လတ်တလော တရုတ်တန်းရဲ့ အမိုက်ဆုံးဘားသစ် A150 Chinatown Bistro

ဒီတလော Facebook ပေါ်မှာ နီနီနီနီနဲ့ တော်တော်ကြီးကို နာမည်ကြီးနေတဲ့ Bar တစ်ခုကို ရောက်တုန်းရောက်ခိုက် ရူးခါနေအောင်ကို လှတဲ့ အပြင်အဆင်တွေ၊ တရုတ်ရိုးရာအငွေ့အသက်တွေ ကြား လွင့်မျောခဲ့ရတဲ့အကြောင်းလေး ပြောပြပါရစေ ဗျာတို့ရေ။

A 150 Chinatown Bistro တဲ့။ မဟာဗန္ဓုလလမ်းနဲ့ အနော်ရထာလမ်းကြား ၁၉ လမ်း အပေါ်ဘလောက်က နီရဲနေတဲ့ တရုတ်ရိုးရာအငွေ့သက်တွေနဲ့ Bar အသစ်လေးပါပဲပေါ့။

အပြင်ဘက်က တရုတ်ရိုးရာအိမ်တွေလို ဘုံကျောင်းအဝလို တံခါးနီနီနဲ့ မီးအိမ်လေးတွေနဲ့ ခပ်ရိုးရိုးပြင်ဆင်ထားတော့ စိတ်ထဲထူးထူးခြားခြားမခံစားရသမျှ ဆိုင်ထဲခြေတစ်လှမ်းအချမှာတင် ကြွေသွားပါရောလား။

အနုပညာဆန်ဆန်ပြောရရင် တစ်ဆိုင်လုံးကိုဖြန့်ကျက်ထားတာက အနီနဲ့အနက်ရောင် အလင်းရောင်မှိန်မှိန်ကြားက စိတ္တဇဆန်ဆန် အုတ်နံရံတွေ၊ မီးအိမ်တွေ၊ နံရံထက်က ရှေးခေတ်တရုတ်လူမျိုးတွေ၊သူရဲကောင်းတွေရဲ့ ပန်းချီကားတွေ…အရာရာက အိုမင်းဆွေးမြေ့မှုနဲ့ အနုပညာသက်ဝင်စီးမျောမှု ဈာန်အဟုန် လွန်ဆွဲနေကြသလို။ စိတ်အာရုံတစ်ခုလုံးကို ညို့ငင်လိုက်တာများ ဒီနေရာက ရန်ကုန်က Bar တစ်ခုလို့ လုံးဝလက်ခံချင်စရာမရှိတော့အောင်ကို စီးမျောသွားမိစေတာ။

ဆိုင်အောက်ဘက်ကို Bar တစ်ခုပုံစံ ဖန်တီးထားပြီး အပေါ်ထပ်ကိုတော့ ပြတင်းပေါက်အလင်းရောင် ခပ်မှိန်မှိန်လေးနဲ့ Bistro တစ်ခုရဲ့ Theme အတိုင်း Modernized ဆန်ဆန်ဖန်တီးထားတယ်။ Street Culture ဆန်ဆန် Wallpaper တွေကလည်း နံရံတစ်ဖက်မှာ ဓါတ်ဖမ်းချင်စရာအပြည့်။

Decoration အလန်းစားကြီးနဲ့ ဆွဲဆောင်ထားတော့ ဒီ Bar တော့ ဈေးကြီးပြီဆိုပြီးထင်ခဲ့သမျှ Menu ကြည့်ပြီးလွဲတော့တာပါပဲ။

ဈေးနည်းတယ် သက်သာလွန်းတယ် မဆိုနိုင်ပေမယ့် ဈေးမကြီးဘူး။ ပြီးတော့ တရုတ်ရိုးရာစာရော၊ စားကောင်းမယ်ထင်တာရော၊ Bistro Theme နဲ့ကိုက်တဲ့ မြည်းကောင်းတာလေးတွေရော၊ ဗိုက်ဆာချိန် ဝဝလင်လင်စားချင်သူတွေအတွက်ပါ အကုန်အဆင်ပြေတယ်။ သီဟိုစေ့လှော်ကနေ ထမင်း Set တွေထိရှိတယ်။

Drinks တွေကတော့ တော်တော်ကြီးကို Signature ဆန်တယ်ပြောရမယ်။ A 150 မှာပဲ ရနိုင်တဲ့ Cocktail တွေ၊ Drinks တွေမျိုး။ Sichuan Sour တို့၊ Shanghai Mule တို့ဆိုတာ မိန်းကလေးတွေ လုံးဝစမ်းကိုစမ်းကြည့်သင့်တဲ့ ဘယ်မှာမှမရတဲ့ Drinks တွေလေ။

