အလုပ်လုပ်နေတဲ့သူတွေအများစုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အခက်အခဲတစ်ခုကတော့ Balance မမျှတတာပါပဲ။ အလုပ်ကိုပဲ အာရုံစိုက်ပြီး အရမ်းကြိုးစားလုပ်ကိုင်တဲ့သူကြတော့ တခြားလူမှုရေးရာကိစ္စတွေနဲ့ တစ်ကိုယ်ရည်ကိစ္စတွေကို ပျက်ပြားလာတတ်ပြီး အလုပ်ထက် ကိုယ်ရေးကိုယ်တာကို ဦးစားပေးတဲ့လူတွေကြပြန်တော့လည်း အလုပ်တာဝန်တွေ လစ်ဟင်းလာလို့ နေရာတစ်ခုကို ရနိုင်ရက်နဲ့ မရတာတွေဖြစ်လာတတ်ပါတယ်။ အဲဒါကြောင့် Work-Life Balance ကို ဂရုစိုက်ပြီး မျှတအောင်နေထိုင်နိုင်ဖို့က အရေးကြီးပြီးတော့ ဒီလိုစနစ်တကျနေနိုင်တဲ့သူတွေမှသာ စိတ်ဖိစီးမှုကင်းကင်းနဲ့ အောင်မြင်တဲ့နေရာတစ်ခုကို ယူဆောင်နိုင်မှာပါ။

ကဲ ဒီတော့ ကျွန်မတို့ အများစုဖြစ်နေကြတဲ့ Work-Life မညီမျှမှုတွေကို ဘယ်လိုပြန်ပြီး တည့်မတ်ကြရင် ရနိုင်မလဲဆိုတာ စဉ်းစားကြည့်ရအောင်။

အချိန်ဇယားရှိကိုရှိရပါလိမ့်မယ်

ဟုတ်ပါတယ်။ အရေးအကြီးဆုံးပထမအချက်ကတော့ အချိန်ဇယားနဲ့ အလုပ်လုပ်ရပါလိမ့်မယ်။ အလုပ်မှမဟုတ်ပါဘူး။ ကိုယ်ရေးကိုယ်တာကိုပါ အချိန်ဇယားနဲ့ လုပ်မှရပါလိမ့်မယ်။ ဘယ်အချိန်တွေ ရုံးတက်ရုံးဆင်းမယ်။ ဘယ်အချိန်တွေမှာ မိသားစုကို အချိန်ပေးမယ်။ ဘယ်လိုအချိန်တွေမှာ အပြင်က အလုပ်တွေကိုလက်ခံလုပ်မယ်။ အဲဒီလို တိကျပြီးသေချာတဲ့ အချိန်ဇယားရှိမှပဲ ပေါ့ပေါ့ပါးပါး နေ့စဉ်ဖြတ်သန်းသွားနိုင်မှာပါ။

Prepare your schedule

Prepare your schedule

အနားယူဖို့မကြောက်ပါနဲ့

အနားမယူဘဲ ဘယ်လောက်အကြာကြီး အလုပ်လုပ်နိုင်မှာမို့လို့လဲ။ ဒါကြောင့် အနားယူဖို့ မကြောက်ပါနဲ့။ အလုပ်တွေအများကြီးလုပ်ပြီးလို့ အရမ်းပင်ပန်းနေပြီထင်ရင် ခရီးသွားပါ။ အနားယူပါ။ အလုပ်တွေကို ခဏလေး ရပ်ထားလိုက်ပါ။ ပင်ပန်းပြီး စိတ်ပျက်လက်ပျက်နဲ့ လုပ်နေတဲ့ကိစ္စမှန်သမျှလည်း ဘယ်အရာမှ ကောင်းမှာမဟုတ်ပါဘူး။

Take a rest

Take a rest

စိတ်တည်ငြိမ်အောင်ကြိုးစားပါ

ဗျာများနေတဲ့စိတ်က ဘယ်အရာကိုမှ အကောင်းဆုံးဖြစ်လာအောင် မစွမ်းဆောင်နိုင်ပါဘူး။ ဒါကြောင့် ဘယ်လိုအရာမျိုးတွေပဲဖြစ်လာပါစေ အေးအေးဆေးဆေးဖြေရှင်းနိုင်ဖို့ စိတ်တည်ငြိမ်အောင် တရားထိုင်တာပဲဖြစ်ဖြစ်၊ သဘာဝနည်းလမ်းတွေနဲ့ စိတ်တည်ငြိမ်နိုင်ဖို့ စာဖတ်တာပဲဖြစ်ဖြစ် ကြိုးစားလုပ်ကြည့်ပါ။ အလုပ်များလေလေ စိတ်တည်ငြိမ်ဖို့ လိုအပ်လေလေပါပဲ။

Keep Calm

Keep Calm

မေ့ပစ်တတ်ပါစေ

ဘာမဆို မေ့ပစ်တတ်ဖို့ လိုအပ်ပါတယ်။ အရင်က အကောင်းဆုံးမလုပ်နိုင်ခဲ့တဲ့ အလုပ်ကိစ္စတွေကို ပြန်တွေးပြီး စိတ်ညစ်နေတာမျိုးတွေ၊ ဒီနေ့မလုပ်ရသေးတဲ့ နောက်အလုပ်အကိုင်တွေကို ကြိုတွေးပြီး စိုးရိမ်ပူပန်နေတာတွေကို တတ်နိုင်သလောက် လျှော့ချပြီး မေ့ပစ်တတ်အောင် ကြိုးစားပါ။ အရာအားလုံး ထမ်းပိုးထားရအောင်အထိ ဘ၀က မလေးပင်သင့်ပါဘူးနော်။

Forget and Forgive

Forget and Forgive

ဒီလိုအခြေခံအကြောင်းအရာလေးတွေကို လက်တွေ့ဘ၀မှာ လိုက်ပြီးမလုပ်နိုင်လို့ သင့်ရဲ့ နေ့စဉ်ဘ၀ဟာ လေးပင်နေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘ၀ကို ပေါ့ပေါ့ပါးပါး၊ အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ဖို့အတွက် နည်းဥပဒေသအများကြီးမရှိပါဘူး။ တိကျသေချာတဲ့အချိန်ဇယားအတိုင်း စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အလုပ်လုပ်ပါ။ ပင်ပန်းလာရင် အနားယူပြီး အရာအားလုံးကို မေ့ပစ်လိုက်ပါ။

Moethaesay (Akhayar)

www.akhayar.com