တစ်ခါတစ်လေကျရင် ကစားသမားတစ်ဦးအတွက် ထိပ်သီးအသင်းတစ်သင်းကို ပြောင်းရွှေ့တဲ့နေရာမှာ မီဒီယာတွေရဲ့ စောင့်ကြည့်ခံရမှု၊ ပရိသတ်တွေက မျှော်လင့်ချက်ကြီးကြီးမားမားထားမှုတွေကြောင့် ဖိအားဒဏ်နဲ့ ရင်ဆိုင်ရတာတွေ ရှိပါတယ်။ တစ်ပွဲလောက် အမှားလုပ်မိတာနဲ့ မီဒီယာတွေရဲ့ သားကောင်ဖြစ်သွားနိုင်လို ပရိသတ်တွေရဲ့ ဒေါသနဲ့ ရင်ဆိုင်ရမယ့်အနေအထားဖြစ်သွားနိုင်လို့ အစကောင်းမှ တော်ကာကျမယ့် သဘောပါပဲ။ လာလီဂါပြိုင်ပွဲဆိုတာကလည်း ခက်ခဲတဲ့ပြိုင်ပွဲတစ်ခုဖြစ်တာကြောင့် ပုံမှန်ခြေစွမ်းပြနိုင်ဖို့က အရေးကြီးပါတယ်။ တကယ်လို့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ အသင်းနဲ့ အခြေမကျဘူးဆိုရင်တော့ အရန်ခုံမှာသာ အချိန်ဖြုန်းရမယ့်အခြေအနေကို ချက်ချင်းရင်ဆိုင်သွားရမှာပါ။ အခုဖော်ပြချင်တာက ဒီရာသီ လာလီဂါ ထိပ်သီးအသင်းတွေကို ပြောင်းရွှေ့ခဲ့ပေမယ့် အခုအချိန်အထိ အထိုင်မကျဘဲ ရုန်းကန်နေရတဲ့ ကစားသမားတွေပဲဖြစ်ပါတယ် . . .

Malcom

အသက်(၂၂)နှစ်အရွယ်သာရှိသေးတဲ့ ဘရာဇီးလ်လူငယ်ကစားသမား မဲလ်ကွန် Malcom ဟာ ခြေစွမ်းခြေစရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် ဘာစီလိုနာအသင်းမှာတော့ ရုန်းကန်နေရပါတယ်။ အဓိကအချက်တွေကတော့ ဒဏ်ရာပြဿနာအပြင် ဖိအားတွေကြောင့် ပုံမှန်ခြေစွမ်းပျောက်နေတာပါပဲ။ အခုအချိန်အထိ အသင်းအတွက် (၁၀)ပွဲသာ ကစားခွင့်ရခဲ့ပြီး အဲဒီထဲကမှ ပွဲထွက်ကစားခွင့်ရတာ (၂)ပွဲပဲရှိပါတယ်။ မဲလ်ကွန်ဟာ ရိုးမားအသင်းကို ပြောင်းရွှေ့ဖို့ ရာနှုန်းပြည့်သေချာပြီးတော့မှ ဘာစီလိုနာအသင်းက သူ့ကို ကြားဖြတ်ခေါ်ယူခဲ့တာဖြစ်ပေမယ့် အခုတော့ နှစ်ဦးနှစ်ဖက် နစ်နာခဲ့ရတယ်လို့ပဲ ပြောရမှာပါ။

Thomas Lemar

ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ လူမာ Thomas Lemar ကို အက်သလက်တီကိုအသင်းဟာ မျှော်လင့်ချက်တကြီးနဲ့ ခေါ်ယူခဲ့ပါတယ်။ မိုနာကိုအသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ လူမာအတွက် အက်သလက်တီကိုအသင်းဟာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၆၃)သန်းအထိ ပေးခဲ့ရပေမယ့် အခုအချိန်အထိ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ခြေစွမ်းမျိုး မပြနိုင်သေးပါဘူး။ တစ်ဂိုးသွင်း ဂိုးဖန်တီးမှု နှစ်ကြိမ်ဆိုတာက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင် ကစားသမားတစ်ဦးအတွက် မဖြစ်သင့်တဲ့ အနေအထားပါ။ ဒီကြားထဲ ဒဏ်ရာကြောင့် အနားယူနေရပြီး ဒဏ်ရာက ပြန်လာရင်တော့ အရင်ခြေစွမ်းပြန်ရလိမ့်မယ်လို့ မျှော်လင့်ရတာပါပဲ။

