[Zawgyi]

သရုပ်ဆောင်လောကမှ အနားယူသွားကြတဲ့ မင်းသားကြီး (၅) ဦး

ရုပ်ရှင်ချစ်သူတွေကတော့ ကိုယ်အားပေးခဲ့ရတဲ့ သရုပ်ဆောင်တွေရဲ့သတင်းတွေကို အစဉ်တစိုက် စောင့်မျှော်နေတတ်ပါတယ်။ သူတို့ပါတဲ့ ရုပ်ရှင်တွေဆိုရင်လည်း မလွတ်တမ်းအားပေးတတ်ကြပါတယ်။ တချို့ဝါရင့်သရုပ်ဆောင်ကြီးတွေကျတော့ ဖန်သားပြင်က ဝေးကွာသွားတာ ဘာကြောင့်လဲဆိုတာ ပရိသတ်တွေ သိချင်ကြပါတယ်။ အခုဖော်ပြမယ့် သရုပ်ဆောင်တချို့ကတော့ အနုပညာအလုပ်ကနေ အကြောင်းအမျိုးမျိုးကြောင့် အနားယူသွားကြတဲ့သူတွေပါ။

(၅) Jet Li

တရုတ်မင်းသားချော Jet Li ဟာ အနုပညာလောကကို ၁၉၈၂ခုနှစ်တည်းက ဝင်ရောက်ခဲ့တာဖြစ်ပြီး အာရှဈေးကွက်သာမက ဟောလီးဝုဒ်အထိပါ ခြေဆန့်နိုင်ခဲ့သူပါ။ Once Upon a Time in China (1991) ၊ Hero, Fist of Legend (1994) ၊ Romeo Must Die (2000) ၊ Kiss of the Dragon (2001) ၊ Unleashed (2005) ၊ The Forbidden Kingdom (2008) ၊ The Mummy: Tomb of the Dragon Emperor (2008) နဲ့ The Expendables (2010) ဇာတ်ကားတွေမှာ ထင်ရှားခဲ့သူပါ။

၂ဝ၁၃ခုနှစ်မှာ Hyperthyroidism ရောဂါခံစားနေရတယ်လို့ ကြေညာခဲ့ပြီး ဆေးကုသမှု ခံယူခဲ့ရပါတယ်။ အနုပညာခြေလှမ်းကျဲသွားခဲ့ရပြီး ပရိသတ်တွေက ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်ခဲ့ကြပါတယ်။ အနားယူသွားပြီလို့ တရားဝင်မကြေညာသေးပေမယ့် သူ့ ရုပ်ရှင်ကို ကြည့်ရဖို့က ရွှေပြည်တော်မျှော်တိုင်းဝေးပါပဲ။

(၄) Jack Nicholson

မင်းသားကြီး Jack Nicholson ကိုတော့ The Shining (1980) ဇာတ်ကားနဲ့ တွဲမြင်ကြမယ်ထင်ပါတယ်။ သူဟာ  အော်စကာဆုကို သုံးကြိမ်ရဖူးပါတယ်။ One Flew Over the Cuckoo’s Nest (1975) နဲ့ As Good as It Gets (1997) ဇာတ်ကားတွေမှာ အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး Terms of Endearment (1983) ဇာတ်ကားမှာ အမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။

၁၉၃၇ခုနှစ် ဧပြီလ (၂၂) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ မင်းသားကြီးဟာ အခုချိန်မှာ အသက် (၈၁) ရှိပါပြီ။ အနုပညာလောကကို ဆယ်စုနှစ်ခြောက်ခုကြာ ရပ်တည်ခဲ့တဲ့ မင်းသားကြီးဟာ အသက်အရွယ်အရ မှတ်ဥာဏ်တွေ သိပ်မကောင်းတော့ဘူးလို့ သတင်းထွက်နေပြီး နောက်ဆုံးသရုပ်ဆောင်ခဲ့တာက How Do You Know (2010) ရုပ်ရှင်မှာပါ။

(၃) George Clooney

ကိုလူချောကြီး George Clooney ရဲ့ဇာတ်ကားတွေ နောက်ပိုင်းမှာ သိပ်မထွက်တော့တာ ရုပ်ရှင်ချစ်ပရိသတ်ကြီး သတိထားမိမှာပါ။ သူနောက်ဆုံးပါဝင်ခဲ့တာက Money Monster (2016) နဲ့ Hail Caesar! (2016) ဆိုတဲ့ ဇာတ်ကားမှာပါ။ ၂ဝ၁၇ခုနှစ်ထဲမှာ သူ သရုပ်မဆောင်ခဲ့ဘဲ Suburbicon (2017) ဆိုတဲ့ ဇာတ်ကားထဲမှာတော့ ဒါရိုက်တာအနေနဲ့ ပါဝင်ခဲ့ပါတယ်။

