ဒီတစ်ခေါက် ရန်ကုန်မှာ မိတ်ဆက်ပေးချင်တာတွေကတော့ ကိုယ်က Freelancer မို့လို့ ရုံးခန်းမရှိရင်ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စတွေ ရုတ်တရက်လုပ်ရမှာမို့လို့ အနီးဆုံးနေရာမှာ အင်တာနက်လိုင်းလည်းရ အလုပ်လည်း အေးအေးဆေးဆေးလုပ်လို့ရမယ့်နေရာတွေကို ရှာနေသူတွေအတွက်ပဲဖြစ်ဖြစ် အသုံးဝင်မယ့်နေရာလေးတွေပါ။ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေများပြားလာတာနဲ့အမျှ တချို့ပညာရှင်တွေအတွက်ဆိုရင် အလုပ်တောင်သွားစရာမလိုအပ်ဘဲ Work from Home လုပ်လို့တောင် ရနေပါပြီ။ တစ်ခါတလေကျတော့လည်း အိမ်မှာ အာရုံမရတာမျိုးတွေ၊ အင်တာနက်လိုင်းအဆင်မပြေတာမျိုးတွေဖြစ်လာရင်တော့ အလုပ်လုပ်စရာနေရာ လိုအပ်လာမှာမို့လို့ ဘယ်နှစ်လ ငှားမှရမယ်ဆိုတာမျိုးမဟုတ်ပဲနဲ့ တစ်ရက်ပဲလုပ်ချင်ချင်၊ တစ်လပဲလုပ်ချင်ချင် အဆင်ပြေမယ့် Co-working Space လေးတွေကို ရှာဖွေစုဆောင်းပေးလိုက်ပါတယ်။

Zayat

Zayat ကတော့ လူတိုင်းသိပြီးသားနေရာလေးတစ်ခုဖြစ်မှာပါ။ ဒီနေရာမှာက အလုပ်လာလုပ်ချင်တဲ့သူတွေအတွက် Package မျိုးစုံစီစဉ်ထားပေးပြီးတော့ အခုမှ လုပ်ငန်းစတင်ချင်တဲ့သူတွေအတွက်လည်း ရုံးခန်းငှားရမ်းနေစရာမလိုအောင်လို့ Private Room တွေလည်း ငှားရမ်းပေးပါတယ်နော်။ ဒီမှာ ပွဲတွေခဏခဏလုပ်နေတာကိုလည်း သိကြမှာပါ။ ဒီပွဲတွေကိုလည်း အဆက်မပြတ်သိနေရမှာမို့လို့ တစ်ဖက်တစ်လမ်းကလည်း အခွင့်အရေးတွေ တိုးများလာနိုင်ပါတယ်။ Zayat ရဲ့ လိပ်စာလေးကတော့ အမှတ် (၇၆) အေ၊ တောင်ဥက္ကလာပစက်မှုဇုန် (၁) လမ်း၊ တောင်ဥက္ကလာပမြို့နယ်မှာပါ။

Photo Credit - Zayat

Photo Credit – Zayat

Zabu, Learning & Co-working Space

ဒီနေရာကတော့ အမှတ် (၂၁၂)၊ တာဝါ ဘီ၊ မြိုင်ဟေ၀န်ကွန်ဒို (Junction 8)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်မှာပဲ ဖြစ်ပါတယ်။ Zabu ဟာ အလုပ်လာလုပ်ဖို့ တစ်ခုတည်းတင်မကဘဲ စာလာကျက်ချင်တဲ့သူတွေအတွက်ပါ အဆင်ပြေပါတယ်နော်။ ဒါ့အပြင် အသေးစား Seminar တွေ၊ Workshop တွေနဲ့ Training တွေပါ ဒီမှာ လာလုပ်လို့ရပါတယ်။ ဒီနေရာကတော့ တစ်ယောက်တည်း အလုပ်သွားလုပ်ချင်တာမျိုးမဟုတ်ဘဲ အဖွဲ့လိုက် ငှားရမ်းလုပ်ဆောင်ချင်တဲ့သူတွေ၊ အဖွဲ့လိုက် စာသွားလုပ်ချင်တဲ့သူတွေနဲ့ ပိုပြီးအဆင်ပြေနိုင်မှာပါနော်။

