PFA Young Player of the Year ဆုဆိုတာ ပရီးမီးယားလိဂ်ရဲ့ အသက်(၂၃)နှစ်နဲ့အောက် အကောင်းဆုံးလူငယ်ကစားသမားကို ပေးအပ်ချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။ ဒီဆုကို ရရှိတဲ့ ကစားသမားတိုင်းလိုလိုဟာလည်း ကစားသမားဘ၀မှာ အောင်မြင်တဲ့ ကစားသမားဘ၀ကို ပိုင်ဆိုင်လေ့ရှိကြတာကြောင့် ဒီဆုဟာ လူငယ်ကစားသမားတွေအတွက် လာခြင်းကောင်းတဲ့ ဆုတစ်ခုလို့ ပြောရမှာပါ။ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားတွေရှိနေပါတယ်။ ဒါကြောင့် Akhayar Sports ပရိသတ်တွေအတွက် PFA Young Player of the Year ဆုကို ရရှိဖို့ ရေပန်းစားနေကြသူတွေကို ဖော်ပြပေးလိုက်ပါတယ်။

Aaron Wan-Bissaka

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အသက်(၂၁)နှစ်အရွယ် လူငယ်ညာနောက်ခံလူ ဘစ်ဆာကာ Aaron Wan-Bissaka ဟာ ဒီနှစ်ဘောလုံးရာသီမှာ စတင်ထွန်းတောက်လာတဲ့ ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။ အသက်အရွယ် ငယ်သေးပေမယ့် အသင်းမှာ ပုံမှန်တစ်နေရာကို သိမ်းပိုက်ထားတဲ့ ဘစ်ဆာကာ ဟာ PFA Young Player of the Year ဆုကို ရရှိနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ သူ့ကိုခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်ကြတဲ့ မန်ယူနဲ့ မန်စီးတီးအသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

Neves

ဒီရာသီမှာ ၀ုလ်ဗ်အသင်းရဲ့ ကွင်းလယ်မှာ အကောင်းဆုံး ဦးဆောင်နေတဲ့ နီဗတ်စ် Neves ကိုတော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မှာပါ။ အသက်အရွယ်နဲ့ မလိုက်အောင်ရင့်ကျက်တဲ့ ကစားဟန်ကို ပိုင်ဆိုင်ထားတဲ့ နီဗတ်စ် ဟာလည်း PFA Young Player of the Year ဆုနဲ့ ထိုက်တန်တဲ့ ကစားသမားတစ်ဦးပါပဲ။

Sane

မန်စီးတီးတောင်ပံကစားသမား ဆာနေး Sane ဟာ ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီက အကောင်းဆုံးခြေစွမ်းတွေကို ပြသခဲ့ပြီး PFA Young Player of the Year ဆုကိုရရှိခဲ့သူပဲဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ဆာနေး ဟာ ပုံစံကောင်းမှာဆက်ရှိနေတာကြောင့် ဒီဆုကိုထပ်ရဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။ PFA Young Player of the Year ဆုကို ဂစ် Giggs ၊ ဖောင်လာ Robbie Fowler ၊ ရွန်နီ Rooney နဲ့ ဒယ်လီအလီ Dele Alli တို့က (၂)နှစ်ဆက် ရရှိခဲ့ကြပြီး ဒီအထဲမှာ ဆာနေးပါဝင်လာမလားဆိုတာကိုတော့ စောင့်ကြည့်သွားရပါလိမ့်မယ်။

Rashford

ဒီနှစ်ဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသနေပြီး ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ် Rashford ဟာ PFA Young Player of the Year ဆုနဲ့ အထိုက်တန်ဆုံးကစားသမားလို့ ပြောရင်လွန်မယ်မထင်ပါဘူး။ လက်ရှိမှာ ရက်ရှ်ဖို့ဒ် ဟာ မန်ယူအသင်းရဲ့ အဓိကဦးစားပေးတိုက်စစ်မှူးအဖြစ် ရပ်တည်နေသလို သူ့ရဲ့ကစားသမားဘ၀ အမြင့်ဆုံးခြေစွမ်းတွေကိုလည်း ပိုင်ဆိုင်နေပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ရက်ရှ်ဖို့ဒ် ဟာ လက်ရှိအချိန်ထိ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၉)ဂိုးသွင်းယူထားပါတယ်။

Ref: Sportskeeda
Photo: Manchester City , Evening Standard , Playing for 90 , Twitter
Ko Kyue(Akhayar)
www.akhayar.com