နွေရာသီ နေပူပူထဲ ဘယ်နေရာမှာ ရေစိမ်ရင်ကောင်းမလဲစဉ်းစားရင်း မရောက်ဖူးသေးတဲ့နေရာတစ်ခုဖြစ်တဲ့ သာကေတက Yangon Waterboom ကို ဒိုးဖို့အာရုံရလာပါတယ်။ Waterboom အကြောင်းကလည်း စဖွင့်တာရော ပြန်ပိတ်ပြီး ပြန်ဖွင့်ရတာရော ဈေးနှုန်းလေးတွေလည်း ကြားဖူးနားဝရှိပြီးသားမို့ သေသေချာချာပြင်ဆင်သွားဖို့ စိတ်ကူးမိပါတယ်။

စုံစမ်းမယ်

Waterboom ရဲ့ဝင်ကြေးက တစ်ယောက်ကို နှစ်သောင်း၊ နှစ်သောင်းခွဲရှိတယ်ဆိုတာကတော့ ကြားဖူးပြီးသားပါ။ ဒါပေမဲ့ တိတိကျကျ ပိုသိစေဖို့ Waterboom Facebook Page ကိုမွှေနှောက်ဖြစ်ပါတယ်။ Facebook Page မှာတော့  Information စုံစုံလင်လင်ရေးထားတာတွေ့ရပါတယ်။ တခြားသူတွေရဲ့ Comment တွေလည်း လိုက်ဖတ်ကြည့်တော့ဘာတွေပြင်ဆင်ရမလဲဆိုတာ နည်းနည်းတော့သိသွားတာပေါ့။

ကံကောင်းတာက ဒီမတ်လကုန်အထိ လက်မှတ် တစ်စောင်ဝယ် တစ်စောင်အပိုရတဲ့ ပရိုမိုးရှင်းရှိနေတာမို့ ငွေကုန်ကြေးကျ အတော်သက်သာပါတယ်။ ဒီ  Free Ticket ကို ရဖို့ Online ကနေကြိုပြီး Registration လုပ်ရပါတယ်။ ဘယ် Link ကနေလုပ်ရမလဲဆိုတာကို သူတို့  Facebook Page Message ကနေ မေးတော့ ၅ မိနစ်အကြာမှာ Link လေးပေးပါတယ်။ အဲဒီ Link ကနေ ဖောင်လေးဖြည့် Survey မေးခွန်းလေးတွေဖြေတော့ လွယ်လွယ်ကူကူပဲ Code နံပါတ်လေးကျလာပါတယ်။ ဒီ Code နံပါတ်ကို ကိုယ်သွားချိန်မှာ Cashier ကောင်တာမှာ ပြသရမှာဖြစ်ပါတယ်။

နေရာနဲ့အချိန်

Water Boom တည်ရှိရာနေရာကတော့ အရင်သာကေတရှုခင်းသာနေရာပဲဖြစ်ပါတယ်။ ယမုံနာလမ်း ၊ ဒေါပုံလို့ရေးထားလို့ ရှာရခက်မနေဘဲ ကားငှားမယ်ဆို ရှုခင်းသာလို့သာ ပြောလိုက်ပါ။ သွားရတာ အဆင်ပြေသွားပါလိမ့်မယ်။ တနင်္လာနေ့ပုံမှန်ပိတ်ပါတယ်။ ဖွင့်ချိန်ကတော့ မနက် ၉ နာရီကနေ ညနေ ၆ နာရီခွဲအထိဖြစ်ပါတယ်။

လက်မှတ်ဈေးနှုန်း

 လက်မှတ်ဈေးနှုန်းတွေကတော့ စနေ ၊ တနင်္ဂနွေဆိုရင် ၅၀၀၀ စီ ပိုများပါတယ်။ ကြားရက်မှာ လူကြီး ၂၀၀၀၀ ကျပ် ၊ ကလေး ၁၅၀၀၀ ကျပ်ဖြစ်ပြီး စနေ ၊ တနင်္ဂနွေမှာတော့ လူကြီး တစ်ယောက် ၂၅၀၀၀ ၊ ကလေးတစ်ယောက် ၂၀၀၀၀ ကျပ်ဖြစ်ပါတယ်။ အရပ် ၄ ပေ အထက်ဆိုရင် လူကြီးလက်မှတ်ဝယ်ရပါတယ်။ ဒီလို ၂၅၀၀၀ နဲ့ဝယ်လိုက်ပြီဆိုရင် အဲဒီမှာရှိတဲ့ ကစားနည်း ၁၁ မျိုးကို ကစားနိုင်ပါတယ်။ အဲလိုမဟုတ်ဘဲ ပိုက်ဆံထပ်ပေးပြီးကစားရတဲ့ ကစားနည်းတချို့လည်းရှိပါသေးတယ်။

