ခြေဖနောင့်ကွဲခြင်းအတွက် သဘာဝဆေးနည်းများ

ခြေဖနောင့်ကွဲခြင်းဟာ အတော်ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ရေနဲ့အဆီဓာတ်လျော့နည်းမှုကြောင့် ခြောက်သွေ့ပြီး အသားမာတက်နေတဲ့ ခြေထောက်တွေဟာ ခြေဖနောင့်ကွဲခြင်းကို ဖြစ်စေပါတယ်။ ဒါ့အပြင် ခြေထောက် နီမြန်းခြင်း ၊ ယားယံခြင်း ၊ ရောင်ရမ်းခြင်းနဲ့ အရေခွံကွာခြင်းတို့လည်းဖြစ်နိုင်ပါတယ်။ အဲဒီအချိန်မှာ မိမိရဲ့ခြေထောက်တွေကို နည်းလမ်းမှန်မှန်နဲ့ ဂရုစိုက်ပေးခြင်းအားဖြင့် ခြေဖနောင့်အကွဲတွေ ပိုမနက်လာအောင်၊ သွေးထွက်ပြီး နာကျင်မှု မရှိရအောင် ကာကွယ်နိုင်ပါတယ်။

ခြေဖနောင့်ကွဲခြင်းရဲ့ အဓိကကြောင်းအရင်းတချို့ကတော့ အရေပြားခြောက်သွေ့ပြီး အစိုဓာတ်မရှိခြင်း ၊ ခြေထောက်ကို ထိန်းသိမ်းနည်းမမှန်ခြင်း ၊ အစားအသောက်မမှန်ခြင်း ၊ အသက်အရွယ်ကြီးရင့်လာခြင်း ၊ ကြမ်းပြင်အမာပေါ်မှာ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်းနှင့် ဖိနပ်ရွေးချယ်မှုမှားခြင်းတို့ကြောင့်ဖြစ်ပါတယ်။

ခြေဖနောင့်ကွဲတာကို သက်သာစေဖို့တော့ အိမ်တွင်းကုထုံးတွေအများအပြားရှိပါတယ်။

၁။ အသီးအရွက်ဆီ

အသီးအရွက်ဆီတွေဟာ ခြေဖနောင့်ကွဲအက်ခြင်းကို သက်သာစေပြီး မကွဲအက်အောင်လည်းကာကွယ်ပေးပါတယ်။ သံလွင်ဆီ ၊ အုန်းဆီ ၊ နှမ်းဆီစတဲ့ အဆီတွေကို သုံးနိုင်ပါတယ်။ အရေပြားထဲကို ဆီတွေစိမ့်ဝင်ချိန်များများရဖို့ အိပ်ယာဝင်ခါနီးအချိန်လိမ်းပေးပါ။ အရင်ဆုံး ခြေထောက်ကို ဆပ်ပြာရည်ထဲစိမ်ပြီး ခြေထောက်ပွတ် ကျောက်တုံးနဲ့ ပွတ်ပေးပါ။ ခြေထောက်ကို ဆေးပြီး ခြောက်အောင် သုတ်ပါ။ ခြေဖဝါးနဲ့ ခြေဖနောင့်ပေါ်ကို အသီးအရွက်ဆီလိမ်းပေးပါ။ ခြေအိတ်သန့်သန့်လေးဝတ်ပြီးအိပ်လိုက်ပါ။ မနက်မိုးလင်းတဲ့အခါ ခြေဖနောင့်သားလေးတွေ ပျော့ပျောင်းလာပါလိမ့်မယ်။ ခြေဖနောင့်ကွဲတာ လုံးဝပျောက်ကင်းသွားတဲ့အထိ ညအနည်းငယ် ဆက်ပြီး လိမ်းပေးပါ။

၂။ ဆန်မှုန့်

ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့နဲ့ အရေပြားခြောက်သွေ့တာတွေမဖြစ်စေဖို့ ဆန်မှုန့်ကို သုံးပေးပါ။ ဆန်မှုန့်အနှစ်ပြုလုပ်ဖို့ ဆန်မှုန့် လက်တစ်ဆုပ်စာနှင့် ပျားရည်၊ ပန်းသီးရှာလကာရည်အနည်းငယ်ကို ရောမွှေပါ။ အရည်ပျစ်လာတဲ့အထိ မွှေပေးပါ။ အနာအခြေအနေဆိုးပါက သံလွင်ဆီ စားပွဲတင်ဇွန်း ထပ်ထည့်ပေးပါ။ ခြေထောက်ကို ရေနွေးထဲမှာ ဆယ်မိနစ်လောက်စိမ်ပြီး အသင့်လုပ်ထားတဲ့ ဆန်မှုန့်အနှစ်နဲ့ ပွတ်ပေးပါ။

