ချယ်လ်ဆီးအသင်းနဲ့ လမ်းပတ် Lampard တို့ရဲ့ပြန်လည်ပေါင်းစည်းမှုကတော့ အားလုံးအတွက် စိတ်ကျေနပ်စရာကောင်းခဲ့ပြီး ပျော်ရွှင်စရာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာပဲ ကျေနပ်နေလို့ မရဘဲ ချယ်လ်ဆီးအသင်းအတွက် လမ်းပတ် လုပ်ပေးရမှာတွေ အများကြီးရှိနေပါတယ်။ အခု ဒီ Article မှာတော့ ချယ်လ်ဆီးအသင်းမှာ လမ်းပတ် ပြုလုပ်သွားရမယ့် အကြောင်းအရာတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

လမ်းပတ် ဟာ ချယ်လ်ဆီးအသင်းမှာ ပုံစံကောင်းပျောက်ဆုံးနေတဲ့ ကွင်းလယ်လူ ကွန်တေ Kante ကို အကူအညီပေးသွားဖို့လိုအပ်ပါတယ်။ ကွန်တေ ဟာ ကစားသမားကောင်းတစ်ဦးဖြစ်ပေမယ့် နည်းပြဆာရီ Sarri လက်ထက်မှာ သူ့နေရာမဟုတ်တဲ့ နေရာမှာကစားရသလို ယော်ဂျင်ဟို Jorginho ကို ဦးစားပေးလွန်းတဲ့ ဆာရီရဲ့ နည်းဗျူဟာတွေကြောင့် အသင်းမှာ အရင်ကလို ပုံစံကောင်းပြနိုင်ဖို့ ခက်ခဲနေတာပါ။ လမ်းပတ် အနေနဲ့ ကွန်တေ ကို သူ့ရဲ့နေရာအမှန်မှာ ပြန်ကစားခွင့်ပေးခဲ့ရင်တော့ အရင်ကလို ကွန်တေ ကိုပြန်မြင်ရမှာ သေချာပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ခဲ့တဲ့ လူငယ်တောင်ပံတိုက်စစ်ကစားသမား အိုဒွိုင်းလ် Callum Hudson-Odoi ရဲ့ အနာဂတ်ဟာ လှုပ်ခတ်မှုတွေရှိနေတာ အားလုံးအသိပါ။ ဒီအနေအထားကြောင့် အိုဒွိုင်းလ် ရဲ့ အနာဂတ်ဘယ်ကို ရောက်ရှိသွားမလဲဆိုတာ စိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမယ့် လမ်းပတ် ဟာ လူငယ်ကစားသမားကောင်းတွေကို နေရာပေးတဲ့နည်းပြဖြစ်သလို အိုဒွိုင်းလ်ဟာလည်း အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုပြီးဖြစ်တာကြောင့် သူ့ရဲ့အနာဂတ်က ပြီးခဲ့တဲ့ ဘောလုံးရာသီကထက် နေရာပိုရလာဖို့လည်းရှိနေပါတယ်။

ချယ်လ်ဆီးအသင်းမှာ လမ်းပတ် ဆုံးဖြတ်သွားရမှာ တစ်ခုရှိနေပါတယ်။ ဒါကတော့ သူ့ရဲ့ချယ်လ်ဆီးအသင်း ဦးစားပေးတိုက်စစ်မှူးက ဘယ်သူလဲဆိုတာပါပဲ။ အေပြာင်းအရွှေ့ လုပ်ဆောင်ခွင့်ပိတ်ခံထားရတဲ့ ချယ်လ်ဆီးအသင်းဟာ ကစားသမားသစ်ခေါ်ခွင့်မရှိတာကြောင့် လက်ရှိအသင်းမှာ တိုက်စစ်မှူးတွေအဖြစ် ဂျရူး Giroud နဲ့ အငှားကနေ ပြန်ရောက်လာတဲ့ အေဘရာဟမ် Abraham ၊ ဘတ်ရှုအာယီ Batshuayi တို့ရှိနေပါတယ်။ ဒီတိုက်စစ်မှူး (၃)ဦးထဲမှာတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဂျရူး နဲ့ အေဘရာဟမ် ( ဗီလာအငှား)တို့က ပုံစံကောင်းပြနိုင်ခဲ့တာကြောင့် လမ်းပတ် ရဲ့ချယ်လ်ဆီးအသင်း ဦးစားပေးတိုက်စစ်မှူးက သူတို့(၂)ဦးထဲက (၁)ဦးပါပဲ။

ချယ်လ်ဆီးအသင်းမှာ လူပိုလိုဖြစ်နေတဲ့ ကွင်းလယ်ကစားသမားတစ်ဦးရှိပါတယ်။ သူကတော့ ကွင်းလယ်လူ ဒရင့်ဝါတာ Drinkwater ပဲဖြစ်ပါတယ်။ လမ်းပတ် အနေနဲ့ ဒရင့်ဝါတာ ကို အသင်းမှာ နေရာပေးမလား ၊ ရောင်းထုတ်သွားမလားဆိုတဲ့ (၂)ခုထဲက (၁)ခုကိုတော့ ရွေးချယ်ရမှာပါ။ ဒရင့်ဝါတာ ဟာ လက်စတာအသင်းမှာတုန်းက ကွန်တေ နဲ့ အတွဲအဖက်ညီခဲ့တာကြောင့် ဒီကွင်းလယ်အတွဲကို လမ်းပတ် အသက်ပြန်သွင်းမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်မှာ ယော်ဂျင်ဟို ၊ ကိုဗာချစ် Kovacic နဲ့ အငှားကပြန်လာတဲ့ ဘာကာယိုကို Bakayoko တို့လည်းရှိတာကြောင့် ဒရင့်ဝါတာ အတွက် နေရာရဖို့ကတော့ သိပ်မလွယ်ပါဘူး။

လမ်းပတ် ဟာ ချယ်လ်ဆီးအသင်းမှာ လူငယ်ကစားသမားတွေကို နေရာပေးသွားမှာကတော့ သေချာနေတဲ့ အရာတစ်ခုပါ။ လမ်းပတ် လက်ထက် ချယ်လ်ဆီးအသင်းဟာ အရင်အသင်းတွေနဲ့ ကွဲလွဲချက်ရှိလာမှာကတော့ သေချာပါတယ်။ လူငယ်ကစားသမားတွေကို လမ်းပတ် ဟာ တိုးတက်အောင် လမ်းညွန်မှုပေးနိုင်တာက ချယ်လ်ဆီးအသင်းအတွက် ကောင်းမွန်တဲ့ အချက်တစ်ချက်ဖြစ်ပြီး ဥပမာတစ်ခုကိုပြပါဆိုရင်တော့ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဒါဘီအသင်းမှာ အငှားနဲ့ ကစားခဲ့တဲ့ ချယ်လ်ဆီး လူငယ်ကွင်းလယ်လူ မေဆင်မောက် Mason Mount ကိုပြချင်ပါတယ်။

လမ်းပတ် လက်ထက် ချယ်လ်ဆီးအသင်းရဲ့ အခြေအနေတွေကတော့ စိတ်ဝင်စားစရာပါ။ လာမယ့် ဘောလုံးရာသီမှာတော့ လမ်းပတ် ရဲ့ ချယ်လ်ဆီးအသင်း ဘယ်လိုစွမ်းဆောင်ရည်ကောင်းတွေကို ပြသသွားမလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Ref: Sportskeeda
Photo: Sportskeeda , Chelsea Twitter
Ko Kyue(Akhayar)
www.akhayar.com