ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ နာမည်ကျော်ကစားသမားတွေ ခြေချရာနေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေအရနဲ့ အချိန်အခါအရ ပရီးမီးယားလိဂ်မှာ ကစားခွင့်မရလိုက်တဲ့ ကစားသမားတွေရှိသလို ပရီးမီးယားလိဂ်ကို ကစားသမားဘ၀နှောင်းပိုင်းမှ ရောက်ရှိလာကြတဲ့ နာမည်ကျော်တွေလည်း ရှိနေပါတယ်။ အခု ဒီ Article မှာတော့ ကစားသမားဘ၀နှောင်းပိုင်းမှ ပရီးမီးယားလိဂ်ကို ရောက်ရှိလာကြတဲ့ နာမည်ကျော်တွေကို ဖော်ပြပေးသွားမှာဖြစ်တာကြောင့် ဘယ်သူတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင် …

MAICON

အင်တာမီလန်အသင်း ညာတောင်ပံတစ်လျှောက် အကောင်းဆုံး ခြေစွမ်းတွေကိုပြသခဲ့တဲ့ ဘရာဇီးလ်ညာနောက်ခံလူ မိုင်ကွန် Maicon ကို ပရိသတ်တွေမှတ်မိနေဦးမယ်လို့ ထင်ပါတယ်။ မိုင်ကွန် ဟာ သူ့ခေတ်သူ့အခါက အကောင်းဆုံး ညာနောက်ခံကစားသမားဖြစ်ပြီး အင်တာမီလန်အသင်းနဲ့ ဘရာဇီးလ်အသင်းမှာ အောင်မြင်မှုများစွာ ရယူခဲ့သူဖြစ်ပါတယ်။ နာမည်ကျော် ကစားသမားတစ်ဦးဖြစ်တဲ့ မိုင်ကွန် ဟာ သူ့အသက်(၃၁)နှစ်အရွယ် ၂၀၁၂ ခုနှစ်မှာ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့ပါတယ်။ မန်စီးတီးအသင်းမှာတော့ မိုင်ကွန် ဟာ တစ်ရာသီသာကစားခဲ့ပြီး အရန်အဖြစ်နဲ့သာဖြတ်သန်းခဲ့ရပါတယ်။

MANCINI

လက်ရှိ အီတလီအသင်းနည်းပြ မန်စီနီ Mancini ကိုတော့ ပရိသတ်တွေ အနေနဲ့ လာဇီယို ၊ အင်တာမီလန် နဲ့ မန်စီးတီးအသင်းတွေကို ကိုင်တွယ်တုန်းက စတင်သတိထားမိကြလိမ့်မယ်လို့ ထင်ပါတယ်။ မန်စီနီ ဟာ ကစားသမားဘ၀မှာလည်း အောင်မြင်တဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သလို ဆမ်ဒိုးရီးယား ၊ လာဇီယို အသင်းတွေနဲ့ ဆုဖလားအောင်မြင်မှုများစွာရရှိခဲ့သူဖြစ်ပါတယ်။ ဒီလိုနဲ့ မန်စီနီ ဟာ သူ့ရဲ့ကစားသမားဘ၀နှောင်းပိုင်းမှာ ပရီးမီးယားလိဂ်ကို ရောက်ရှိလာပြီး ၂၀၀၁ ခုနှစ် သူ့အသက်(၃၇)နှစ်အရွယ်မှာ လက်စတာအသင်းကိုအငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ လက်စတာအသင်းဟာ မန်စီနီ နောက်ဆုံးကစားခဲ့တဲ့ ကလပ်အသင်းဖြစ်ပြီး စုစုပေါင်း(၅)ပွဲကစားပေးခဲ့ပါတယ်။

BLANC

မန်စီနီ လိုပဲ ကစားသမားဘ၀မှာရော နည်းပြဘ၀မှာပါ အောင်မြင်တဲ့ ဘလန့် Blanc ဟာလည်း ကစားသမားဘ၀နှောင်းပိုင်းမှ ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ဘလန့် ဟာ သူ့ရဲ့ကစားသမားဘ၀မှာ ကလပ်အသင်းပေါင်းများစွာမှာ ကစားခဲ့သူဖြစ်ပြီး ၂၀၀၁ ခုနှစ် သူ့အသက်(၃၆)နှစ်အရွယ်မှာ မန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဘလန့် ဟာ သူ့ရဲ့ ကစားသမားဘ၀ နောက်ဆုံးကလပ်အသင်းဖြစ်တဲ့ မန်ယူအသင်းမှာ (၂)ရာသီကြာကစားခဲ့ပြီး အတိုင်းအတာတစ်ခုထိ ခြေစွမ်းပြနိုင်ခဲ့သလို ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလည်း (၁)ကြိမ်ရရှိခဲ့ပါတယ်။

Ibrahimović

ဘောလုံးလောကရဲ့ နတ်ဘုရားကြီးလို့ တင်စားကြတဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ် Ibrahimović ဟာ ဒီစာရင်းမှာ အပါအ၀င်ပဲဖြစ်ပါတယ်။ အီဘရာဟီမိုဗစ် ဟာ သူ့ရဲ့ကစားသမားဘ၀မှာ နယ်သာလန် ၊ အီတလီ ၊ စပိန် နဲ့ ပြင်သစ်မြေတွေမှာ အောင်မြင်မှုများစွာယူခဲ့ပြီးမှ ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာ အီဘရာဟီမိုဗစ် ဟာ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့သလို အဲဒီအချိန်က သူ့ရဲ့အသက်က (၃၅)နှစ်ရှိနေပြီဖြစ်တာကြောင့် သူ့အနေနဲ့ အစွမ်းပြနိုင်ပါတော့မလားဆိုပြီး ဝေဖန်မှုတွေနဲ့ စောင့်ကြည့်ခြင်းကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အီဘရာဟီမိုဗစ် ဟာ အီဘရာဟီမိုဗစ် ပဲဖြစ်တာကြောင့် ဝေဖန်မှုတွေကို အကောင်းဆုံး ချေဖျက်ပြခဲ့ပြီး မန်ယူအသင်းနဲ့ ဆုဖလား အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။

Ref: Four Four Two
Photo: The Sun , Newsweek , Manchester United , Mirror
Ko Kyue(Akhayar)
www.akhayar.com