နည်းပြတစ်ဦးနဲ့ ကစားသမားတစ်ဦး လက်တွဲညီကြပြီဆိုရင် သူတို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိနေတာ သေချာပါတယ်။ ဒီလိုအနေအထားမျိုးမှာ နည်းပြဟာ ကစားသမားရဲ့ အထာကို ကောင်းကောင်းသိနေသလို ကစားသမားကလည်း နည်းပြအတွက် ရာနှုန်းပြည့်ပေးဆပ်လို စိတ်ရှိနေပါတယ်။ နည်းပြနဲ့ ကစားသမားကြားမှာ ဒီအတိုင်းအတာအထိ ရောက်သွားခဲ့ရင်တော့ နည်းပြက သူပြောင်းရွှေ့တဲ့ အသင်းမှာ ကစားသမားကို ပြန်လည်ခေါ်ယူပြီး ပြန်လက်တွဲလေ့ရှိကြပါတယ်။ အခု ဒီ Article မှာတော့ ပရီးမီးယားလိဂ်မှာ ဆရာဟောင်းနဲ့ ပြန်လည်လက်တွဲခဲ့ကြတဲ့ ကစားသမားများ အပိုင်း(၂)ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

MARIO BALOTELLI, ROBERTO MANCINI (2010)

အင်တာမီလန်အသင်းမှာ လက်တွဲခဲ့ကြဖူးတဲ့ ဘာလိုတယ်လီ Balotelli နဲ့ မန်စီနီ Mancini တို့ဟာ ၂၀၁၀ ခုနှစ်မှာတော့ မန်စီးတီးအသင်းမှာ ပြန်လည်လက်တွဲခဲ့ကြပါတယ်။ ဘာလိုတယ်လီ ရဲ့ ထုံးစံအတိုင်း ပြဿနာရှာတတ်တာကြောင့် မန်စီနီ ဟာ သူ့ကို သတိထားပြီး ကိုင်တွယ်ခဲ့ရပါတယ်။ ဘာလိုတယ်လီ နဲ့ မန်စီနီ ဟာ မန်စီးတီးအသင်းမှာ အောင်မြင်ခဲ့ကြသလို ဘာလိုတယ်လီ ကလည်း မန်စီးတီးအသင်းမှာ အတိုင်းအတာတစ်ခုထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်း ၂၀၁၁ – ၂၀၁၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိစေမယ့် အဖိုးတန်အနိုင်ဂိုးကိုတော့ အားလုံးသိတဲ့အတိုင်း ပွဲပြီးခါနီးမှာ တိုက်စစ်မှူး အဂွဲရိုး Aguero က QPR ဘက်ကိုသွင်းယူခဲ့တာဖြစ်ပြီး သူဂိုးသွင်းယူနိုင်ဖို့အတွက် ဘာလိုတယ်လီ ကဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

MAROUANE FELLAINI, DAVID MOYES (2013)

အဲဗာတန်အသင်းမှာ ဖယ်လိုင်နီ Fellaini နဲ့ ဒေးဗစ်မွိုက်စ် David Moyes တို့အတွဲညီခဲ့တာ အားလုံးအသိပါပဲ။ ဒီအနေအထားတွေကြောင့် ဒေးဗစ်မွိုက်စ် မန်ယူနည်းပြဖြစ်လာတဲ့ ၂၀၁၃ ခုနှစ်မှာ သူ့ရဲ့တပည့်ဟောင်း ဖယ်လိုင်နီ ကို အရခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ဒေးဗစ်မွိုက်စ် ရဲ့ မန်ယူနည်းပြသက်တမ်းဟာ သိပ်မကြာလိုက်ဘဲ ဖယ်လိုင်နီ ကတော့ မန်ယူအသင်းမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။

JERMAIN DEFOE, HARRY REDKNAPP (2009)

ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် တိုက်စစ်မှူး ဒီဖိုး Defoe နဲ့ နာမည်ကျော်နည်းပြ ရက်ပ်နက် Redknapp တို့ကတော့ အတွဲတစ်ခုလိုတောင် ပြောလို့ရပါတယ်။ ၀က်စ်ဟမ်း ၊ ပို့မောက်စ် အသင်းတွေမှာ အတွဲညီခဲ့ကြတဲ့ သူတို့(၂)ဦးဟာ ၂၀၀၉ ခုနှစ်မှာတော့ စပါးအသင်းမှာ ပြန်လည်တွဲခဲ့ကြပြီး စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့ကြပါတယ်။

JUSSI JAASKELAINEN, SAM ALLARDYCE (2012)

ဂျက်စကယ်လိုင်နန် Jaaskelainen နဲ့ ဆမ်အလာဒွိုက်စ် Sam Allardyce တို့ဟာ ဘော်လ်တန်အသင်းမှာ အကောင်းဆုံးအတွဲအဖက်တွေ ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ၂၀၁၁ ခုနှစ်မှာတော့ ဆမ်အလာဒွိုက်စ် ၀က်စ်ဟမ်းနည်းပြဖြစ်လာခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ဂျက်စကယ်လိုင်နန် ကိုခေါ်ယူခဲ့ပါတယ်။

ဆရာဟောင်းနဲ့ ပြန်လည်လက်တွဲခဲ့ကြတဲ့ ကစားသမားများ အပိုင်း(၁)ဖတ်ရန်လင်ခ့်

Ref: Four Four Two
Photo: Pinterest , Four Four Two , The Independent , Yahoo! Sports , Lion Of Vienna Suite
Ko Kyue(Akhayar)
www.akhayar.com