အသက် ၈၁ ရောက်မှ iPhone App ကိုရေးသားခဲ့တဲ့အဖွားအို.

အသက် ၈၁ နှစ်အရွယ် ဂျပန်ဖွားဖွားကတော့ လူအိုတစ်ယောက်လုပ်နိုင်တဲ့အစွမ်းအစတွေကို ထုတ်ပြသွားပါပြီ။ iPhone အတွက် App တစ်ခုကို ရေးဆွဲခဲ့ပြီးတော့ လုပ်ချင်ကိုင်ချင်စိတ်သာ ရှိမယ်ဆိုရင် အသက်အရွယ်က အရေးမကြီးဘူးဆိုတာကိုလည်း သက်သေပြသွားပါတယ်။အဲ့ဒီလိုသက်သေပြသွားတဲ့ အဘွားအိုရဲ့နာမည်ကတော့ Masako Wakamiya ပါ။

ဂျပန်မှာ Hinamatsuri ဆိုတဲ့ပွဲတော်တစ်ခုရှိပြီးတော့ ပြင်ပနိုင်ငံတွေကတော့ ဒီပွဲတော်ကို Girl လို့လူသိများပါတယ်။ ဒီပွဲတော်မှာဆိုရင် ပါဝင်ဆင်နွှဲတဲ့သူတွေဟာ ဂျပန်ရိုးရာ အရုပ်လေးတွေကို စင်မြင့်တစ်ခုပွဲမှာ ခင်းကျင်းပြသလေ့ရှိပါတယ်။ အဘွားအိုရေးခဲ့တာ အဲ့ဒီလိုမျိုးအရုပ်လေးတွေကို ဖုန်းထဲမှာ ခင်းကျင်းပြသနိုင်တဲ့ အယ်ပလီကေးရှင်းပါ။ အယ်ပလီကေးရှင်းရဲ့နာမည်ကတော့ “Hinadan” လို့ခေါ်ပါတယ်။

ဂျပန်လို Hina ဆိုတာက အရုပ်ကိုပြောတာဖြစ်ပြီး Dan ဆိုတာက စင်မြင့်လို့ အဓိပ္ပာယ်ရပါတယ်။ အယ်ပလီကေးရှင်းမှာဆိုရင် ကစားသူဟာ အဆင့်လေးဆင့်ပါတဲ့စင်ပေါ် မှာ အရုပ် ၁၂ ရုပ်ကို သူ့နေရာနဲ့သူ မှန်ကန်အောင်ထားပေးရမှာပါ။ အရုပ်အကုန်လုံးကို နေရာမှန်အောင်ချပေးပြီးပြီဆိုရင်တော့ အနိုင်ရပြီဆိုတဲ့စာသားကို Screen ပေါ်မှာမြင်ရမှာ ဖြစ်ပါတယ်။

ဒီဂျပန်အဘွားအိုကြီးမှာ အင်္ဂလိပ်၊ ဂျပန် နှစ်ဘာသာနဲ့ဖော်ပြတဲ့ ကိုယ်ပိုင် Blog လည်းရှိပါတယ်။ Blog မှာဆိုရင်သူမခရီးသွားခဲ့တဲ့ မြေထဲပင်လယ်၊ နယူးဇီလန်နိုင်ငံအကြောင်း တွေကို ဖော်ပြပေးထားသလို Excel ကိုအသုံးပြုပြီး ဘယ်လိုဖန်တီးမှုတွေလုပ်နိုင်တယ်ဆို တာကိုလည်း Tutorials တွေရေးပေးထားပါတယ်။ နောက်ပြီးတော့ ပင်စင်ယူသွားတဲ့သက်ကြီးရွယ်အိုတွေအတွက် Mellow Club ကိုဖွင့်လှစ်ထားပါတယ်။

နောက်ပြီးတော့ တိုကျိုမြို့မှာကျင်းပခဲ့တဲ့ TEDx talk အစီအစဉ်မှာလည်း Digital ခေတ်မှာကျင်လည်နေတဲ့ သက်ကြီးရွယ်အိုတစ်ယောက်အကြောင်းကို ပြောကြားခဲ့ပါသေးတယ်။

Ref: Techworm

မင်းသုခ (အခရာ)

(www.akhayar.com)