ရီးယဲလ်အသင်းဟာ အမြဲလိုလို နာမည်ကျော်တွေနဲ့သာ အသင်းတည်ဆောက်လေ့ရှိပေမယ့် လက်ရှိနည်းပြ ဆိုလာရီ Solari လက်ထက်မှာတော့ အနေအထားတွေဟာ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ ရီးယဲလ်အသင်းဟာ ရုန်းကန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် အပြောင်းအလဲတွေလုပ်ခဲ့ရပြီး ဆိုလာရီ လက်ထဲရောက်မှ အသင်းဟာ ပြန်လည် တည်ငြိမ်တိုးတက်လာခဲ့တာပါ။ ဆိုလာရီ ဟာ လူငယ်တွေကို နေရာပေးလေ့ရှိသူဖြစ်ပြီး သူ့လက်ထက်မှာ ခြေစွမ်းပိုင်း တိုးတက်လာတဲ့ လူငယ်ကစားသမားတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုအနေအထားမှာ ရီးယဲလ်အသင်းရဲ့ နာမည်ကျော်ကစားသမားတွေဟာ ပုံမှန်နေရာအတွက် တိုက်ပွဲဝင်နေရပြီး ပွဲကစားခွင့်အတွက် အာမခံချက်မရှိတဲ့ အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် အခု Akhayar Sports ပရိသတ်တွေအတွက် ရာသီကုန်မှာ ရီးယဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာနိုင်တဲ့ နာမည်ကျော်ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

Navas

ကော်တိုအာ Courtois ကြောင့် ဒီရာသီမှာ ရီးယဲလ်အသင်းရဲ့ အရန်ဂိုးသမားဖြစ်နေတဲ့ နာဗတ်စ် Navas ရဲ့ လက်စွမ်းဟာ ဘယ်လောက်ကောင်းလဲဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ လက်ရှိမှာ နာဗတ်စ်ကို ခေါ်ယူချင်တဲ့ အသင်းတွေလည်း ရှိနေတာကြောင့် ရာသီကုန်မှာတော့ာ နာဗတ်စ်ဟာ ရီးယဲလ်အသင်းကနေ ပထမဆုံးထွက်ခွာနိုင်တဲ့ ကစားသမားဖြစ်လာဖို့ရှိနေပါတယ်။

Marcelo

မာဆယ်လို Marcelo ဟာ ရာသီတိုင်းလိုလို ရီးယဲလ်အသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာလည်း ပုံမှန်ခြေစွမ်းကို ပြသနေသူပဲဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ မာဆယ်လို ဟာ အသင်းမှာ လူငယ်ကစားသမား Reguilón ကြောင့် ပုံမှန်နေရာ ပျောက်ဆုံးနေရပါတယ်။ မာဆယ်လို အတွက် ဒီအခြေအနေဟာ ကျေနပ်စရာအနေအထားတစ်ရပ်မဟုတ်တာကြောင့် သတင်းတွေထွက်နေတဲ့အတိုင်း ဂျူဗင်တပ်စ်အသင်းဆီကို ရောက်ရှိသွားမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Modrić

မိုဒရစ် Modrić ကတော့ ရီးယဲလ်အသင်းရဲ့ ကွင်းလယ်ကို ဦးဆောင်မောင်းနှင်နေသူဖြစ်ပေမယ့် အပြောင်းအရွှေ့သတင်းတွေကတော့ အမြဲလိုလို ထွက်ပေါ်နေသူပါ။ မိုဒရစ် ရဲ့ အသက်ဟာ (၃၃)နှစ်ရှိနေပြီဖြစ်တာကြောင့် လာမယ့် ရာသီ ရီးယဲလ်အသင်းမှာ သူဆက်ရှိနေပွှါမလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။

Asensio

ရီးယဲလ်အသင်းရဲ့ အလားအလာရှိတဲ့ နာမည်ကျော် လူငယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ အဆန်စီယို Asensio ဟာ ဒီနှစ်ဘောလုံးရာသီမှာ ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေတာကြောင့် အသင်းမှာနေရာရဖို့ ရုန်းကန်နေရပါတယ်။ လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက အဆန်စီယို ကိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Isco

နည်းပြဆိုလာရီ ကတော့ အစ္စကို Isco ကို အကြောင်းပြချက်မရှိ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားတာတော်တော်ကြာနေပါပြီ။ ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့ကာလက ရီးယဲလ်အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ အစ္စကို ဟာ ရာသီကုန်မှာတော့ အသင်းကနေ ထွက်ခွာဖို့ရှိနေပါပြီ။

Bale

ဘေးလ် Bale ရဲ့ ရီးယဲလ်ကစားသမားဘ၀ဟာ ဒဏ်ရာတွေနဲ့သာ ရုန်းကန်နေရတယ်ဆိုပေမယ့် အသင်းအတွက် ကစားခွင့်ရတဲ့အချိန်တိုင်း အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြနိုင်တာ အားလုံးအသိပါ။ လက်ရှိမှာလည်း ဘေးလ်ဟာ ရီးယဲလ်အသင်းကို အကြိုးပြုနေပေမယ့် ဒဏ်ရာကနေပြန်လာပြီးနောက်ပိုင်း ပုံမှန်ကစားခွင့်ပျောက်ဆုံးနေပါတယ်။ ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်(၂၅)မှာလည်း ဘေးလ်ဟာ လီဗန်တေးဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အောင်ပွဲမခံခဲ့တာကြောင့် အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေဟာ ပိုကျယ်လောင်လာခဲ့ပါတယ်။

Photo: Heightline , Goal.com , Carmon Report
Ko Kyue(Akhayar)
www.akhayar.com