လက်မှတ်ဝယ်ရတာနဲ့ Code ပြပြီး Free Ticket ထုတ်ယူရတာလည်း အဆင်ပြေပါတယ်။ ကိုယ်ရထားတဲ့ Code နံပါတ်က တစ်ခုခုအဆင်မပြေမှားယွင်းနေခဲ့ရင်လည်း သူတို့ဆီမှာ အဆင်သင့်ရှိတဲ့ Code နံပါတ်ကိုပေးပြီး Free Ticket တစ်စောင် ထပ်ပေးပါတယ်။

ဘာတွေယူသွားမလဲ

ရေဆော့မယ်ဆိုရင် ရေကူးဝတ်စုံ မဖြစ်မနေဝတ်ရမယ်ဆိုပေမယ့် ရေကူးဝတ်စုံစစ်စစ်မဟုတ်ဘဲ တီရှပ်အကျပ် အသားကပ်ဘောင်းဘီနဲ့ဆိုရင်လည်း ကူးခွင့်ပြုပါတယ်။

ကစားကွင်းထဲမှာ တစ်နေရာကနေ တစ်နေရာကိုသွားရင် နည်းနည်းတော့ ဝေးတဲ့အပြင်နေပူတာကြောင့် ထီး ၊ ဦးထုပ်လေးတွေတော့ ဆောင်သင့်ပါတယ်။ ရေကူးဝတ်စုံ ၊ တဘက် ၊ ဆပ်ပြာ ၊ ခေါင်းလျှော်ရည် ၊ Lotion လေးတွေ သယ်သွားရင်တော့ ပိုအဆင်ပြေပါတယ်။ သူတို့ဆီမှာလည်း ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေကို ရေချိုးခန်းမှာ ထားတာတွေ့ရပါတယ်။ တဘက်တွေလည်း ၃၀၀၀ ကျပ်နဲ့ငှားလို့ရပါတယ်။ ရေကူးဝတ်စုံတော့ မငှားပေးပါဘူး။ ဝယ်ရင် ၁၅၀၀၀၊ ၂၀၀၀၀ ရှိပါတယ်။ ငှားခတွေက Locker ဆိုရင် ၃၀၀၀ တန်ကနေစရှိပါတယ်။ Family အတွက်ဆို ၅၀၀၀ တန်လောက်မှ အဆင်ပြေပါတယ်။

ကစားကွင်းထဲကို ရေ ၊ အအေး ၊ Snacks လေးတွေမှအစ ဘယ်လိုအစားအသောက်မျိုးမှ ယူသွားလို့မရပါဘူး။ အကုန် အထဲမှာပဲ ဝယ်စားရပါတယ်။

Deposit Money ဘယ်လိုသုံးလဲ

အထဲရောက်သွားတာနဲ့ သွားလာစားသောက်ဖို့ ၊ Locker ငှားဖို့ ၊ အခြားသော ငွေထပ်ပေးရတဲ့ကစားနည်းတွေကစားနိုင်ဖို့ စတဲ့ အထွေထွေအသုံးစရိတ်အတွက် Deposit Money အနည်းဆုံး ၂ သောင်းသွင်းထားရပါတယ်။ အများဆုံး ၂ သိန်း အထိသွင်းနိုင်ပါတယ်။ ဒီလိုသွင်းလိုက်ရင် သူတို့က ကိုယ့်နာမည်အတိုကောက်မှတ်ထားတဲ့ လက်ပတ်လေးပေးပါတယ်။ ဒီလက်ပတ်လေးနဲ့ နာမည်အတိုကောက်ကိုပြောလိုက်တာနဲ့ မုန့်စားတာ ကစားတာတွေအပြင် Spa မှာခေါင်းလျှော်တာတို့ နားနေဖို့အခန်းငှားတာတို့စတဲ့နေရာတွေမှာလည်း သုံးနိုင်ပါတယ်။ ပိုတဲ့ပိုက်ဆံကို ကစားကွင်းကနေပြန်မယ်ဆိုတဲ့အချိန်မှာ Cashier ကပြန်ထုတ်ပေးပါတယ်။

