လူတွေ ဘာကြောင့် သဘာဝထုတ်ကုန်တွေကို ပိုစိတ်ဝင်စားလာကြတာလဲ

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ နည်းပညာအသစ်တွေ ထွက်ပေါ်လာတာနဲ့ အမျှ သဘာဝကိုဆန့်ကျင်ပြီး နည်းပညာအသစ်တွေနဲ့ ပေါင်းစပ်ပြုလုပ်ဖန်တီးထားတဲ့ ကုန်ပစ္စည်းတွေ အများကြီးထွက်ပေါ်လို့ လာပါတယ်။ နည်းပညာအကူအညီနဲ့ ထုတ်တဲ့ ထုတ်ကုန်တွေဟာ လိုသလောက် ပေါပေါပဲပဲ ထွက်ရှိနေတဲ့အချိန်မှာ သဘာဝနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကတော့ ရွှေလိုပဲ ရှားပါးလာပါတယ်။ ရှားပါးတဲ့ ပစ္စည်းတွေကိုမှ ပိုတန်ဖိုးထား လိုချင်ကြတယ်ဆိုတဲ့အတိုင်း သဘာဝထုတ်ကုန်တွေဟာလည်း အရေအတွက်နည်းနည်းသာ ထွက်ရှိတဲ့အတွက် လူတွေက ပိုစိတ်ဝင်စားလာကြပါတယ်။ ဒ့ါအပြင် သဘာဝထုတ်ကုန်တွေဟာ ဘေးဥပါဒ်ကင်းသလောက်ရှိတဲ့အတွက် ယုံယုံကြည်ကြည် အသုံးပြုလာကြခြင်း ဖြစ်ပါတယ်။ ဒီလို အချက်တွေအပြင် တခြားဘယ်အချက်တွေကြောင့် သဘာဝထုတ်ကုန်တွေကို လူတွေ ပိုစိတ်ဝင်စားလာရလဲဆိုတာ သိစေနိုင်ဖို့အတွက် အောက်မှာ ဆက်လက်လေ့လာကြည့်ကြရအောင်။

ပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်ရာရောက်ခြင်း

ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ကို ကိုယ်မှ မထိန်းသိမ်းရင် ကမ္ဘာကြီးဟာ တဖြည်းဖြည်း ညစ်ညမ်း ပျက်စီးလာပါလိမ့်မယ်။ ဒီလိုညစ်ညမ်းပျက်စီးလာတာဟာ လူသားတွေအတွက် ဘေးအန္တရာယ်ဖြစ်စေမှန်း တဖြည်းဖြည်းနဲ့ သိလာကြတဲ့အခါ ပတ်ဝန်းကျင်ကို မထိခိုက်အောင် နေထိုင်ရှင်သန်ဖို့ စိတ်ဝင်စားလာကြပါတယ်။ ပတ်ဝန်းကျင်ကို မထိခိုက်အောင် ရှင်သန်နေထိုင်ဖို့အတွက်က ထင်သလောက် အရမ်းကြီးမခက်ခဲပါဘူး။ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ထုတ်ကုန်တွေကို ရှောင်ရှားပြီး သဘာဝပစ္စည်းတွေကို ရွေးချယ်အသုံးပြုပေးတာကနေ စတင်ကြည့်ပါ။ ဥပမာအနေနဲ့ဆို အစားအစာတွေကို ဝယ်ယူတဲ့အခါ “Organic” ၊ “Natural” နဲ့ “Locally Sourced” လို့ ရေးထားတဲ့ဟာတွေကို ရွေးချယ်ဝယ်ယူစားသောက်က ကမ္ဘာကြီးကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးရာ ရောက်စေသလို ကျန်းမာရေးကိုလည်း ဂရုစိုက်ပြီးသားဖြစ်စေပါတယ်။

ဓာတုပစ္စည်းကင်းစင်ခြင်း

လူတွေ နေ့စဉ်ရှင်သန်နေထိုင်တဲ့ နေ့စဉ်လူနေမှုဘဝမှာ ဓာတုပစ္စည်းတော်တော်များများ ပါဝင်ပတ်သက်လို့ နေပါတယ်။ ပြောရမယ်ဆိုရင် စာရေး၊ သောက်ရေး၊ ဝတ်ရေးကအစ ကျန်းမာရေးအဆုံး ဓာတုပစ္စည်းတွေကနေ လွတ်ကင်းတယ်လို့ မရှိပါဘူး။ ထုတ်ပိုးထားတဲ့ အသင့်စား အစားအစာတွေထဲမှာ တာရှည်ခံဖို့နဲ့ ရောင်းပန်းလှဖို့အတွက် ဓာတုပစ္စည်အမျိုးမျိုး ၈၀ ရာခိုင်နှုန်းလောက် ပါဝင်နေပါတယ်။ တချို့ကြာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာတွေကို စားသုံးမိတဲ့အခါ ကင်ဆာရောဂါ ဖြစ်ပွားအောင် တိုးမြှင့်ပေးလိုက်သလိုဖြစ်စေနိုင်တဲ့အတွက် ဒါတွေကနေ လွတ်မြောက်အောင်ဆိုရင် သဘာဝအတိုင်း ဖန်တီးပြုလုပ်ထားတဲ့ အစားအစာတွေကို စားသုံးနိုင်အောင် ကြိုးစားခြင်းကသာ အကောင်းဆုံးဆိုတာ သိလာတဲ့အတွက် သဘာဝထုတ်ကုန်တွေဘက်ကို လူအများ ဦးလှည့်လာကြတာ ဖြစ်ပါတယ်။

