[Zawgyi]

K-Drama တွေကို  စွဲလမ်းသွားတဲ့နောက် ဘာတွေဖြစ်လာမလဲ

ဒီခေါင်းစဉ်ကို မြင်မြင်ချင်းပဲ ဖတ်လိုက်မိပြီဆိုရင် သင်က K-Drama တွေကို တော်တော်လေးစွဲလမ်းနေပြီဆိုတာ သိသာပါတယ်။ မြန်မာနိုင်ငံမှာ အွန်စော၊ ဂျွန်စောလို့ လူသိများတဲ့ “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” ကစလို့ ကိုရီးယားဇာတ်လမ်းတွဲ ရေစီးကြောင်း ခေတ်စားလာတာ ဆယ်စုနှစ်တစ်ခုမက ကြာခဲ့ပါပြီ။ လူငယ်တွေသာမကလို့ လူကြီးတွေပါ နှစ်နှစ်ခြိုက်ခြိုက်ကြည့်လာကြတဲ့အထဲမှာ ကိုရီးယားဇာတ်လမ်းတွဲတွေက ထိပ်ဆုံးပါ။ တစ်ပိုင်းပြီးတစ်ပိုင်း မပြီးမချင်းထိုင်ကြည့်နေရလောက်အောင်ကို ကိုရီးယားဇာတ်လမ်းတွေရဲ့ လွှမ်းမိုးမှုက ကြီးမားတာမို့ သင်ကိုယ်တိုင် K-Drama တွေကို  စွဲလမ်းတဲ့နောက် ဘာတွေ ဖြစ်လာမလဲဆိုတာ ပြောပြချင်ပါတယ်။

၁- အကြိုက်တစ်မျိုးတည်း ဖြစ်နေမှာ မဟုတ်ပါဘူး။
K-Drama တွေက တစ်နေ့တမျိုး မရိုးရအောင် ထွက်နေတာမို့ ကိုယ့်အကြိုက်စီးရီး၊ ကိုယ့်အကြိုက်မင်းသား၊ မင်းသမီးကလည်း တစ်ယောက်တည်း အမြဲဖြစ်နေမှာမဟုတ်ပါဘူး။ ဒီဇာတ်ကားထဲမှာ ဒီမင်းသားကြိုက်မယ်၊ နောက်ဇာတ်ကားက ပိုအရပ်မြင့်တဲ့ မင်းသားကို သဘောကျရင် ကျမယ်၊ လတ်တလောနာမည်ကြီးတဲ့ ဇာတ်ကားထဲ မင်းသမီးကို ကြိုက်ရင်လည်း ကြိုက်မယ်။ အကြိုက်က အမြဲတစ်ခုတည်း ရှိမနေနိုင်ပါဘူး။ K-Drama Fan တွေမှာ တစ်ပိုင်းတည်းဆိုတာမျိုးမရှိသလို အကြိုက်ဆုံးသရုပ်ဆောင်ကလည်း တစ်ယောက်တည်းရှိမနေနိုင်ပါဘူး။

၂-  အိပ်ချိန်ဆိုတာ ရှားပါတယ်။
K-Drama Fan တွေကို “အိပ်တာနဲ့ ကိုရီးယားကားအပိုင်းသစ်ကို ကြည့်တာ ဘယ်ဟာ အရေးကြီးလဲ” မေးရင်  အိပ်တာကို နောက်မှ ရွေးမယ့်သူချည်းပါပဲ။ အပိုင်းသစ်ထွက်တာနဲ့ ညမအိပ်ဘဲ ကြည့်တတ်ကြသလို တစ်ပိုင်းပြီး တစ်ပိုင်း မပြီးမချင်း ကြည့်တတ်ကြလို့ အိပ်ချိန်ဆိုတာ နည်းသွားတတ်ပါတယ်။

၃- ခံစားမှုမျိုးစုံ ရမယ်။
K-Drama တွေက အနောက်တိုင်း ရုပ်ရှင်တွေနဲ့ကွာသလို တချို့ K-Drama တွေက အိုဗာတင်းနည်းနည်း လုပ်တတ်ကြပါတယ်။ စစချင်း အပိုင်းမှာတည်းက ပရိသတ်စိတ်ဝင်စားအောင် ဇာတ်လမ်းဇာတ်ကွက် ကောင်းကောင်းနဲ့ လှည့်စားထားသလို ဇာတ်လမ်းထဲက ဗီလိန်ကို ကြည့်ပြီး မုန်းရတာကတစ်မျိုး၊ မင်းသားနဲ့ မင်းသမီး ရိုကြတာကို ပီတိဖြစ်ရတာတစ်ဖုံ ဇာတ်လမ်းတစ်ခုတည်းမှာတင် ရသမျိုးစုံ၊ ခံစားမှုမျိုးစုံကို ရမှာပါ။

၎- ဘာသာစကားနဲ့ အကျွမ်းတ၀င်ရှိတယ်။
ကိုရီးယားဇာတ်လမ်းတွေကို ကိုယ်ကအမြဲမပြတ် ကြည့်နေတာဖြစ်တဲ့အတွက် နေ့စဉ်ဘ၀မှာ ထမင်းစားရေသောက်ပြောတာကိုတော့ ကောင်းကောင်းနားလည်လွယ်မှာဖြစ်သလို ဘာသာစကားစွမ်းရည်လည်း ပိုတိုးတက်လာစေပါတယ်။ အနည်းဆုံးတော့ o-ppa တို့၊ saranghaeyo ဆိုတာတို့ဆိုတာကအစ အခြေခံပြောတဲ့စကားလောက်တော့ သိလာမှာဖြစ်ပါတယ်။
ဒါ့အပြင် ကိုယ်က Fan ဖြစ်တဲ့အတွက် ဒီဘာသာစကားပေါ်မှာ ရူးသွပ်ပြီး ဘာသာစကားသင်ယူချင်စိတ်လည်း ဖြစ်ပေါ်လာစေမှာပါ။

၅- အစားအသောက်သောင်းကျန်းလာမယ်။
ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ ပါနေကျဖြစ်တဲ့ ပဲခေါက်ဆွဲတို့၊ ငါးအူချောင်း၊ ၀က်သားဆလတ်တို့၊ ကင်မ်ချီတို့ကလည်း သင့်ကို ဆွဲဆောင်နိုင်တဲ့ အစားအစာတွေပါ။ အခုဆို ကိုရီးယားစားသောက်ဆိုင်တွေလည်း အမျိုးမျိုးရှိနေပြီဆိုတော့ ဇာတ်လမ်းတွဲတွေထဲက ကိုယ်စားချင်သမျှကို မှတ်ထားပြီး အစားတစ်လိုင်းလုပ်လို့ရပါတယ်။ ကိုရီးယားစာတော်တော်များများကလည်း မြန်မာပါးစပ်နဲ့ အစပ်အဟပ်တည့်တာမို့ စားပြီးရင်းစားချင်ဖြစ်လာမှာ သေချာပါတယ်။

Su Yi Htet (Akhayar)