လက်ရှိ လမ်းပတ် Lampard ရဲ့ ချယ်လ်ဆီးအသင်း အခြေအနေတွေကတော့ အားလုံးသိတဲ့ အတိုင်းပါပဲ။ မန်ယူကို ( ၄ – ၀ )နဲ့ ရှုံးနိမ့်ခဲ့သလို ဥရောပစူပါဖလားပွဲမှာလည်း လီဗာပူးလ်အသင်းကို ပယ်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီ(၂)ပွဲလုံးမှာ ချယ်လ်ဆီးအသင်းဟာ ခြေစွမ်းအရ မရှုံးနိမ့်ခဲ့သလို အရင်ကနဲ့မတူတဲ့ ကစားဟန်တွေကိုလည်း တွေ့ခဲ့ရပါတယ်။ ပြောရရင်တော့ အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေရှိနေပေမယ့် ကံတရားရဲ့ ဖေးမမှုက ချယ်လ်ဆီးဘက်မှာ ရှိမနေတာမျိုးဖြစ်ပါတယ်။ လက်ရှိ ပြီးစီးသွားတဲ့ ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်(၂)ပွဲမှာတော့ လမ်းပတ် အတွက် ဒီရာသီမှာ အားကိုးလောက်မယ့် ကစားသမားတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒီကစားသမားတွေဟာ လမ်းပတ် ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ပေးမယ့်သူတွေလို့ ညွန်းဆိုချင်ပြီး ဘယ်သူတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင် …

Kepa

ကီပါ Kepa ကတော့ တည်ငြိမ်မှု အပြည့်ရှိတဲ့ ဂိုးသမားတစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ကီပါ ဟာ ချယ်လ်ဆီးအသင်းကို ဂိုးသမားကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၇၁)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာကြောင့် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ပါ့မလားဆိုတဲ့ သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီအနေအထားတွေကို ကီပါ တည်ငြိမ်တဲ့ လက်စွမ်းတွေနဲ့ ချေဖျက်ခဲ့ပြီး အခု လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ဥရောပစူပါဖလားပွဲမှာလည်း လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။

Giroud

မန်ယူနဲ့ ပွဲမှာတော့ လမ်းပတ် ဟာ ဦးစားပေးတိုက်စစ်မှူးအဖြစ် အေဘရာဟမ် Abraham ကို သုံးခဲ့ပါတယ်။ ဒါပေမယ့် အခု လီဗာပူးလ်နဲ့ ပွဲမှာတော့ လမ်းပတ် ဟာ ဂျရူး Giroud ကို ဦးစားပေးတိုက်စစ်မှူးအဖြစ်သုံးခဲ့ပြီး ဂျရူး ကလည်း ထိုက်တန်တဲ့ ခြေစွမ်းနဲ့ အတူ သွင်းဂိုးတစ်ဂိုးကိုပါ သွင်းယူပေးခဲ့ပါတယ်။ အေဘရာဟမ် ဟာ တက်လူဖြစ်ပေမယ့် ဂျရူး ရဲ့ ပွဲကြီးတွေမှာ အစွမ်းပြနိုင်စွမ်းနဲ့ အသင်းကို ကယ်တင်ပေးနိုင်စွမ်းတွေကိုတော့မီဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်တစ်ချက်ကတော့ အတွေ့အကြုံပိုင်းဖြစ်ပြီး လမ်းပတ် အနေနဲ့ လက်ရှိအချိန်မှာ ဂျရူး ကို ယုံကြည်မှုပိုပေးတာက သူ့အတွက် မှန်ကန်တဲ့ အခြေအနေတစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။

Pedro

ချယ်လ်ဆီးတောင်ပံတိုက်စစ်ကစားသမား ပတ်ဒရို Pedro ကတော့ ရာသီတိုင်းလိုလို ပုံမှန်ခြေစွမ်းကို ပြသနေတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒီရာသီမှာတော့ ပတ်ဒရို ဟာ အသင်းရဲ့ စီနီယာကစားသမားတစ်ဦးဖြစ်လာခဲ့သလို အသင်းအတွက် ကြိုးစားမှု အပြည့်နဲ့ ပေးဆပ်ကစားနေတာကိုလည်းမြင်တွေ့နေရပါတယ်။ ဘောလုံးအသင်းတစ်သင်းမှာ ဒီလိုကစားသမားမျိုးဟာ အရေးပါတဲ့နေရာမှာရှိတာကြောင့် လမ်းပတ် အနေနဲ့ စီနီယာကစားသမားရဲ့ အင်အားကို မှန်မှန်ကန်ကန်အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။

Pulisic

ပူလီရှစ် Pulisic ဟာ ကစားသမားကောင်းတစ်ဦးဆိုတာ အားလုံးအသိပါ။ တိတိကျကျထပ်ပြောရရင်တော့ ပူလီရှစ် ဟာ ကြံခိုင်မှုပိုင်း အားနည်းပြီး Skill ပိုင်းပြည့်ဝတဲ့ Skill Player တစ်ဦးဖြစ်ပါတယ်။ Skill Player တွေမှာ ကြံခိုင်မှုပိုင်း အားနည်းတာက မြင်တွေ့နေကြ အရာတစ်ခုလိုဖြစ်နေပါပြီ။ လက်ရှိ ချယ်လ်ဆီးအသင်းအတွက် ပူလီရှစ် ကစားပေးထားတဲ့ ပွဲတွေကို ကြည့်ရင် အသင်းအတွက် အသုံးတည့်မယ့် ကစားသမားဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် လမ်းပတ် အနေနဲ့ ပူလီရှစ် ကို တောင်ပံတိုက်စစ်မှာ မသုံးဘဲ No.10 Role မှာ သုံးမယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေမယ်လို့ ထင်ပါတယ်။

Kante

ကွင်းလယ်လူ ကွန်တေ Kante ဟာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ခံစစ်ပိုင်းအတွက် မရှိမဖြစ်ကစားသမားဆိုတာ အားလုံးအသိပါ။ မန်ယူအသင်းကို ဂိုးပြတ်ရှုံးနိမ့်တဲ့ ပွဲတွေမှာ ဒီအချက်ဟာ ထင်သာမြင်သာရှိခဲ့ပါတယ်။ အခု လီဗာပူးလ်နဲ့ ပွဲမှာလည်း ကွန်တေ ဟာ ဒဏ်ရာကနေ ပြန်လာပြီးပြီးခြင်း အကောင်းဆုံး ခြေစွမ်းတွေကို ပြသခဲ့ပြီး အသင်းအတွက် ပုံစံကောင်းကို ပြနိုင်ခဲ့ပါတယ်။ လမ်းပတ် ရဲ့ ချယ်လ်ဆီး လက်ရှိကစားဟန်အရလည်း ကွန်တေ ဟာ အရင်ကထက် တိုက်စစ်ကို ပိုလိုက်ပါကစားလာတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

Ref: Sportskeeda
Photo: Chelsea Twitter , Goal.com , Evening Standard , Premier League
Ko Kyue(Akhayar)
www.akhayar.com