အစားအစာတွေကတော့ တရုတ်ရိုးရာစာလေးတွေများတယ်။ မာလာဖက်ထုပ်တို့၊ ဖက်ထုပ်ကြော်၊ ပေါက်စီဘာညာကိုမှ ထူးထူးဆန်းဆန်းလေးတွေ၊ ခေါက်ဆွဲလေးတွေ၊ စီချွမ်အစားအစာတွေ ရတယ်။ မီနူးအပြည့်စုံတင်ပေးထားပါတယ်။

 

Shanghai Mule က လိမ္မော်သီးလေးတွေ၊ လီမွန်နဲ့ vodka ပါပေမယ့် အရမ်းမပြင်းဘူး။
သံပရာနဲ့ လိမ္မော်နံ့လေး သင်းပြီး အရသာ ချိုချဉ်လေးဆိုတော့ ကောင်မလေးတွေအတွက် လုံးဝကွက်တိ ဒက်ထိ။

Chinese Liquor လေးတွေကလည်း ဘူးသီးခြောက်ဘူးလေးတွေနဲ့ တကယ့်တရုတ်ကားတွေထဲက အရက်အိုးလေးတွေလို အကြွေဆင်။ သူ့ကိုတော့ မူးမှာစိုးလို့ နောက်တစ်ခေါက်မှပဲ Try တော့မယ်။

A 150 ရဲ့ Homemade မာလာဖက်ထုပ်ကတော့ ဂျုံ အသားထူပြီး အသားပုံမှန်လေးပါပဲ။
sizeတွေ ကြီးပြီး တစ်ပွဲကို ၇ ခုလောက်ပါတယ်။ မာလာအရည်လည်း အရသာကောင်းတယ်။ နှမ်း၊ ကြက်သွန်မြိတ်၊ ငရုတ်သီး အစုံပါတယ်။ ပူပေမယ့် ဒီတိုင်းသောက်နိုင်လို့ရတယ်။ အရမ်းမစပ်ဘူး။

လူကြိုက်အများဆုံး Homemade ကြက်သားလုံးတုတ်ထိုး ကတော့ တကယ့်ကိုအသားနူးနူးညံ့ညံ့လေးနဲ့ Sauce ချိုချဉ်လေးစိမ်ပေးထားတာ။ သောက်ရင်းစားဖို့ Perfect ပဲ။

Sausage ကြော်လေးလည်း အရသာရှိတယ်။ အဓိကက Chinese Liquor တွေနဲ့မြည်းဖို့ အစုံရတာရယ်၊ ဈေးက ၁၅၀၀ လောက်ကစတာရယ်နဲ့တင် တရုတ်တန်းရောက်တိုင်းထိုင်ရမယ့်ထဲ ကိုယ်တွေတော့ စာရင်းထည့်လိုက်ပြီ။

ဖွင့်တာ ၄ရက်ပဲရှိသေးတော့ Menu ထဲကပြထားတာ အစုံမရသေးဘူး။ သင်္ကြန်ပြီးရင်တော့ စုံမယ်ပြောတယ်။ နေ့ခင်းတစ်နာရီတည်းက ည ၁၁ နာရီထိဆိုတော့ နေ့ခင်းထိုင်ရင် Restaurant ဆန်ဆန်၊ ညထိုင်ရင် Bar ဆန်ဆန်…ကဲ ဘယ်လောက်အထာကျသလဲ။

ပြစ်ချက်ရယ်ပြောရရင် ဆိုင်နေရာကျဉ်းတာရယ်၊ ကားပါကင်လုံးဝမပြေတာရယ် အဲ့၂ချက်က အဓိကပဲ။ဒါပေမယ့် လူငယ်လေးတွေ ပျားပန်းခတ်တမျှခြေရှုပ်ကြ၊ ဓါတ်ဖမ်းကြရင်း Facebook ပေါ်မှာ နာမည်အကြီးဆုံးဖြစ်လာမယ့် Bar တစ်ခုဆိုတာတော့ လုံးဝကြိုတင်မြင်ယောင်နေပြီ။ Myanmar First Chinese Antique themed Bar တစ်ခုက ဘယ်လောက်တောင် လန်းနေမလဲ စိတ်မှန်းနဲ့သာ တွေးကြည့်တော့။

ကဲ…ဆယ်ကျော်သက်ကောင်မလေးတွေ၊ Model တွေ၊ ဆယ်လီတွေ အကုန် သွားနေကြ၊ Chill နေကြတဲ့ ဒီ Bar ကို ကိုယ်မှမရောက်ဖူးရင် ခေတ်မမီသေးဘူးပြောရမယ်။အဲ့ဒါမို့ မြန်မြန်သွားကြည့်ပြီး ရှေးဟောင်းတရုတ်ရိုးရာ အငွေ့သက်တွေထဲ စီးမျောလိုက်ပါဦးလို့….

လိပ်စာက အမှတ်၁၅၀/A ၊ ၁၉လမ်း အပေါ်ဘလောက်မှာနော်။