ကစားနည်းတွေ မိုက် မမိုက်

လက်မှတ် ဝယ်ထားပြီးပြီဆိုရင် ကစားနည်း ၁၁ မျိုးကစားနိုင်ပါပြီ။ Water House ၊ Wave Pool ၊Tornado & Python ၊ Kiddy Pool ၊The Dome & Outbound ၊ Octopus & Aqualoop ၊ Speed Slide & Free Fall ၊ ပိန်ပေါင်တင်းနစ် ၊ ဖူဆယ်ကွင်း စသဖြင့်ရှိပါတယ်။

ရေလွှာလျှောစီး ပြေးလွှားဆော့ရတဲ့ ရေကူးကန်တွေကတော့ ကလေးနဲ့ လူကြီး နှစ်မျိုးခွဲထားပါတယ်။ ရေတွေက အေးပြီးကြည်ပါတယ်။ ကစားတဲ့နေရာမှာ တချို့ရေလွှာလျှောစီးတာတောင်မှ ကြောက်တတ်သူတွေအတွက် ရင်တုန်ပန်းတုန်းဖြစ်စေမယ့်လျှောတွေရှိပါတယ်။

ဒါကြောင့် ကိုယ်ကကြောက်တတ်သူဆိုရင် သေသေချာချာချိန်ဆပြီးမှ စီးစေချင်ပါတယ်။

တချို့ကစားနည်းတွေက တစ်ယောက်တည်းကစားနိုင်သလို တချို့နည်းတွေက အဖွဲ့လိုက်ဆော့မှ အဆင်ပြေတာတွေရှိပါတယ်။

ဘယ်သူပဲဖြစ်ဖြစ် လိုက်ဆော့နိုင်တဲ့နေရာတွေကတော့ရေစီးကြောင်းလေးအတိုင်းမျောစီးရတဲ့ Lazy River နဲ့ Octopus Slide ၊ Aqua loop Slide  တွေပါပဲ။ ပြီးတော့ လှိုင်းအတုကလည်းရေစိမ်လို့ကောင်းပါတယ်။

Service

Service အနေနဲ့ကတော့ ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးကောင်းပါတယ်။ ကစားနည်းတစ်ခုချင်းစီမှာ အချက်အလက်တွေ ပြည့်ပြည့်စုံစုံ ရှင်းရှင်းလင်းလင်းရေးထားတာမို့ သဘောကျပါတယ်။

ကစားသူတွေကို စောင့်ကြည့်ပေးနေတဲ့ လုံခြုံရေးဝန်ထမ်းတွေလည်း မျှမျှတတတော့ရှိပါတယ်။

အထူးသဖြင့် အန္တရာယ်များတဲ့ ကစားနည်းတွေမှာ ပိုပြီးဂရုစိုက်ပေးပါတယ်။ လူနည်းနေလို့လားတော့ မသိပါဘူး။ အသက်ကယ်ဝတ်စုံတွေလည်း အများကြီးပါ။ တစ်နေကုန်စိတ်ကြိုက်ဆော့နိုင်တာကလည်း ရေကြိုက်သူတွေအတွက်တော့ သဘောကျစရာပါ။

စားသောက်ဆိုင်တွေကတော့ ရွှေရသာ ၊ Zephyr ၊ Little Tokyo ၊ K Kitchen ၊ Win Food ၊ Parami Pizza ၊ +95 Express ၊ I Soul ၊ Sri Wan Tar  တို့ရှိပါတယ်။

အားနည်းချက် 

 ကွင်းပြင်ကြီးမှာ တည်ဆောက်ထားတာဖြစ်လို့ နည်းနည်းတော့ပူပါတယ်။ လူကြီးတွေအတွက်တော့ ကစားနည်းတွေက ကြာရင်ပျင်းလာတတ်ပါတယ်။ ကလေးတွေကတော့ အတော်ပျော်ကြတာတွေ့ရပါတယ်။

ဝင်ကြေး ၂၀၀၀၀ ၊ ၂၅၀၀၀၀ ပေးပြီးချိန်မှာ Locker ထပ်ငှားရတာမျိုးတော့မဖြစ်ချင်ပါဘူး။ ကစားနည်း ၁၁ မျိုးအပြင် တခြားသောကစားနည်းတွေအတွက် ပိုက်ဆံထပ်ပေးရတာမျိုးတွေကတော့ မတန်ဘူးလို့ယူဆပါတယ်။

ရေ အအေးကအစ ယူလို့မရတဲ့အတွက်ပိုက်ဆံပိုကုန်ပါတယ်။ စားသောက်ဆိုင်တွေမှာတော့ ပေါ့ပေါ့ပါးပါး မြန်မြန်ဆန်ဆန်စားဖို့ လွယ်တာမျိုး သိပ်မရှိတာတွေ့ရပါတယ်။

ဂျူဂျူး(အခရာ)

www.akhayar.com