Google Maps ဆိုတာ Silicon Valley ကနေထွက်လာတဲ့ နည်းပညာတွေထဲက အမိုက်ဆုံးတစ်ခုလို့ ပြောလို့ ရပါတယ်။ တစ်ကမ္ဘာလုံးကို ဧည့်ခန်းထဲကနေ ထိုင်ရာမထ ကြည့်နေနိုင်မှတော့ မမိုက်ပဲ နေမလားဗျာ။ ဒါပေမယ့်… ဒါပေမယ့်ပေါ့လေ ဒီလို တစ်ကမ္ဘာလုံး ကြည့်လို့ ရတဲ့ Google Maps ကြီးကလည်း တချို့နေရာတွေကို မဖော်ပြပေးတာတို့၊ ကြည့်မရတာတို့ ရှိသေးသဗျ၊ ထူးဆန်းတယ်နော်။ ဒီတော့ ဘယ်နေရာတွေလဲ တစ်ချက်လောက် ကြည့်ရအောင်ဗျာ။

 

၁။ Volkel လေတပ်အခြေစိုက်စခန်း (နယ်သာလန်)

နယ်သာလန်နိုင်ငံမှာ တည်ရှိတဲ့ Volkel Air Base ကို Google Maps မှာ ကြည့်ရင် ဝါးထားတာ ( Pixelated ) လုပ်ထားတာ တွေ့ရမှာပါ။ Volkel လေတပ်အခြေစိုက်စခန်းဟာ နယ်သာလန်တော်ဝင်လေတပ်က အသုံးပြုနေတဲ့ စခန်းဖြစ်ပြီး နယ်သာလန်နိုင်ငံ၊ North Brabant အရပ်၊ Volkel ရွာနားမှာ တည်ရှိပါတယ်။

Wikileaks က ပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းသတင်းအချက်အလက်တွေအရတော့ အမေရိကန်နိုင်ငံဟာ စစ်အေးခေတ်လက်ကျန် နျူကလီးယားလက်နက် ၂၂ ခုကို ဒီနေရာမှာ သိုလှောင်ထားတာလို့ ဆိုပါတယ်။

 

၂။ Roses (စပိန်နိုင်ငံ)

စပိန်နိုင်ငံ Girona အရပ်မှာ တည်ရှိတဲ့ ဒီနေရာကိုလည်း Google Maps ပေါ်မှာ ခင်ဗျားမြင်နိုင်မှာ မဟုတ်ပါဘူး။ယုံကြည်ရတဲ့ သတင်းတွေအရတော့ ဒီနေရာဟာ အမေရိကန်လေတပ်ရဲ့  875th လေတပ်တပ်ဖွဲ့တွေ တည်ရှိရာ အခြေစိုက်စခန်းတစ်ခုမို့လို့ပါတဲ့။

 

၃။ အမျိုးသားလုံခြုံရေးဗျူရို (တိုင်ပေ၊ ထိုင်ဝမ်)

ထိုင်ဝမ်၊တိုင်ပေအရပ်မှာ ရှိတဲ့ National Security Bureau ကိုလည်း Maps ပေါ်မှာ ဝါးထားတာ ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးရဲ့ ဌာနချုပ်လည်းဖြစ်၊ နိုင်ငံရဲ့ အဓိက (စစ်တပ်စုံစမ်းထောက်လှမ်းရေးအပါအဝင် ) စုံစမ်းထောက်လှမ်းရေး အဖွဲ့အစည်းလည်း ဖြစ်ပါသတဲ့။

 

၎။ အစ္စရေး

အစ္စရေးရဲ့ ပုံပေါင်းများစွာကို အင်တာနက်မှာ ရှာဖွေကြည့်ရှုနိုင်ပေမယ့် Google Maps မှာတော့ အဲဒီမှာ ရှိတဲ့ အဆောက်အအုံတွေကို Zoom ချဲ့ကြည့်မယ်ဆိုရင် Resolution နိမ့်တဲ့ ပုံများအဖြစ်သာ တွေ့ရမှာ ဖြစ်ပါတယ်။