Photo Credit - Zabu

Photo Credit – Zabu

Our Dream Co-working Space

Our Dream မှာကတော့ တစ်ဦးတစ်ယောက်ချင်း အလုပ်လုပ်ဖို့တင်မကဘဲ Conference Room တွေ၊ Meeting Room တွေကိုပါ ငှားရမ်းအသုံးပြုလို့ရပါတယ်နော်။ ဒီနေရာမှာ ထူးခြားတာတစ်ခုက အခုမှ လုပ်ငန်းစတင်မယ့်သူတွေအတွက်လည်း ကုမ္ပဏီအသစ်မှတ်ပုံတင်ပေးတာကစလို့ လုပ်ငန်းနဲ့သက်ဆိုင်တဲ့အခွန်ကဏ္ဍတွေအထိပါ ၀န်ဆောင်မှုတွေရနိုင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာကိုတော့ အထူးသဖြင့် လုပ်ငန်းစတင်ခါနီး ရုံးခန်းနေရာမရသေးတဲ့သူတွေ အဓိကရွေးချယ်မယ်ဆိုရင်တော့ တခြားဝန်ဆောင်မှုတွေကိုပါ စုံစမ်းပြီး တစ်ခါတည်းအဆင်ပြေသွားနိုင်ပါတယ်။ Our Dream ကို သွားမယ်ဆိုရင်တော့ အမှတ် (၁၉၂)၊ ၇လွှာ၊ မြန်မာစင်တာတာဝါ (၁)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်ပဲ ဖြစ်ပါတယ်။

Photo Credit - Our Dream

Photo Credit – Our Dream

Phandeeyar Co-working Space

Phandeeyar ကတော့ Royal River View Condo၊ ၁၀လွှာ၊ (၆၂၈/၆၃၆)၊ ကုန်သည်လမ်း (၂၉လမ်းနဲ့ လမ်း၃၀ကြား) ပဲဖြစ်ပါတယ်။ ဒီနေရာကိုတော့ အလုပ်သွားလုပ်တော့မယ်ဆိုရင် မကြာခင် မိတ်ဆွေသစ်တွေလည်း တိုးပွားလာမှာဖြစ်ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေပါ ပိုပြီး တိုးပွားစေမှာပါ။ အမြဲတမ်းလုပ်နေကျ Meetup တွေကိုလည်း တက်ရောက်နိုင်ပြီးတော့ Phandeeyar မှာကတော့ လိုအပ်တဲ့ အသုံးအဆောင်တွေသာမက Library ကိုပါ အသုံးပြုလို့ရပါတယ်နော်။

Photo Credit - Phandeeyar

Photo Credit – Phandeeyar

ဒီနေရာလေးတွေကတော့ နေရာအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ ဖွင့်လှစ်ပေးထားတဲ့ Co-working Space လေးတွေပါနော်။ ကိုယ်က ဘယ်လိုလုပ်ငန်းမျိုးလုပ်တာလဲ။ ဘယ်လိုနေရာမျိုးနဲ့ သင့်တော်လဲဆိုတာကိုတော့ တစ်ချက်လောက် ဒီနေရာလေးတွေရဲ့ Facebook Page မှာ လေ့လာကြည့်ကြပါနော်။ Freelancer တစ်ဦးတစ်ယောက်ချင်းဆီအတွက်သာမကဘဲ အခုဆိုရင် အဖွဲ့လိုက်လုပ်ငန်းလှုပ်ရှားမှုတွေအတွက်ပါ နေရာလေးတွေ ခဏတာငှားရမ်းသုံးလို့ ရနေပြီဖြစ်တာမို့ အရမ်းအဆင်ပြေကြမှာပါ။

Moethaesay (Akhayar)

www.akhayar.com