၃။ တမာရွက်

တမာရွက်ကတော့ ပိုးဝင်ပြီး ယားယံတဲ့ ခြေထောက်ကွဲခြင်းကို ပျေက်ကင်းစေဖို့ အစွမ်းထက်တဲ့ အရွက်ပဲဖြစ်ပါတယ်။ တမာရွက်က အရေပြားခြောက်သွေ့ခြင်း၊ ယားယံခြင်း ၊ ရောဂါပိုးဝင်ခြင်းကို ပျောက်ကင်းစေရုံသာမက သေစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ တမာရွက်လက်တစ်ဆုပ်စာကို ချေပြီး အမှုန့်ဖြစ်တဲ့အခါ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး ရောမွှေပါ။ ခြေထောက်အကွဲများပေါ် တမာအနှစ်ကို နာရီဝက်ခန့်လိမ်းထားပေးပါ။ ပြီးတဲ့အခါ ခြေထောက်ကို ရေနွေးနဲ့ဆေးပြီး အဝတ်သန့်သန့်နဲ့ သုတ်ပေးပါ။

၎။ သံပရာသီး

ခြေထောက်ကို အက်ကွဲစေနိုင်တဲ့အသားမာတွေကို သံပရာသီးမှာပါတဲ့ အက်စစ်ဓာတ်က နူးညံ့သွားစေနိုင်ပါတယ်။ ရေနွေးထဲကို သံပရာရည်အနည်းငယ်ထည့်ပြီး ခြေထောက်ကို ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ထည့်စိမ်ထားပေးပါ။ ခြေထောက်တွေကို ပိုပြီးမခြောက်သွေ့သွားစေဖို့ အရမ်းပူတဲ့ရေသုံးခြင်းကို ရှောင်ပါ။ ခြေထောက်ပွတ်ကျောက်တုံးဖြင့် ခြေထောက်ကို ပွတ်ပေးပါ။ ပြီးတဲ့အချိန် ခြေထောက်ဆေးပြီး အဝတ်နဲ့  သုတ်ပေးပါ။

၅။ ပင်လယ်ဆား

ခြေထောက်ကွဲတဲ့အခါ ခြေထောက်ရဲ့အစိုဓာတ်ကို ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ ပင်လယ်ဆားက ခြေထောက်အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး သွေးလည်ပတ်မှုကို လည်းကောင်းစေပါတယ်။ ပင်လယ်ဆားခွက်တစ်ဝက်ခန့်ကို ရေနွေးပုံးထဲထည့်ပါ။ ၎င်းရေနွေးပုံးထဲ ခြေထောက်ကို ဆယ်မိနစ်ခန့် စိမ်ထားပေးပါ။ ခြေထောက်ကို ခြေထောက်ပွတ်ကျောက်တုံးနှင့် ပွတ်ပြီး ရေထဲမှာ နောက်တစ်ခါ ထပ်စိမ်ထားပေးပါ။ ပြီးတဲ့အခါ ခြေထောက်ကို ခြောက်အောင်သုတ်ပြီး ခြေထောက်လိမ်း ခရင်မ်တစ်ခုခု လိမ်းထားပေးပါ။ ခြေအိတ်စွပ်ထားခြင်းဖြင့်လည်း ခြေထောက်ထဲမှာရှိတဲ့ အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ပါတယ်။

၆။ ငှက်ပျောသီး

ငှက်ပျောသီးမှည့်ဟာလည်း ခြေထောက်ကွဲအက်ခြောက်သွေ့ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ငှက်ပျောသီးတစ်လုံးကို ပန်းကန်ထဲမှာ အနှစ်ဖြစ်အောင်ချေပါ။ ခြေထောက်ကို သန့်စင်အောင်ဆေးပြီး ငှက်ပျောသီးအနှစ်ကို ၁၀ မိနစ်မှ ၁၅ မိနစ်အထိ အာဟာရဓာတ်များ အသားထဲစိမ့်ဝင်အောင် လိမ်းထားပေးပါ။ ထို့နောက် ခြေထောက်ကို ရေနွေးနဲ့ဆေးပြီး ရေအေးထဲမှာ ငါးမိနစ်မှ ဆယ်မိနစ်အထိ စိမ်ထားပေးပါ။ ခြေထောက်သားလေးတွေ နူးညံ့လာစေဖို့ ထိုနည်းအတိုင်း ရက်အနည်းငယ် ဆက်လုပ်ပေးပါ။

၇။ ပျားရည်

ပျားရည်မှာ ရောဂါပိုးကို သေစေနိုင်ပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် ခြေထောက်ကွဲတာကို သိသိသာသာ သက်သာစေပါတယ်။ ပျားရည်ခွက်တစ်ခွက်ကို ရေနွေးဖြည့်ထားတဲ့ပုံးထဲ ထည့်မွှေပါ။ ခြေထောက်ကို ၎င်းအရည်ထဲမှာ ၁၅ မိနစ်မှ မိနစ် ၂၀ ခန့် စိမ်ထားပေးပါ။ ခြေထောက်ကို ညင်ညင်သာသာ ပွတ်ပေးပါ။ ခြေထောက်သားလေးများ နူးညံ့လာတဲ့အထိ ခဏခဏ နေ့တိုင်း ထပ်လုပ်ပေးပါ။

ဒါဆိုရင်တော့ ကြမ်းတမ်းကွဲအက်နေတဲ့ခြေဖနောင့်တွေကြောင့် စိတ်ညစ်ရတော့မှာမဟုတ်ပါဘူး။

www.akhayar.com