Mariano Diaz

လိုင်ယွန်အသင်းမှာ ဂိုးသွင်းစက်ဖြစ်ခဲ့ပြီး မထင်မှတ်လောက်အောင် ခြေစွမ်းပြနေတဲ့ မာရီယာနိုဒီယက်ဇ် Mariano Diaz ဟာ ရီးယဲလ်အသင်းမှာတော့ အင်ဂျင်ကျနေတဲ့ စက်တစ်လုံးဖြစ်နေပါပြီ။ ပိုဆိုးတာက ရီးယဲလ်အသင်းဟာ သူ့ကို စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့နေရာမှာ အစားထိုးဖို့ ခေါ်ယူခဲ့တာဖြစ်သလို နံပါတ်(၇)ကိုပါ ပေးခဲ့တာက မာရီယာနိုအတွက် တကယ့်ကို ကြီးမားတဲ့ဖိအားဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ မာရီယာနိုဟာ ပုံမှန်ခြေစွမ်းပါပျောက်ပြီး ရုန်းကန်နေရတာဖြစ်ပါတယ်။

Goncalo Guedes

ဂွီဒက်စ် Goncalo Guedes ရဲ့အခြေအနေကတော့ မထင်မှတ်လောက်အောင် ပြောင်းလဲသွားတာပါ။ ပြီးခဲ့တဲ့ရာသီက PSG အသင်းကနေ ဗလင်စီယာအသင်းဆီ အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဒီရာသီအစမှာပဲ ဗလင်စီယာအသင်းက ပေါင်(၃၆)သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့တယ်။ ဒါပေမဲ့ အပြီးသတ်ရောက်တော့မှ ဂွီဒက်စ်ဟာ ပုံမှန်ခြေစွမ်းပျောက်သွားတာက အံ့အားသင့်စရာပါပဲ။ အသက်(၂၂)နှစ်သာရှိသေးတဲ့ ဘယ်တောင်ပံကစားသမား ဂွီဒက်စ်ဟာ အရည်အသွေးရှိတဲ့ ကစားသမားဖြစ်တာကြောင့် လက်ရှိအခြေအနေဆိုးကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ပဲ ပြောရမှာပါ။

Thibaut Courtois

ကမ္ဘာ့အကောင်းဆုံး ဂိုးသမားစာရင်းဝင် ကော်တိုအာ Thibaut Courtois ကတော့ ” သေချင်တဲ့ကျား တောပြောင်း” ဆိုသလိုဖြစ်ခဲ့ရတယ်။ ချယ်လ်ဆီးအသင်းမှာ သူရဲကောင်းဖြစ်နေတာကနေ မက်ဒရစ်မြေကို ခြေချဖို့ ဆုံးဖြတ်ခဲ့ပြီး အခုအချိန်မှာတော့ အရန်ခုံမှာ အချိန်ဖြုန်းနေရပါပြီ။ ရီးယဲလ်ပရိသတ်တွေက အသင်းရဲ့ ရလဒ်ဆိုးတွေအတွက် ကော်တိုအာကို လက်ညှိုးထိုးနေတာကတော့ သိပ်မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဒီရာသီ ရီးယဲလ်အသင်းရဲ့ ခံစစ်က စိတ်ပျက်စရာစွမ်းဆောင်ရည်ကို ပြသခဲ့ပြီး တချို့အခွင့်အရေးတွေကို ကော်တိုအာသာ မကာကွယ်နိုင်ခဲ့ရင် ဒီထက်ပိုဆိုးမယ့်အခြေအနေဖြစ်သွားပါလိမ့်မယ်။

REF:sportskeeda
Photo:We Ain’t Got No History,Sport English,The Guardian Nigeria
Naing Linn (Akhayar)
www.akhayar.com