Handmade တွေ ဖြစ်ခြင်း

Handmade ပြုလုပ်ထားတဲ့ ပစ္စည်းတွေတိုင်းဟာ အချိန်ပေးပြီး သေသေချာချာလေး ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် အရည်အသွေးပိုင်းမှာလည်း စိတ်ချရပြီး အများကြီးထုတ်တဲ့ ထုတ်ကုန်တွေလိုမျိုး စွမ်းအင်တွေကိုလည်း အရမ်းကြီး မသုံးထားတဲ့အတွက် ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်ပါတယ်။ Handmade တွေကို ဝယ်ယူတဲ့အခါမှာ ပြည်တွင်းလုပ်ငန်းရှင်တွေဆီကနေ ဝယ်ယူပေးခြင်းဖြင့် သူတို့ရဲ့ဝင်ငွေတွေကို တိုးစေသလို သူတို့ရဲ့လုပ်ငန်းတွေကိုလည်း မြေတောင်မြှောက်ပေးရာ ရောက်စေပါတယ်။ သဘာဝပစ္စည်းတော်တော်များကို Handmade အနေနဲ့ အိမ်တွင်းမှာ ထုတ်လုပ်တာဖြစ်လို့ Handmade တွေကို ဝယ်ယူပြီး ကျန်းမာရေးကိုလည်း ဂရုစိုက် ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းကြရအောင်။

စက်ရုံထုတ်ပစ္စည်းတွေမဟုတ်ခြင်း

သဘာဝထုတ်ကုန်တွေ တော်တော်များများဟာ စက်ရုံတွေမှာ မလုပ်ကြဘဲ သဘာဝအတိုင်း လုပ်ကြတာ ဖြစ်ပါတယ်။ သဘာဝအတိုင်း လုပ်ကြတာ ဖြစ်တဲ့အတွက် ဒီထုတ်ကုန်တွေကို ဝယ်ယူတဲ့အခါမျိုးမှာ ထုတ်လုပ်သူတွေနဲ့ ညိနှိုင်းပြီး ကိုယ်နဲ့မတည့်တာရှိရင် ပွင့်ပွင့်လင်းလင်းပြောပြီး အံ့ဝင်ခွင်ကျဖြစ်အောင် ပြုလုပ်ကာ ဝယ်ယူလို့ ရတဲ့အတွက် လူကြိုက်များလာကြခြင်း ဖြစ်ပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲစေခြင်း

သဘာဝထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲခြင်းဟာ ကမ္ဘာ့မြေကြီးနဲ့ ပတ်ဝန်းကျင်ကို ညစ်ညမ်းခြင်းမရှိဘဲ ရေရှည်တည်တံ့အောင် ထိန်းသိမ်းပေးတာနဲ့ တူတူပါပဲ။ သဘာဝထုတ်ကုန်တွေကို သုံးတဲ့အခါ လေထုလည်း မညစ်ညမ်းစေသလို၊ ရေထုလည်းကြည်လင်ရှင်းသန့်ကာ အစားအစာနဲ့ ကုန်ကြမ်းတွေကိုလည်း သန့်ရှင်းနေလို့ ကမ္ဘာ့မြေကြီးရဲ့ ဘယ်နေရာကိုပဲ ကြည့်ကြည့် ကြည်လင်စိမ်းလန်းပြီး နေချင်စရာကောင်းနေမှာ အသေအချာပါပဲ။

သဘာဝပစ္စည်းတွေကို ဝယ်ယူသုံးစွဲခြင်းကြောင့် ရရှိတဲ့ ဆိုးကျိုးကို ပြောရမယ်ဆိုရင် တခြားကုန်ပစ္စည်းတွေထက် ဈေးနှုန်းအနည်းငယ် ကြီးမြှင့်တာပဲ ဖြစ်ပါတယ်။ ဒါကလည်း သဘာဝအတိုင်း ဖြစ်လာစေဖို့ အချိန်တွေ အကြာကြီး ရင်းနှီးမြှုပ်နှံပြီး စိုက်ပျိုးပြုလုပ်ရတာဖြစ်လို့ ဒီလောက်ပိုယူတာကတော့ ဖြစ်သင့်ပါတယ်။ ကမ္ဘာ့ကြီး ညစ်ညမ်းပျက်စီးပြီး ကျန်းမာရေးထိခိုက်လာရင် ကုန်ကျမယ့် ကုန်ကျစရိတ်ဟာ ပိုပေးရတဲ့ ငွေကြေးလောက်တော့ မကျနိုင်တဲ့အတွက် သဘာဝထုတ်ကုန်တွေကို ဈေးကြီးပေးဝယ်ပြီး အသုံးပြုသင့်ပါတယ်နော်။

H.H(Akhayar)

www.akhayar.com