၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲဟာ အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပြီဖြစ်ပြီး အိမ်ရှင်ဘရာဇီးလ်အသင်းကတော့ ရေပန်းစားခဲ့တဲ့အတိုင်း ချန်ပီယံဆုကိုရရှိခဲ့ပါတယ်။ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲဟာ ပြိုင်ပွဲရဲ့ အရှိန်မြင့်တက်လာတာနဲ့ အမျှရင်ခုန်စရာလည်းကောင်းခဲ့ပြီး ပြောချင်စရာအကြောင်းအရာတွေလည်း များခဲ့ပါတယ်။ အခု ဒီ Article မှာတော့ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲက ပြောစမှတ်ဖြစ်ခဲ့တဲ့ အကြောင်းအရာများ အပိုင်း(၁)ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဂျပန်အသင်း

၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ထုံးစံအတိုင်း အာရှက ဂျပန်အသင်းဟာ ဧည့်သည်အသင်းအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဒီပြိုင်ပွဲကိုလာရောက် ယှဉ်ပြိုင်ကစားတဲ့ ဂျပန်အသင်းမှာ လူငယ်ကစားသမားတွေများခဲ့ပြီး အသင်းအတွက် တစ်ပွဲမှမကစားပေးရသေးတဲ့ ကစားသမားတွေလည်းပါဝင်ခဲ့တာကြောင့် ပြိုင်ပွဲအပေါ်လေးစားမှုမရှိခဲ့ဘူးလို့ ဝေဖန်ခဲ့ကြတာပါ။ လူငယ်ကစားသမားတွေပါဝင်တဲ့ အသင်းနဲ့ ဂျပန်အသင်းဟာ ပြိုင်ဘက်တွေကို ရင်ဆိုင်ခဲ့ပေမယ့် ပုံစံကောင်းတစ်ခုကိုတော့ပြသခဲ့ပြီး အုပ်စုတွင်း(၃)ပွဲမှာ (၂)ပွဲသရေ ၊ (၁)ပွဲရှုံးရလဒ်ရရှိခဲ့ပါတယ်။

Suárez ရဲ့ ရယ်ရွှင်ဖွယ်ရာ အဖြစ်အပျက်များ

ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ် Suárez ကတော့ သူ့ရဲ့ပုံစံအတိုင်းတစ်ခုမဟုတ်တစ်ခုတော့ လုပ်ပြလိုက်ရမှာပါ။ ဒါကတော့ ဂိုးသမားလက်နဲ့ ဘောလုံးထိတာကို ဆွာရက်ဇ် က ပယ်နယ်တီတောင်းခဲ့တာဖြစ်ပါတယ်။ ချီလီအသင်းကို (၁-၀)နဲ့ အနိုင်ရခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ ဆွာရက်ဇ်ဟာ ပယ်နယ်တီဧရိယာထဲက သူ့ရဲ့ကန်ချက်က ချီလီဂိုးသမား Arias လက်နဲ့ထိသွားတာကြောင့် လက်ထောင်ပြီး ပယ်နယ်တီတောင်းခဲ့တာပါ။ ဂိုးသမားရဲ့ လက်နဲ့ထိတာကို ပယ်နယ်တီတောင်းခဲ့တဲ့ ဆွာရက်ဇ် ကတော့ ရှားမှရှားလို့ပဲ ပြောရပါလိမ့်မယ်။ အဲဒီပွဲမှာပဲ ကွင်းထဲကို ပရိသတ်တစ်ဦး ၀င်ရောက်လာချိန်မှာ ချီလီကစားသမား ဂျာရာ Jara က လုံခြုံရေးတွေ ဖမ်းဆီးနိုင်အောင် အဲဒီပရိသတ်ကို ခြေထောက်ထိုးခံခဲ့တော့လည်း ဆွာရက်ဇ်က ပရိသတ်ကို အနာတရဖြစ်အောင်လုပ်လို့ ဂျာရာ အနီကတ်နဲ့ ထုတ်ခံသင့်တယ်ဆိုပြီး ဒိုင်လူကြီးကို စောဒကတက်ခဲ့ပါသေးတယ်။

၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ပြန်လည်တောက်ပခဲ့တဲ့ Sanchez

မန်ယူအသင်းမှာ စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဆန်းချက်ဇ် Sanchez ဟာ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူ့ရဲ့ပုံမှန်ခြေစွမ်းကို ပြသခဲ့ပြီး ပြန်လည်တောက်ပခဲ့ပါတယ်။ မန်ယူ ဆန်းချက်ဇ်နဲ့ ချီလီ ဆန်းချက်ဇ် တစ်ယောက်စီလို့ထင်ရအောင် ဆန်းချက်ဇ် ဟာ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းဖော်တွေရဲ့ တွဲကစားမှုကြောင့်လည်း အခုလိုပုံမှန် ခြေစွမ်းကိုပြသနိုင်ခဲ့တာပါ။ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဆန်းချက်ဇ် ဟာ ချီလီအသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ကစားခဲ့ပြီး သွင်းဂိုး(၂)ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဆန်းချက်ဇ် ဟာ အာဂျင်တီးနားအသင်းနဲ့ ကစားခဲ့တဲ့ ကိုပါအမေရိကဖလား တတိယနေရာလုပွဲမှာတော့ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ဒီအနေအထားကြောင့် ပွဲချိန်(၁၇)မိနစ်မှာ ဖာနန်ဒက်စ် Fernándes နဲ့ လူစားလဲခံခဲ့ရပါတယ်။ အဲဒီပွဲမှာ ဆန်းချက်ဇ် စောစောစီးစီးလူစားလဲခံခဲ့ရတာကြောင့် ချီလီအသင်းရဲ့ တိုက်စစ်ဟာ လိုအပ်ချက်တွေများခဲ့ပါတယ်။

ပယ်နယ်တီအဆုံးအဖြတ်တွေများခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်များ

၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ထူးထူးခြားခြား အနေနဲ့ သွင်းဂိုး(၂)ဂိုးသာ မြင်တွေ့ခဲ့ရပါတယ်။ ဒီသွင်းဂိုးတွေကို ဗင်နီဇွဲလား ( ၀ – ၂ ) အာဂျင်တီးနားပွဲစဉ်မှာ မြင်တွေ့ခဲ့ရတာဖြစ်ပြီး ကျန်တဲ့ပွဲစဉ်(၃)ပွဲကတော့ ပွဲချိန်အတွင်း ဂိုးမရှိသရေကျနေခဲ့ကြတာကြောင့် ပယ်နယ်တီအဆုံးအဖြတ်တွေကို ခံယူခဲ့ကြရပါတယ်။

VAR ကို ပေါပေါများများသုံးစွဲခဲ့ကြတဲ့ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ

VAR ကြောင့် ဘောလုံးပွဲတွေမှာ ပယ်နယ်တီတွေကို ပိုပြီးမြင်တွေ့လာရတာ ပုံမှန်အနေအထားဖြစ်ပေမယ့် ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာတော့ VAR ကို သွင်းဂိုးတွေ ပယ်ဖျက်ဖို့အတွက် ပိုအသုံးပြုခဲ့ကြပါတယ်။ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ တစ်လျှောက်လုံး ဒီအခြေအနေဟာ ထင်သာမြင်သာရှိခဲ့ပြီး ဂိုးပေးလို့ရတဲ့ အနေအထားတွေကိုပါ VAR နဲ့ ပယ်ဖျက်ခဲ့ကြတာကြောင့် ခံစားခဲ့ရတဲ့ အသင်းတွေအတွက်တော့ ပေးဆပ်မှုက ကြီးမားစေခဲ့တာ အမှန်ပါပဲ။

အခု ပရိသတ်တွေကို ဖော်ပြပေးခဲ့တာကတော့ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲက ပြောစမှတ်ဖြစ်ခဲ့တဲ့ အကြောင်းအရာများ အပိုင်း(၁)ဖြစ်ပါတယ်။ အပိုင်း(၂)ကို ဆက်လက်ဖော်ပြပေးသွားဦးမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Photo: Chile Twitter , AP , FIFA World Cup Facebook , Japan Twitter , Cyprus Mail
Ko Kyue(Akhayar)
www.akhayar.com