ဖြစ်နိုင်တဲ့ အကြောင်းရင်းကို Google ရဲ့ ပြောရေးဆိုခွင့်ရှိသူပြောထားတာကတော့ “ Google ရဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို အမေရိကန်အခြေစိုက်ကုမ္ပဏီတွေကနေ ရယူတာ ဖြစ်တဲ့အတွက် အမေရိကန်ဥပဒေတွေကို လိုက်နာရပါတယ်။အဲဒီမှာ ဘာပါသလဲဆိုတော့ အမျိုးသားကာကွယ်ရေးအဖွဲ့အစည်းဥပဒေ ၁၉၉၇ အတွက် Kyl-Bingaman ပြင်ဆင်ချက်လို့ ခေါ်တဲ့ အစ္စရေးနဲ့ ပက်သက်တဲ့ ရုပ်ပုံများရဲ့ resolution ကို စီးပွားဖြစ် ဖြန့်ချိခြင်းမှ ကန့်သတ်ထားပါတယ်ဆိုတာကို လိုက်နာရတာပါ”လို့ ဆိုပါတယ်။

 

၅။ နေတိုးလေတပ်အခြေစိုက်စခန်း (ဂိုင်လန်ကာချန်၊ဂျာမဏီ)

ဒီနေတိုးအခြေစိုက်စခန်းကတော့ Geilenkirchen မြို့၊ ဂျာမဏီမှာ တည်ရှိပြီး ဒီမြို့လေးဟာ နယ်သာလန်နယ်စပ်နဲ့ နီးပါတယ်။ ဒီလေတပ်အခြေစိုက်စခန်းကို Bing.com မှာတောင် ဖုံးကွယ်မထားဘဲ ဖော်ပြထားပေမယ့် Google maps ကတော့ ဝါးထားတဲ့ ဧရိယာ (Pixelated Area) အနေနဲ့ပဲ ဖော်ပြပါတယ်။ ထင်ရတာတော့ လုံခြုံရေး အကြောင်းပြချက်ကြောင့်ပါပဲ။

 

၆။ Helipuerto de Cartagena (စပိန်နိုင်ငံ)

စပိန်နိုင်ငံ ၊ Los Dolores ၊ Cartagena အရပ်မှာ ရှိတဲ့ ရဟတ်ယာဉ်ကွင်းဖြစ်ပါတယ်။ ဒီနေရာနဲ့ ပက်သက်ပြီးတော့ သတင်းအချက်အလက်အများကြီးရထားတာ မရှိပါဘူး။ ဒါပေမယ့် ဒီနေရာကို Google Street Views မှာ ရှာကြည့်မယ်ဆိုရင်တော့ ဘာမှ မရှိတဲ့နေရာကြီးတစ်ခုလို ကွက်လပ်ကြီးအနေနဲ့ တွေ့ရမှာပါ။

 

၇။ အမေရိကန်/ မက္ကဆီကို နယ်စပ်

အမေရိကန်နိုင်ငံ တက်ဆက်စ်ပြည်နယ်မှာရှိတဲ့ ဟက်ဒ်စပတ်ကောင်တီမှာဖြစ်ပါတယ်။ မက်ဆီကန်နယ်စပ်ရဲ့ အရှေ့မြောက်ဘက်မှာ ရှိပါတယ်။ Google Maps မှာ ဆိုရင်တော့ အဲဒီနားတဝိုက် ၁၅ မိုင်လောက်ရှိတဲ့ အမေရိကန်/မက္ကဆီကိုနယ်စပ်ကို တွန့်ခေါက်နေတဲ့ပုံနဲ့ ပုံဖျက်ပြီး ဖော်ပြထားတာကို တွေ့ရှိရမှာပါ။

 

ကဲ! အခရာပရိသတ်ကြီးရေ.. ဘယ်လောက်ပဲ နည်းပညာတွေကောင်းကောင်း၊ ဘယ်လောက်ပဲ ပွင့်လင်းမြင်သာမှုရှိပါတယ်ပြောပြော လုံခြုံရေးအရ ဖော်ပြလို့ မရတဲ့ အရာတွေ ရှိတယ်ဆိုတာကို Google Maps ကနေ ခုလို သက်သေပြလိုက်ပါပြီဗျာ။

 

ရိုးလူ (အခရာ)

www.akhayar.com