လစာထုတ်ရက်ကြီးက Happy Friday ဖြစ်နေတော့ ၀န်ထမ်းတွေစိတ်ကြိုက်ကဲလို့ရပါပြီ။ ဒီနေ့ရော၊ မနက်ဖြန်ရောကတော့ စိတ်ကြိုက် Night Out ထွက်ကြဖို့ အသင့်တော်ဆုံးအချိန်ပါပဲ။ ပိုက်ဆံလည်းရှိနေတယ်။ အချိန်လည်းရှိနေတယ်။ ဒီည Bar မသွားဘဲ ကုတ်ကုတ်လေးအိမ်ပြန်သွားမယ့်လူကတော့ ရှားပါလိမ့်မယ်။ တစ်ခုရှိတာက Bar ဆိုတဲ့နေရာဟာ မောပန်းသမျှတွေဖြေဖျောက်ပြီး စိတ်လွတ်လက်လွတ်ကဲလို့ရတဲ့နေရာဆိုပေမယ့် ဘယ်နေရာမှာပဲဖြစ်ဖြစ် လူ့ယဉ်ကျေးတို့ရဲ့ ထုံးစံအတိုင်း လိုက်နာရမယ့် လူ့ကျင့်ဝတ်လေးတွေကတော့ အသီးသီးရှိနေပါတယ်။ Bar ကို ရောက်တိုင်း ကျွန်မတို့တွေ သတိမထားမိဘဲ ဘာတွေများ မှားယွင်းလုပ်မိနေကြလဲဆိုတာကိုရော သိပါသလား။

Tipper တစ်ယောက်မဖြစ်ပါစေနဲ့

ကိုယ့်ကို အကောင်းဆုံးဝန်ဆောင်မှုပေးလို့ Bar ၀န်ထမ်းလေးတွေကို Tip Money ပေးတာက ကောင်းတဲ့အမူအကျင့်တစ်ရပ်ပါ။ စိတ်ချမ်းသာရတယ်ဆိုရင် အမြဲတမ်းပေးခဲ့ဖို့ မမေ့ပါနဲ့။ ဒါပေမယ့် ဒီနေရာမှာ နည်းနည်းလေးမူးဝေလာတာနဲ့ လက်ဖွာပြီး တွေ့သမျှအကုန်ပေး၊ အများကြီးပေးနေတတ်တဲ့ Tipper တစ်ယောက်တော့ မဖြစ်ဖို့လိုအပ်ပါတယ်။ အများဆုံး ၅ ရာခိုင်နှုန်းပေးတယ်ဆိုရင်ပဲ အဆင်ပြေပါပြီနော်။ လူအထင်ကြီးအောင် ပေါပေါလောလောပေးတတ်တဲ့အကျင့်က ၀န်ထမ်းတွေကိုလည်း စည်းကမ်းပျက်စေသလို သင့်အတွက်လည်း မကောင်းပါဘူး။

ပိုက်ဆံကိုဝှေ့ယမ်းပြီး ၀န်ထမ်းတွေကိုမခေါ်ပါနဲ့

ဘာဖြစ်လို့လည်းလို့ မေးလိုက်ရင် ဒီလောက်ရိုင်းတဲ့အပြုအမူမျိုးကို လူယဉ်ကျေးတစ်ယောက်အနေနဲ့ မလုပ်သင့်ဘူးလို့ပဲ ဖြေပါရစေ။ ဒီနေ့မနက်ဖြန်လို လူရှုပ်လွန်းတဲ့နေ့မျိုးမှာ မှာယူစရာအတွက် စားပွဲထိုးခေါ်ယူရတဲ့အခါ ခက်ခဲတာတော့ နားလည်ပါတယ်။ ဒါပေမယ့် Attention ရချင်လို့ပဲဖြစ်စေ၊ ဦးစားပေးခံချင်လို့ပဲဖြစ်စေ ဒီလိုအပြုအမူမျိုးကိုတော့ မူးနေရင်တောင် မလုပ်ဖို့သတိပေးချင်ပါတယ်။ လူကြားထဲမှာ ကိုယ်ဘယ်လောက်ရိုင်းတယ်ဆိုတာ လူမသိပါစေနဲ့။

မရတာတွေလျှောက်မလုပ်ခိုင်းပါနဲ့

Beer Bar သွားပြီး Cocktail မှာတာမျိုး၊ Cocktail Bar သွားပြီး Beer မှာသောက်တာမျိုးတွေ မလုပ်ပါနဲ့။ စားစရာမှာရင်လည်း ဆိုင်မှာလက်ရှိမရနိုင်တဲ့အစားအသောက်ကို တကူးတကလုပ်ခိုင်းတာမျိုးတွေဟာ ၀န်ထမ်းတွေကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ မသွားခင်ကတည်းက ကိုယ့်အကြိုက်နဲ့လိုက်ဖက်တဲ့ Bar ကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

ဝန်ထမ်းကိုရွေးချယ်ခိုင်းတာမျိုးတွေမလုပ်ပါနဲ့

Menu ထဲမှာ မှာစရာတွေအရမ်းများတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကိုယ်သဘောကျတဲ့အစားအသောက်ကို ကိုယ်မှာစားပါ။ Bar ၀န်ထမ်းနဲ့ စားပွဲထိုးတွေကို အဆင်ပြေတာချပေးပါ ဆိုတာမျိုး၊ စားကောင်းတာပေးပါ ဆိုတာမျိုး စတဲ့ ရွေးချယ်မှုတွေကို မလုပ်ခိုင်းပါနဲ့။ ဒါကလည်း သူတို့တစ်တွေကို အခက်အခဲတွေ့စေပါတယ်။ နောက်ပြီး သူတို့ကောင်းမယ်ထင်တာမျိုးတွေကို လာချပေးရင်လည်း သင်ကြိုက်ချင်မှ ကြိုက်မှာပါ။ သင့်အကြောင်း သင်ပဲသိပါတယ်။

Free မတောင်းပါနဲ့

သင် ကံကောင်းရင် Free ရပါလိမ့်မယ်။ အသီးတစ်ပွဲပဲဖြစ်ဖြစ်၊ ဘီယာတစ်ခွက်ဆီပဲဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် သင့်ကို လာမပြောဘဲနဲ့တော့ Free သွားမတောင်းလိုက်ပါနဲ့။ သူတို့အဆင်ပြေရင် ပေးပါလိမ့်မယ်။ ပေးရင်တော့ Tip ကောင်းကောင်းပေးလိုက်ပါ။

ဒါကတော့ Bar တွေသွားရင် မလုပ်မိအောင် သတိထားရမယ့်အချက်လေးတွေပါ။ ဒါမျိုးလေးတွေက သိပ်သတိမထားမိတဲ့အချက်လေးတွေဖြစ်ပေမယ့် ပတ်ဝန်းကျင်ကတော့ သတိထားမိပါတယ်။ Bar မို့လို့၊ Club မို့လို့ လွတ်လွတ်လပ်လပ်နေလို့ရတယ်ဆိုပေမယ့် ယဉ်ကျေးမှုလေးတွေတော့ ကိုယ်စီရှိသင့်ပါတယ်နော်။ မူးတတ်တဲ့လူဆိုရင်လည်း ကိုယ့် Limit ကို ကိုယ်ထိန်းရင်း တခြားလူတွေကိုလည်း အနှောက်အယှက်မဖြစ်အောင် ပျော်ကြရအောင်။

Moethaesay (Akhayar)

www.akhayar.com