ဒီရာသီ မန်ယူအသင်းရဲ့ အခြေအနေကတော့ အားလုံးသိတဲ့အတိုင်း စိတ်ပျက်စရာတွေ ချည်းပါပဲ။ အခုဆိုရင်လည်း အသင်းရဲ့ကွင်းလယ်မှာ စိတ်ဓာတ်ပိုင်းကောင်းကောင်း ၊ ကြိုးစားမှုအပြည့်နဲ့ကစားတဲ့ ကွင်းလယ်လူ ဟာရဲရား Herrera ဟာလည်း အသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်တာကြောင့် မန်ယူအသင်းရဲ့ ကွင်းလယ်မှာ ဒေါင်ဒေါင်မြည်ကစားသမားဆိုလို့ ပေါ့ဘာ Pogba တစ်ဦးတည်းသာကျန်ပါတော့တယ်။ လက်ရှိမှာ မန်ယူအသင်းဟာ လူငယ်ကစားသမားတွေကို ပစ်မှတ်ထားနေပေမယ့် လက်တွေ့မှာတော့ တန်းဝင်ပြီးသား ၊ အဆင့်တစ်ခုမှာရှိပြီးသားကစားသမားကိုခေါ်ယူမှသာ အရင်လိုအဆင့်အတန်းမျိုးကို ပြန်ရောက်ဖို့ နီးစပ်နိုင်မှာဖြစ်ပါတယ်။ အခု ဒီ Article မှာတော့ မန်ယူအသင်း ခေါ်ယူဖို့ စဉ်းစားရမယ့် ကမ္ဘာ့အဆင့်ကွင်းလယ်ကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Thiago Alcantara

မန်ယူအသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂိုအယ်လ်ကန်တာရာ Thiago Alcantara ကို ဘာစီလိုနာအသင်းမှာ ကစားကတည်းက စိတ်ဝင်စားခဲ့တာပါ။ လက်ရှိမှာ သီယာဂိုအယ်လ်ကန်တာရာ ရဲ့ အသက်ဟာ (၂၈)နှစ်ရှိပြီဖြစ်သလို စပိန်မြေနဲ့ ဂျာမန်မြေမှာလည်း ဆုဖလားတွေအားလုံးကို ရယူခဲ့ပြီးပြီဖြစ်တာကြောင့် သူ့အနေနဲ့ စိန်ခေါ်မှုအသစ်တွေအတွက် အင်္ဂလန်မြေကို ပြောင်းရွှေ့သင့်ပြီး မန်ယူအသင်း အနေနဲ့လည်း အပြောင်းအရွှေ့အတွက် စုံစမ်းမှုတွေ ပြုလုပ်သင့်ပါတယ်။

Verratti

PSG ကွင်းလယ်လူ ဗာရက်တီ Verratti ကို မန်ယူအသင်းဟာ အမြဲလိုလို စိတ်ဝင်စားခဲ့ပေမယ့် လက်တွေ့မှာတော့ ခေါ်ယူနိုင်ဖို့က ခက်ခဲပါတယ်။ ပြင်သစ်မြေမှာ အောင်မြင်မှုတွေအားလုံးရရှိထားတဲ့ ဗာရက်တီ အနေနဲ့ စိန်ခေါ်မှုအသစ်တွေအတွက် အသင်းပြောင်းမယ်ဆိုရင်တော့ ကစားသမားဘ၀ တစ်ဆင့်မြင့်တက်နိုင်မယ့် ဘာစီလိုနာ ၊ ရီးယဲလ်တို့ကိုသာ စဉ်းစားဖို့ရှိနေပါတယ်။

Dele Alli

မန်ယူအသင်း အနေနဲ့ လက်တွေ့ကျကျစဉ်းစားပြီး ကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူမယ်ဆိုရင်တော့ စပါးကွင်းလယ်လူ ဒယ်လီအလီ Dele Alli ဟာ အဖြစ်သင့်ဆုံးကစားသမားလို့ ပြောချင်ပါတယ်။ ဒယ်လီအလီ ဟာ အသင်းအတွက် အရာအားလုံးပေးဆပ်ကစားတတ်သလို ဂိုးသွင်းစွမ်းရည်လည်းမြင့်တဲ့ ကစားသမားဖြစ်ပြီး အင်္ဂလန်သားလည်းဖြစ်တာကြောင့် မန်ယူအသင်းနဲ့ သင့်တော်တဲ့သူပဲဖြစ်ပါတယ်။ စပါးအသင်းမှာ ဒယ်လီအလီ ဟာ တစ်ပတ်လုပ်ခပေါင်(၅၅၀၀၀)သာရရှိနေပြီး သူ့ရဲ့စွမ်းဆောင်ရည်အရ ဒီထက်ပိုပြီးရရှိသင့်ပါတယ်။ ဒယ်လီအလီ ကိုခေါ်ယူမယ်ဆိုရင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို သုံးရဖို့ရှိပေမယ့် မန်ယူအသင်းအတွက် အမှားမရှိနိုင်တဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်လာပါလိမ့်မယ်။

Saul Niguez / Koke

အက်သလက်တီကို ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဆာအူလ် Saul Niguez နဲ့ ကိုကီ Koke တို့ဟာလည်း မန်ယူအသင်းရဲ့ပစ်မှတ်ထဲမှာရှိနေသူတွေပါ။ ဒါပေမဲ့ အက်သလက်တီကိုအသင်းဟာ ရာသီကုန်မှာ ဂရစ်ဇ်မန်း Griezmann ၊ လူးကပ်စ်ဟာနန်ဒက်ဇ် Lucas Hernandez နဲ့ အသင်းခေါင်းဆောင် ဂိုဒင် Godin တို့ကိုလက်လွှတ်ရမှာဖြစ်တာကြောင့် နောက်ထပ် အဓိကကစားသမားတွေကို ဆုံးရှုံးခံဖို့ကတော့ ရာခိုင်နှုန်းနည်းနေပါတယ်။

Ref: Sportskeeda
Photo: Sporting News , Goal.com , The Independent , Metro
Ko Kyue(Akhayar)
www.akhayar.com