ်ပေးပါ။ ထည့်မယ့်အခါတိုင်းမှာ အခုလိုလုပ်ပေးဖို့ မမေ့ပါနဲ့။ Menstrual Cup အေးသွားတဲ့အခါမှာတော့ ပုံမှာပြထားတဲ့အတိုင်း ပစ္စည်းလေးကို ကွေးလိုက်ပြီး ဆောင့်ကြောင့်ထိုင်ရင်း ကိုယ် သက်တောင့်သက်သာဖြစ်တဲ့အခြေအနေနဲ့ ထည့်လွယ်မယ့်အခြေအနေအတိုင်း ခြေထောက်ကိုထားပြီး လက်တစ်ဖက်က မိန်းမကိုယ်နှုတ်ခမ်းဝကို ချဲ့လိုက်ပါ။ ပြီးရင်တော့ မိန်းမကိုယ်ကြွက်သားတွေကို ဖြေလျော့ထားပြီး Menstrual Cup ကို မိန်းမကိုယ်ထဲ လုံးလုံးဝင်သွားတဲ့အထိ ထည့်ပေးလိုက်ရုံပါပဲ။ ထည့်ပြီးသွားရင်တော့ ပုံစံတကျဝင်ရောက်သွားမှုရှိမရှိ၊ ဆီးသွားလို့ အဆင်ပြေမပြေနဲ့ နေသာထိုင်သာရှိမရှိ စစ်ဆေးပေးပြီးရင်တော့ အရာရာစိတ်ချရပါပြီနော်။ ပြန်ထုတ်ချင်တဲ့အချိန်ကျရင်လည်း ခုနကလုပ်ခဲ့သလိုမျိုး ဆောင့်ကြောင့်ထိုင်ပြီး Menstrual Cup ရဲ့ အောက်ခြေကို လက်နဲ့ဆွဲကိုင်လိုက်ပြီး ညင်ညင်သာသာပြန်လည်ထုတ်ယူလို့ရပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်းပါပဲ။

Menstrual Cup ကို ဘယ်လိုသိမ်းဆည်းမလဲ။

သုံးပြီးတဲ့အခါ Menstrual Cup ကို ရေအေးနဲ့တစ်ခါ၊ ပိုးသတ်အောင် ရေနွေးနဲ့တစ်ခါ ဆပ်ပြာသုံးပြီး ဆေးကြောသန့်စင်ပြီးသွားတာနဲ့ ကိုယ် သတိရလွယ်ပြီး သန့်ရှင်းတဲ့နေရာတစ်ခုခုမှာ ထည့်သိမ်းထားလိုက်ရုံပါပဲ။

Menstrual Cup ကို သုံးစွဲဖို့ ဘာတွေသတိထားရမလဲ။

သန့်ရှင်းဖို့က နံပတ် (၁) ပါပဲ။ ပြီးရင် (၆)နာရီပြည့်ရင် ပြန်လည်ဆေးကြောသန့်စင်ပြီးမှ ပြန်ထည့်ဖို့ မမေ့ပါနဲ့နော်။ သားအိမ်ရောဂါရှိတဲ့သူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာမေးမြန်းတိုင်ပင်ပြီးမှ သုံးစွဲဖို့ အကြံပေးချင်ပါတယ်နော်။

Menstrual Cup ကို ဘယ်လိုဝယ်ရမလဲ။

ရန်ကုန်မှာကတော့ Zeek Online Store မှာ ရတယ်လို့ သိထားပါတယ်။ ဈေးကတော့ (၁၅၀၀၀) ကျပ်ကနေ (၂၅၀၀၀) ကျပ်အထိ ပေးရပါတယ်။

မိန်းကလေးတွေအများစုဟာ Menstrual Cup သုံးရတာကို အန္တရာယ်များပြီး စိတ်ညစ်စရာကောင်းတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ အသုံးပြုလာတဲ့အချိန်ကြာလေ အသားကျပြီး လွတ်လပ်ပေါ့ပါးလာလေပါပဲ။ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုလည်း အကူအညီပေးရာရောက်တယ်။ ငွေရေးကြေးရေးကိုလည်း သက်သာစေတယ်။ သန့်ရှင်းပြီး စိတ်ချရမှုလည်း အပြည့်ရှိတဲ့ Menstrual Cup ကို သုံးကြည့်ကြဖို့ Akhayar-Lifestyle ရဲ့ မိန်းကလေးပရိသတ်တွေအားလုံးကို တိုက်တွန်းလိုက်ပါရစေနော်။

Moethaesay (Akhayar)