ဘွဲ့ရခါစလူငယ်တွေအနေနဲ့ လုပ်ငန်းခွင်ရောက်ပြီဆိုတာနဲ့ မနေတတ်မထိုင်တတ်ဖြစ်တတ်ပါတယ်။ စာသင်ခန်းနဲ့သာ ရင်းနှီးခဲ့တဲ့ လူငယ်တွေအနေနဲ့ လုပ်ငန်းခွင်က အသားကျမှာ မဟုတ်ပါဘူး။ “အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်” ဆိုသလို အနေအထိုင် မတတ်ရင် အလုပ်ထုတ်ခံရတာတွေဘာတွေ ဖြစ်တတ်ပါတယ်။ ပထမဆုံးအလုပ်မှာ အလုပ်ထုတ်ခံရပြီဆိုရင် နောက်အလုပ်တွေမှာ အဆင်ပြေဖို့ မလွယ်တော့ပါဘူး။ အဲဒီတော့ ပထမဆုံးအလုပ်မှာပဲ နေရာရပြီး တာထွက်လှစေဖို့ လမ်းညွှန်ချက်တွေကို ဖော်ပြလိုက်ပါတယ်။

(၁) အချိန်တိကျပါ။

အလုပ်ကို ဘယ်တော့မှ နောက်မကျစေပါနဲ့။ အကြောင်းအမျိုးမျိုးကြောင့် အလုပ်နောက်ကျမယ်ဆိုရင် မန်နေဂျာကို ကြိုတင်ပြီး အသိပေးပါ။ အလုပ်ပြန်ချိန်ကိုလည်း လူကြီးတွေ မဆင်းခင် မဆင်းပါသေးနဲ့ဦး။ အလုပ်ရှင်တွေက အချိန်လေးစားတဲ့ ဝန်ထမ်းတွေကို သဘောကျတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပေမယ့် ကိုယ်ပိုင်အလုပ်လို ကြိုးစားတတ်ပါစေ။

 (၂) အမှားလုပ်မိရင် အချိန်မီအကြောင်းကြားပါ။

ဘယ်သူမှတော့ မွေးကတည်းက တတ်လာတာ မဟုတ်ပါဘူး။ တဖြည်းဖြည်း သင်ယူသွားကြတဲ့သူတွေချည်းပါပဲ။ လုပ်ငန်းအတွေ့အကြုံမရှိသေးတဲ့ ဂျူနီယာအတွက် အမှားအယွင်းဆိုတာ တွေ့ကြုံနိုင်တာပါ။ အမှားတိုင်းဟာ အပြစ်မဟုတ်ပါဘူး။ ကိုယ့်အမှားကို အထက်လူကြီးထံ အချိန်မီပြောပြလိုက်ပါ။ ဒါမှသာ အချိန်မီပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ သူတို့မေးမှ ကိုယ့်ဘက်က ဝန်ခံရပြီဆိုရင် အလုပ်မဟုတ်တော့ပါဘူး။

(၃) မှတ်စုထုတ်တတ်ပါစေ။

အစည်းအဝေးခန်းမထဲကို ဝင်လိုက်တာနဲ့ အထက်လူကြီးတွေရဲ့ ညွှန်ကြားချက်တွေကို မှတ်စုထုတ်တတ်ပါစေ။ အစည်းအဝေးထိုင်နေတုန်း ဖုန်းဝင်တာမျိုး မဖြစ်ရအောင် စက်ပိတ်ထားပါ။ အခွင့်မရှိဘဲနဲ့ အစည်းအဝေးခန်းထဲမှာ ကွန်ပျူတာ ယူသွားတာမျိုး မလုပ်ပါနဲ့။ အစည်းအဝေးခန်းမထဲသာ မှတ်စုစာအုပ်သာ ဆောင်သွားပါ။

(၄) စိန်ခေါ်မှုကို လက်ခံတတ်ပါစေ။

ပေးအပ်လာတဲ့ တာဝန်တွေကို များတယ်၊ မလုပ်နိုင်ဘူးလို့ သဘောမထားဘဲ စိန်ခေါ်မှုတစ်ခုလို နှလုံးသွင်းထားပါ။ မလုပ်ဖူးသေးတဲ့ တာဝန်ကို ပေးအပ်လာမယ်ဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားပါ။ ဘယ်သူက ကျွမ်းကျင်တယ်၊ ဘယ်သူ့ကို အကူညီတောင်းရမယ်ဆိုတာလည်း သိထားပါ။ အဆင်ပြေသွားပါလိမ့်မယ်။

(၅) ၆လမပြည့်ခင် အလုပ်မထွက်ပါနဲ့။

လုပ်ငန်းခွင်မှာ မန်နေဂျာ၊ စီနီယာဝန်ထမ်းတွေနဲ့ အဆင်မပြေခဲ့ရင်တောင် ၆လမပြည့်မချင်း အလုပ်မထွက်ပါနဲ့။ ပထမအလုပ်မှာ ယာယီပဲလုပ်လာခဲ့တယ်ဆိုရင် ဒုတိယအလုပ်အင်တာဗျူးမှာ ဒုက္ခရောက်တတ်ပါတယ်။ လုံးဝအဆင်မပြေတော့လို့ ထွက်ရတော့မယ်ဆိုရင် CV Form ထဲမှာ လုပ်ငန်းအတွေ့အကြုံထည့်မရေးပါနဲ့တော့။ ယာယီပဲအလုပ်လုပ်ခဲ့တာက အားနည်းချက်ဖြစ်တတ်ပါတယ်။

ကဲ . . . အခုဖော်ပြခဲ့တာကတော့ လုပ်ငန်းခွင်ဝင်ခါစ လူငယ်တွေအတွက် လမ်းညွှန်ချက်တွေပါပဲ။ ပထမဆုံးအလုပ်မှာ လိုချင်တဲ့လစာထက် ရနိုင်တဲ့လစာကို တောင်းတတ်ဖို့ကလည်း လိုအပ်ပါသေးတယ်။ ကဲ . . ပထမဆုံးအလုပ်မှာ တွေ့ကြုံရခဲ့တဲ့ အခက်အခဲတွေကိုလည်း ရင်ဖွင့်သွားပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com