ငွေအတွက်ကြောင့်တော့ အနုပညာလုပ်မှာ မဟုတ်တော့ဘဲ စိတ်ခံစားချက်ပြင်းထန်မှသာ သရုပ်ဆောင်၊ ဒါရိုက်တာအလုပ်ကို ပြန်လုပ်တော့မယ်လို့ ၂ဝ၁၇ခုနှစ် နိုဝင်ဘာလမှာ တရားဝင်ကြေညာခဲ့ပါတယ်။ ဒီလိုမာနကြီးသွားရတဲ့ အဓိကအကြောင်းကတော့ သူပိုင်တဲ့ အရက်ကုမ္ပဏီ Casamigos ကို Diageo အရက်ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁ဘီလီယံ (သန်း ၁,ဝဝဝ) ပေးပြီး ဝယ်ယူသွားတဲ့အတွက် ဖြစ်ပါတယ်။

သန်း (၇ဝဝ) ကို လက်ငင်းပေးသွားပြီး လက်ကျန် သန်း၃ဝဝကိုတော့ Casamigos ဈေးကွက်ရောင်းအားပေါ် မူတည်ပြီး ဆယ်နှစ်အတွင်း ပေးသွားမှာပါ။ “ငွေတစ်ခုတည်းအတွက်နဲ့ အနုပညာမလုပ်တော့ဘူးဗျ။ တက်ကီလာကုမ္ပဏီကို ရောင်းလိုက်တာ ဒေါ်လာ၁ဘီလီယံ ရလိုက်တယ်လေ။ ငွေမလိုတော့ပါဘူး” လို့ဆိုပါသေးတယ်။

(၂) Sean Connery

James Bond လို့ပြောလိုက်ရင် ရုပ်ရှင်ပရိသတ်တွေရဲ့ရင်ထဲမှာ Daniel Craig အစား Sean Connery ကိုပဲ ပြေးမြင်သွားတာပါ။ James Bond ဇာတ်ကားပေါင်း (၂၆) ခုရှိတဲ့အထဲက ၁၉၆၂ခုနှစ်ကနေ ၁၉၈၃ခုနှစ်အတွင်း (၇) ကားအထိ သရုပ်ဆောင်ခဲ့ပါတယ်။

Dr. No (1962) ၊ Marnie (1964) ၊ Murder on the Orient Express (1974) ၊ The Untouchables (1987) ၊ The Name of the Rose (1986) ၊ Indiana Jones and the Last Crusade (1989) နဲ့ The Rock (1996) ဇာတ်ကားတွေနဲ့ ထင်ရှားခဲ့ပါတယ်။ ၂ဝဝ၆ခုနှစ်မှာ သရုပ်ဆောင်အလုပ်ကနေ အနားယူပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။ စကော့တလန်မင်းသားကြီး Sean Connery ဟာ (၈၇) နှစ်ရှိလာပြီပဲဖြစ်ပါတယ်။

(၁) Daniel Day-Lewis

ကျရာဇာတ်ရုပ်ကို ပြီပြင်အောင် သရုပ်ဆောင်တတ်သူ၊ ဇာတ်ကောင်စရိုက်အတွက် အချိန်ယူပြင်ဆင်တတ်သူလို့ နာမည်ကြီးတဲ့ Daniel Day-Lewis ဟာ ၂ဝ၁၇ခုနှစ် နိုဝင်ဘာလမှာပဲ သရုပ်ဆောင်အလုပ်ကနေ အနားယူပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။

My Left Foot (1989) ၊ There Will Be Blood (2007) နဲ့ Lincoln (2012) ဇာတ်ကားတွေမှာ အကောင်းဆုံးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ဟောလီးဝုဒ်သမိုင်းမှာ အကောင်းဆုံးဇာတ်ဆောင်ဆုကို သုံးကြိမ်အထိ ရဖူးတဲ့ သရုပ်ဆောင်ဟာ Daniel Day-Lewis တစ်ယောက်ပဲရှိပါသေးတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com