၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီရဲ့ ဥရောပအကောင်းဆုံး ကစားသမားဆုကို ရရှိဖို့အတွက် ဘာစီလိုနာအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ Messi က ရေပန်းစားနေပါတယ်။ ဥရောပအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းမှာတော့ မက်ဆီ Messi ၊ စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ ဗန်ဒိုက် Virgil van Dijk တို့က အပြိုင်ဖြစ်နေကြသလို ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း အောင်မြင်မှုကိုယ်စီရရှိထားကြတာကြောင့် ဒီဆုကို ဘယ်ကစားသမားက ဆွတ်ခူးသွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒါပေမယ့် ပရိသတ်အများစုကတော့ ဥရောပအကောင်းဆုံး ကစားသမားဆုကို မက်ဆီ ဟာ စီရော်နယ်လ်ဒိုနဲ့ ဗန်ဒိုက် တို့ကိုကျော်ဖြတ်ပြီး ရရှိလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

နာမည်ကျော်အားကစားဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ SPORTbible က ဥရောပအကောင်းဆုံး ကစားသမားဆုကို ဘယ်သူရမလဲဆိုပြီး Twitter မှာ Post တင်မဲပေးရွေးချယ်ခံခဲ့ရာမှာတော့ ပရိသတ်ပေါင်း(၁၇၀၀၀)ကျော်ကမဲပေးခဲ့ကြပါတယ်။ မဲပေးမှုရဲ့ ရလဒ်မှာတော့ ဥရောပအကောင်းဆုံး ကစားသမားဆုကို ရရှိမယ့် ကစားသမားအဖြစ် မက်ဆီက (၅၁)ရာခိုင်နှုန်း ၊ ဗန်ဒိုက်က (၃၃)ရာခိုင်နှုန်းနဲ့ စီရော်နယ်လ်ဒို က (၁၅)ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်အများစုရဲ့ ဆန္ဒဟာ မက်ဆီ ဖြစ်နေပြီး တကယ့်လက်တွေ့မှာတော့ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရမှာပါ။ မက်ဆီ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း(၅၀)ကစား (၅၁)ဂိုးသွင်းယူနိုင်ခဲ့ပြီး လာလီဂါနဲ့ စပိန်စူပါဖလားတွေကို ရရှိခဲ့သလို တစ်ဦးချင်းထူးချွန်ဆုတွေအဖြစ်လည်း ပီချီချီဆုနဲ့ ဥရောပရွှေဖိနပ်ဆုတွေကို ရရှိခဲ့ပါတယ်။ ဥရောပအကောင်းဆုံး ကစားသမားဆုကိုတော့ ဒီနေ့ည မိုနာကိုမှာ ကျင်းပပြုလုပ်မယ့်၂၀၁၉ – ၂၀၂၀ ချန်ပီယံလိဂ် အုပ်စုမဲခွဲပွဲ အခမ်းအနားမှာ ချီးမြှင့်သွားမှာဖြစ်ပါတယ်။

Ref: SPORTbible
Photo: Everything Barca ,  BeSoccer
Ko Kyue(Akhayar)
www.akhayar.com