ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ရဲ့ ၂၀၁၉ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ဘရာဇီးလ်က (၂ – ၀ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ဘရာဇီးလ်ဟာ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် အာဂျင်တီးနားအသင်းကတော့ ဆီမီးဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အခု ဒီ Article မှာတော့ ဘရာဇီးလ်နဲ့ အာဂျင်တီးနားပွဲစဉ်က ပြောစမှတ်ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာတော့ မက်ဆီ Messi ရဲ့ နာမည်ဟာ ထင်ရှားပေါ်လွင်မှုမရှိခဲ့ပါဘူး။ ပြောရရင်တော့ ဒီပြိုင်ပွဲမှာ မက်ဆီဟာ ခြေစွမ်းတည်ငြိမ်မှုအားနည်းခဲ့ပါတယ်။ မက်ဆီ ဟာ ဘရာဇီးလ်နဲ့ပွဲမှာ အသင်းရဲ့တိုက်စစ်ကို ဦးဆောင်ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့ပေမယ့် ဂိုးရဖို့တော့ ကံခေခဲ့ပါတယ်။ ဘရာဇီးလ်နဲ့ ပွဲအာဂျင်တီးနားကစားသမားတွေမှာ သူ့ရဲ့Rating က အကောင်းဆုံးမှာရှိခဲ့ပေမယ့် ထိုက်တန်တဲ့ အသိအမှတ်ပြုမှုကိုတော့မရခဲ့ပါဘူး။ ၂၀၁၉ ကိုပါအမေရိကဖလား ပြိုင်ပွဲတစ်လျှောက် မက်ဆီ ဟာ သွင်းဂိုး(၁)ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ဒါကလည်း ပယ်နယ်တီသွင်းဂိုးဖြစ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းရဲ့ မာကျောတဲ့ အစုအဖွဲ့ကို နည်းပြထီထိ Tite ဟာ ပုံဖော်နိုင်ခဲ့ပါတယ်။ ဒီအချက်ဟာ ပြိုင်ပွဲကြီးတစ်ခုမှာ အရေးပါတဲ့ အရာဖြစ်ပြီး အာဂျင်တီးနားလိုအသင်းမျိုးနဲ့ပွဲမှာ ထင်သာမြင်သာရှိစေခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာလည်း ကြိုက်တဲ့ ကစားသမားကို အသုံးပြုလို့ရပြီး အရန်အင်အားလည်းတောင့်တင်းတဲ့ ဘရာဇီးလ်အသင်းဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ တော်တော်လေးကို အခြေအနေကောင်းနေခဲ့ပါပြီ။

ဘရာဇီးလ်နဲ့ အာဂျင်တီးနားပွဲစဉ်မှာတော့ တိုက်စစ်မှူး ဂျေးဆု Gabriel Jesus ရဲ့ ခြေစွမ်းဟာ အမြင့်ဆုံးမှာရှိခဲ့ပြီး Player OF The Match အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ တကယ်လည်း ဂျေးဆုရဲ့ ခြေစွမ်းဟာ အကောင်းဆုံးမှာရှိခဲ့ပြီး သူ့ရဲ့ ကစားသမားဘ၀ အကောင်းဆုံးပွဲစဉ်တစ်ပွဲကို ကစားသွားခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဒီပွဲမှာ တစ်ဂိုးသွင်း ၊ တစ်ဂိုးဖန်တီးပေးခဲ့တဲ့ ဂျေးဆု ရဲ့ အကောင်းဆုံးကြိုးစားမှုကိုတော့ အနိုင်သေချာစေမယ့် ဒုတိယဂိုးဖန်တီးမှုမှာမြင်တွေ့ရမှာဖြစ်ပါတယ်။

တကယ်တမ်းပြောရရင် နေမာ Neymar မပါတဲ့ ဘရာဇီးလ်အသင်းဟာ တစ်ခုခုလိုနေတာတော့ အမှန်ပါပဲ။ ဒီပြိုင်ပွဲကို နေမာ ဒဏ်ရာကြောင့် လွဲချော်သွားတာကြောင့် ဘရာဇီးလ်ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ၀င်ခဲ့ပါသေးတယ်။ ဒါပေမယ့် လက်ရှိမှာတော့ No Neymar, no problem လို့ပဲ ပြောကြရပါလိမ့်မယ်။

ဘောလုံးပရိသတ်တစ်ယောက်အနေနဲ့တော့ မက်ဆီ ကို ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အောင်မြင်မှုရစေချင်ခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီ ကတော့ နိုင်ငံအသင်းနဲ့ ဆုဖလားအောင်မြင်မှုရဖို့ ဆက်ပြီး စောင့်သွားရဦးမှာပါ။ ကိုပါအမေရိကဖလား ဗိုလ်လုပွဲ(၂)ကြိမ် နဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ(၁)ကြိမ် ရှုံးနိမ့်ထားတဲ့ သူ့ရဲ့ နိုင်ငံအသင်းနဲ့ ဗိုလ်လုပွဲကံ ကတော့ တကယ့်ကို စိတ်မကောင်းစရာပါပဲ။

ဒီနိုင်ပွဲမှာ ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန် Alisson Becker ရဲ့လက်စွမ်းပြကာကွယ်မှုတွေက အဓိကကျခဲ့ပါတယ်။  မက်ဆီ ရဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီချန်ပီယံလိဂ်မှာ ဖရီးကစ်ကနေ အယ်လစ်ဆန်ကို သွင်းခဲ့သလိုမျိုး ဒီပွဲမှာလည်း ကန်သွင်းခဲ့ပေမယ့် အယ်လစ်ဆန် က တည်တည်ငြိမ်ငြိမ်နဲ့ကာကွယ်နိုင်ခဲ့ပါတယ်။

ဘရာဇီးလ်နဲ့ပွဲ အပြီးမှာတော့ မက်ဆီ ဟာ အဲဒီပွဲကိုတာဝန်ယူခဲ့တဲ့ ဒိုင်လူကြီးတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ ဘရာဇီးလ် ဒုတိယဂိုးမရခင် အဂွဲရိုး Aguero ပယ်နယ်တီ ဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရပေမယ့် ဒိုင်လူကြီးက မျက်ကွယ်ပြုခဲ့ပါတယ်။ VAR ကို ပေါပေါများများသုံးစွဲခဲ့တဲ့ ဒီပြိုင်ပွဲမှာ ဒီအဖြစ်အပျက်ကိုတော့ VAR နဲ့ ပြန်ကြည့်ခဲ့ခြင်းမရှိခဲ့ပါဘူး။

Ref: Fox Sports Asia
Photo: Fox Sports Asia , Goal.com , Fifa World Cup Facebook , Alisson Becker Facebook
Ko Kyue(Akhayar)
www.akhayar.com