နည်းပြတစ်ဦးနဲ့ ကစားသမားတစ်ဦး လက်တွဲညီကြပြီဆိုရင် သူတို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိနေတာ သေချာပါတယ်။ ဒီလိုအနေအထားမျိုးမှာ နည်းပြဟာ ကစားသမားရဲ့ အထာကို ကောင်းကောင်းသိနေသလို ကစားသမားကလည်း နည်းပြအတွက် ရာနှုန်းပြည့်ပေးဆပ်လို စိတ်ရှိနေပါတယ်။ နည်းပြနဲ့ ကစားသမားကြားမှာ ဒီအတိုင်းအတာအထိ ရောက်သွားခဲ့ရင်တော့ နည်းပြက သူပြောင်းရွှေ့တဲ့ အသင်းမှာ ကစားသမားကို ပြန်လည်ခေါ်ယူပြီး ပြန်လက်တွဲလေ့ရှိကြပါတယ်။ အခု ဒီ Article မှာတော့ ပရီးမီးယားလိဂ်မှာ ဆရာဟောင်းနဲ့ ပြန်လည်လက်တွဲခဲ့ကြတဲ့ ကစားသမားများ အပိုင်း(၁)ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

EMMANUEL PETIT, ARSENE WENGER (1997)

ပီတစ် Petit နဲ့ အာစင်ဝင်းဂါး Arsene Wenger တို့ဟာ ပထမအကြိမ် မိုနာကိုအသင်းမှာ လက်တွဲခဲ့ကြပြီး ဒုတိယအကြိမ်အဖြစ် အာဆင်နယ်အသင်းမှာ ပြန်လက်တွဲခဲ့ကြပါတယ်။ အာစင်ဝင်းဂါး ဟာ ပီတစ် ကို ၁၉၉၇ ခုနှစ်မှာ မိုနာကိုအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးက အာဆင်နယ်အသင်းမှာလည်း လက်တွဲညီခဲ့ကြပါတယ်။ ပီတစ် ဟာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ ခြေစွမ်းကောင်းတွေပြသခဲ့ပြီး ပရီးမီးယားလိဂ် ၊ FA Cup နဲ့ ချာရတီဒိုင်းတွေကို ရရှိခဲ့ပါတယ်။

JOE ALLEN, BRENDAN RODGERS (2012)

ဂျိုးအယ်လန် Joe Allen နဲ့ ဘရန်ဒန်ရော်ဂျာ Brendan Rodgers တို့ဟာ ဆွမ်ဆီးအသင်းမှာ အတွဲညီခဲ့ကြတာ အားလုံးအသိပါပဲ။ ဒီလိုနဲ့ ၂၀၁၂ ခုနှစ်မှာ ဘရန်ဒန်ရော်ဂျာ လီဗာပူးလ် နည်းပြဖြစ်လာခဲ့ပြီး သူ့ရဲ့တပည့် ဂျိုးအယ်လန် ကိုပါ အပါခေါ်ယူခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ လီဗာပူးလ်အသင်းမှာ အောင်မြင်မှုကြီးကြီးမားမားမရခဲ့ပေမယ့် စွမ်းဆောင်ရည်ကောင်းတွေကိုတော့ ပြသနိုင်ခဲ့ပါတယ်။

PAULO FERREIRA/RICARDO CARVALHO, JOSE MOURINHO (2004)

၂၀၀၄ ခုနှစ်မှာ မော်ရင်ဟို Mourinho ချယ်လ်ဆီးအသင်းနည်းပြဖြစ်လာချိန်မှာတော့ ပေါ်တိုအသင်းမှာ သူနဲ့အတွဲညီခဲ့တဲ့ ခံစစ်ကစားသမားတွေဖြစ်တဲ့ ဖရဲရား Ferreira နဲ့ ကာဗယ်လ်ဟို Carvalho ကိုပါ ချယ်လ်ဆီးအသင်းကို ဆီခေါ်ယူခဲ့ပါတယ်။ မော်ရင်ဟို ၊ ဖရဲရား နဲ့ ကာဗယ်လ်ဟို တို့ဟာ ချယ်လ်ဆီးအသင်းမှာလည်း လက်တွဲညီခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ကြပါတယ်။

JIM LEIGHTON, ALEX FERGUSON (1988)

မန်ယူအသင်းရဲ့ ဂန္ထ၀င်နည်းပြ ဖာဂူဆန် Ferguson ဟာ အဘာဒင်းအသင်းမှာတုန်းက သူနဲ့ လက်တွဲညီခဲ့တဲ့ ဂိုးသမား Jim Leighton ကို ၁၉၈၈ ခုနှစ်မှာ မန်ယူအသင်းဆီခေါ်ယူခဲ့ပါတယ်။ Jim Leighton ဟာ မန်ယူအသင်းမှာ ၁၉၉၁ ခုနှစ်ထိ ကစားခဲ့ပြီး FA Cup နဲ့ ချာရတီဒိုင်းတွေကို ရရှိခဲ့ပါတယ်။

အခု ပရိသတ်တွေကိုဖော်ပြပေးခဲ့တာကတော့ ဆရာဟောင်းနဲ့ ပြန်လည်လက်တွဲခဲ့ကြတဲ့ ကစားသမားများ အပိုင်း(၁)ဖြစ်ပါတယ်။ အပိုင်း(၂)ကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Ref: Four Four Two
Photo: The Sun , The Independent , beIN SPORTS , Four Four Two , UK News
Ko Kyue(Akhayar)
www.akhayar.com