အိပ်ဆေးကိုဘေးဖယ် ဒါတွေစားပေးကွယ်

ခုတလော YBS ကြောင့် အိပ်ရာစောစောထရ၊ ညနေပင်ပင်ပန်းပန်း ပြန်လာရနဲ့ အားလုံးပင်ပန်းနေကြမယ်ထင်ပါတယ်။ မနက်စောစောထဖို့ ညဘက်စောစောအိပ်ရာဝင်ပေမယ့် အိပ်ရာထဲ တလူးလူးတလိမ့်လိမ့်နဲ့ အိပ်မပျော်နိုင်ဖြစ်နေသူတွေများ ရှိနေခဲ့မယ်ဆိုရင် ဒါလေးကို ဆက်ဖတ်ကြည့်သင့်ပါတယ်နော်။

အလွယ်တကူ အိပ်မပျော်နိုင်တဲ့ အကြောင်းရင်းတွေအများကြီးရှိတဲ့အထဲမှာ ညအိပ်ခါနီးအချိန် စားသောက်တဲ့ အစားအသောက်တွေကလည်း အကြောင်းရင်းတစ်ခုအဖြစ်ပါဝင်ပါတယ်။ အိပ်ခါနီးအချိန်ကပ်ပြီး အစာမစားဖို့နဲ့ မအိပ်စက်ခင် ၂ နာရီအလိုမှာ နောက်ဆုံးထားပြီး အစာစားဖို့ကို ကျန်းမာရေးပညာရှင်တွေက အကြံပြုထားပါတယ်။ ဒီတော့ အိပ်ဆေးမလိုဘဲ အိပ်စက်ခြင်းကိုအထောက်အကူပြုစေတဲ့ အစားအစာတွေအကြောင်း လေ့လာကြည့်ရအောင်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ အိပ်စက်ခြင်းကိုအထောက်အကူပြုတဲ့ ဗီတာမင် B6 ပါဝင်ပါတယ်။ ဗီတာမင် B6 ဟာ အိပ်စက်ခြင်းအတွက် လိုအပ်တဲ့ Melatonin ဟော်မုန်းထုတ်လုပ်မှုကို အထောက်အကူပေးပါတယ်။ ဒါအပြင် ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ် နဲ့ ကယ်လ်ဆီယမ် ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရကို ဖြည့်စွမ်းပြီး အားအင်ပြည့်ဝနေစေပါတယ်။

ပဲပိစပ်

ပဲပိစပ်ကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားအောင် စွမ်းဆောင်နိုင်ပါသေးတယ်။ ဒါကြောင့်  ညနေဘက်မှာ ပဲပိစပ်နဲ့ပြုလုပ်ထားတဲ့ ဂျပန်တို့ဟူးလေးတွေစားတာ ပဲနို့သောက်တာမျိုးလုပ်နိုင်ပါတယ်။ တရုတ်တန်းမှာရတဲ့ ပဲနို့အချိုတွေရှိသလို အခုဆိုရင် ပဲနို့လုပ်တဲ့စက်လေးတွေ အလွယ်တကူရနေပြီမို့  ပဲနို့အေးကို အိမ်မှာကိုယ်တိုင်လုပ်ပြီး သောက်နိုင်ပါပြီ။

You May Also Like:ရာသီလာနေချိန်မှာ ဘာတွေစားသင့်လဲ

ကန်စွန်းဥ

ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားပြီး ကြွက်သားတွေကို ပြေလျော့စေနိုင်စွမ်းရှိတဲ့ ကန်စွန်းဥက အိပ်စက်မှုအတွက်လည်းအထောက်အကူ ပြုပါသေးတယ်။ သွေးတွင်းသကြားဓာတ်မတက်စေတဲ့အပြင် အစောကျေညက်ဖို့လည်းလွယ်တဲ့အတွက် ညဘက်စားလည်း ပြဿနာမရှိပါဘူး။ ဝိတ်လျှော့ချင်သူတွေ ညဘက်ကန်းစွန်းဥ စားပေးရင် အဆီလည်းမတက်သလို ကောင်းကောင်းအိပ်ပျော်စေပါတယ်။

ရေနွေးကြမ်း

ရေနွေးကြမ်းသောက်သုံးခြင်းကလည်း အိပ်စက်ခြင်းအတွက် အထောက်အကူပြုပါတယ်။ ကဖင်းမပါဝင်တဲ့ ရေနွေးကြမ်းတွေ ဥပမာ Valerian ၊ Chamomile တို့ပါ။ ဒီရေနွေးကြမ်းတစ်မျိုးမျိုးကို ညစာစားပြီးချိန် ပုံမှန်တစ်ခွက် တစ်ခွက် သောက်သုံးပေးသွားရင် ညဘက်မှာအိပ်ပျော်စေဖို့ အာမခံပါတယ်။

အခရာ ပရိသတ်ကြီးအားလုံးလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ကြပါစေနော်။

ဂျူဂျူး (အခရာ)

www.akhayar.com