ကမ္ဘာကြီးက အခုဆို တဖြည်းဖြည်းနဲ့ ပျက်စီးယိုယွင်းလာနေပါပြီ။ တစ်ဖက်မှာ စက်မှုလုပ်ငန်းတွေ၊ နည်းပညာတွေ တိုးတက်လာပေမယ့် တစ်ဖက်မှာလည်း သဘာဝဘေးအန္တရာယ်တွေ၊ ရာသီဥတုဖောက်ပြန်မှုတွေ တနေ့တခြားပိုပိုဆိုးလာလိုက်တာများ။ ရန်ကုန်ကိုပဲ ကြည့်လေ၊ ပိုပိုပြီး ပူလာလိုက်တာ၊ ဟိုအရင်နှစ်တွေလို မဟုတ်တော့ပါဘူး။ အရင်းရှင်တွေ၊ လုပ်ငန်းရှင်တွေက သူတို့စီးပွားရေး အတွက် ဆက်သောင်းကျန်းနေကြသလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကလည်း သူ့အတိုင်းအတာနဲ့သူ ကြိုးစားနေကြပါတယ်။ ဒီထဲမှာမှ အိန္ဒိယနိုင်ငံက Ridhima Pandey ဆိုတဲ့ ကလေးမလေးအကြောင်းကတော့ စိတ်ဝင်စားစရာပါပဲ။ Ridhima Pandey ဟာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေတဲ့ အရာတွေကို ရင်ဆိုင်တိုက်ခိုက်ရာမှာ အသက်အရွယ်က အရေးမကြီးကြောင်း သက်သေပြခဲ့တဲ့ ကောင်မလေးပါပဲ။ ခုမှ သူဟာ အသက် ၉နှစ်ပဲ ရှိပါသေးတယ်၊ ဒါပေမယ့် ဒီကလေးမလေးဟာ စက်ရုံတွေ၊မော်တော်ယာဉ်တွေနဲ့ စိုက်ပျိုးရေးကဏ္ဍတွေကနေ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်နေမှုကို တားဆီးဖို့ ပျက်ကွက်မှုနဲ့ အိန္ဒိယအစိုးရကို လတ်တလောတရားစွဲဆိုထားတဲ့သူ ဖြစ်ပါတယ်။ သူစတင်ခဲ့တဲ့ စုပေါင်းလက်မှတ်ထိုးထားတဲ့ အသနားခံစာမှာ အိန္ဒိယနိုင်ငံရဲ့ လူကြီးတွေနဲ့ နောက်မျိုးဆက်လူငယ်တွေအပေါ် ကျရောက်လာနိုင်တဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကနေ ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ တာဝန်ရှိသူတွေကို စွပ်စွဲထားပါတယ်။ သူ့ပြောစကားအရတော့ “ကျွန်မတို့ရဲ့ အစိုးရဟာ အစွန်းရောက်ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေ ဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို ထိန်းညှိဖို့နဲ့ လျှော့ချဖို့ ခြေလှမ်းတွေ ပျက်ကွက်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ ကျွန်မတို့ အပေါ်မှာရော၊ အနာဂတ်မျိုးဆက်တွေပေါ်မှာပါ သက်ရောက်မှုရှိမှာပါ”။ ပန်ဒေးဟာ သူ့ရဲ့ အသနားခံစာကို သဘာဝပတ်ဝန်းကျင်နဲ့ဆက်နွယ်တဲ့ အမှုတွေကို ကိုင်တွယ်တဲ့ အထူးတရားရုးံဖြစ်တဲ့ အိန္ဒိယအမျိုးသားအစိမ်းရောင်ဆိုင်ရာခုံရုံးဆီ တင်သွင်းခဲ့တာပါ။ သူမရဲ့ တရားစွဲဆိုမှုဟာ ပတ်ဝန်းကျင်၊သစ်တောနဲ့ ရာသီဥတုဝန်ကြီးဌာနအပြင် ညစ်ညမ်းမှုထိန်းချုပ်ရေး အိန္ဒိယဗဟိုဘုတ်အဖွဲ့ကိုပါ ပစ်မှတ်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းက ခုံရုံးဟာ ပန်ဒေးရဲ့ အသနားခံစာကို နှစ်ပတ်အတွင်းအကြောင်းပြန်ဖို့ အေဂျင်စီ ၂ခုလုံးကို ပြောကြားထားပြီးဖြစ်ပါတယ်။ ပတ်ဝန်းကျင်၊ သစ်တောနဲ့ ရာသီဥတုဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ “သူတို့ အနေနဲ့ ခုံရုံးကို တိုက်ရိုက်အကြောင်းပြန်မှာ ဖြစ်တယ်”လို့ Thomson Reuters Foundation ကို ပြောကြားခဲ့ပါတယ်။ ဒီ ၉နှစ်အရွယ် ကလေးမလေး ပန်ဒေးရဲ့ တရားဆိုင်မှုဟာ US မှာ အသက်၉နှစ်ကနေ ၂၀ ထိပါဝင်တဲ့ လူငယ်အဖွဲ့တစ်ဖွဲ့ရဲ့ တရားဆိုင်မှုနဲ့ တူညီမှုတွေရှိပါတယ်။ အဲဒီ လူငယ်လေး ၂၁ယောက်ပါတဲ့ အဖွဲ့ဟာလည်း ကမ္ဘာကြီးပူနွေးလာမှုအပေါ် ဂရုပြုဖို့ ပျက်ကွက်နေမှုအတွက် အစိုးရနဲ့ စွမ်းအင်ကုမ္ပဏီတွေကို စွပ်စွဲပြစ်တင်ခဲ့ပါတယ်။ “ပန်ဒေးရဲ့ တရားဆိုင်မှုဟာ လူငယ်မျိုးဆက်သစ်တွေရဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတွေမှာ ပါဝင်လာမှုနဲ့ တည်ငြိမ်တဲ့ ရာသီဥတုရရှိဖို့အတွက်နဲ့ သူတို့ရဲ့ အခြေခံရပိုင်ခွင့်တွေအတွက် အစိုးရဆီက အကာအကွယ်တွေ တောင်းခံခွင့်ရှိတယ်ဆိုတာရဲ့ သက်သေပါပဲ” လို့ US က ကလေးသူငယ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Our Children’s Trust ရဲ့ Executive Director တစ်ယောက်ဖြစ်တဲ့ Julia Olson က ထောက်ပြပြောဆိုခဲ့ပါတယ်။ တကယ်တမ်းလည်း ၁.၂၇ ဘီလီယံ လူဦးရေ ရှိပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ရာသီဥတုပူနွေးလာခြင်းရဲ့ သက်ရောက်မှုတွေကို ကြုံတွေ့နေရပြီးသားဖြစ်ပါတယ်။ မကြာသေးတဲ့ ဆယ်စုနှစ်များစွာမှာထဲက ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုတွေ၊ ဟိမဝန္တာရေခဲမြစ်တွေ အရည်ပျော်လာမှုနဲ့ မိုးအပြင်းအထန်ရွာသွန်းလာမှုတွေကြောင့် အဆိုးဝါးဆုံးရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ယောက်ရဲ့ သမီးလည်း ဖြစ်တဲ့ ပန်ဒေးဟာ အိန္ဒိယရဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်တားဆီးဖို့ တရားဥပဒေအရ ရင်ဆိုင်တဲ့ ပထမဦးဆုံး ကလေးသူငယ်တစ်ယောက်တော့ မဟုတ်ပါဘူး။ မနှစ်ကလည်း အိန္ဒိယလူငယ်ဆယ်ကျော်သက် ၆ယောက်ဟာ တိုင်းပြည်အတွင်း အဆိုးရွားဆုံးလို့ ပြောရမယ့် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ ဖြစ်ခဲ့တဲ့ လေထုညစ်ညမ်းမှုအတွက် အစိုးရအပေါ် သီးခြားစီ တရားစွဲဆိုခဲ့ကြပါတယ်။ အခရာပရိသတ်ကြီးခင်ဗျာ..