ဥရောပဘောလုံးအသင်းတစ်သင်းအတွက် တစ်ရာသီအတွင်း အမှတ်ပေးလား၊ ပြည်တွင်းဆုဖလား၊ ချန်ပီယံလိဂ်ဖလား (၃)ခုစလုံးကို ဆွတ်ခူးခဲ့ရင် သမိုင်းတစ်လျှောက်အကြီးမားဆုံး အောင်မြင်မှုလို့ သတ်မှတ်ရမှာပါ။ ဥရောပဘောလုံးသမိုင်းတစ်လျှောက် ဖလား(၃)လုံး ရရှိခဲ့တဲ့အသင်းက စုစုပေါင်းမှ (၇)သင်းသာရှိခဲ့ပြီး အဲဒီအထဲမှာ ဥရောပရဲ့ အောင်မြင်မှုအများဆုံးလို့ သတ်မှတ်ရမယ့် ရီးယဲလ်လို အသင်းမျိုးတောင် မပါခဲ့ပါဘူး။ တစ်ရာသီအတွင်း ဖလား(၃)ခုရဖို့ဆိုတာက ခြေစွမ်းအပြင် ကံကြမ္မာကောင်းတွေ ရယူဖို့လည်း လိုအပ်နေတာပါ။ ဒီရာသီမှာတော့ ဥရောပထိပ်သီးအသင်းတချို့ဟာ ဖလား(၃)လုံးလမ်းကြောင်းပေါ်မှာ ရှိနေပြီး အဲဒီအသင်းတွေက ဘယ်အသင်းတွေလဲဆိုတာ ကြည့်လိုက်ရအောင် . . .

FC Porto
ပေါ်တူဂီထိပ်သီးကလပ် ပေါ်တိုအသင်းဟာ ဒီရာသီ ဖလား(၃)လုံးလမ်းကြောင်းပေါ်မှာ ရှိနေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ အမှတ်ပေးဖလားပြိုင်ပွဲမှာ ဘင်ဖီကာနဲ့ (၆၆)မှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့်(၂)နေရာမှာ ရပ်တည်နေပြီး ပေါ်တူဂီဖလားပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိနေပါပြီ။ ချန်ပီယံလိဂ်မှာတော့ ကွာတားဖိုင်နယ်အဆင့် တက်ရောက်ခဲ့ပြီး လီဗာပူးလ်နဲ့ ဆုံတွေ့နေတာကြောင့် ရုန်းကန်ရမယ့် အနေအထားပါပဲ။ ၂၀၀၄ ခုနှစ်တုန်းက နည်းပြ မော်ရင်ဟို Jose Mourinho ရဲ့ ဦးဆောင်မှုနဲ့အတူ ချန်ပီယံလိဂ်ဖလားမှာ မထင်မှတ်ဘဲ ဗိုလ်စွဲခဲ့တဲ့ ပေါ်တိုအသင်း ဒီရာသီမှာ ဖလား(၃)လုံးရဖို့ဆိုရင်တော့ မယုံနိုင်လောက်တဲ့ ခြေစွမ်း၊ ကံကြမ္မာ လိုအပ်နေပြီလို့ပြောရမှာပါ။

Ajax
နယ်သာလန်ထိပ်သီး အေဂျက်စ်အသင်းကလည်း ဖလား(၃)လုံး မှန်းလို့ရတဲ့အသင်းတစ်သင်းပါပဲ။ ပြည်တွင်းလိဂ်မှာ ထိပ်ဆုံးက PSV နဲ့ (၂)မှတ်အကွာ အဆင့်(၂)၊ ဒတ်ခ်ျဖလားမှာ ဗိုလ်လုပွဲ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွတားဖိုင်နယ်အဆင့်အထိ ရောက်ရှိနေပါပြီ။ ချန်ပီယံလိဂ်မှာ (၃)နှစ်ဆက်ချန်ပီယံ ရီးယဲလ်ကို ဖြုတ်ချခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်မှာ ဂျူဗင်တပ်စ်နဲ့ ဆုံတွေ့နေပါတယ်။ အေဂျက်စ်အသင်းဟာ ၁၉၇၁-၇၂ ခုနှစ်တုန်းကလည်း ဖလား(၃)လုံးရရှိခဲ့ဖူးတာကြောင့် နှစ်ပေါင်း(၄၇)နှစ်အကြာမှာ ဒုတိယအကြိမ် ပြန်လည်စွမ်းဆောင်ပြနိုင်ဦးမလား စောင့်ကြည့်ရမှာပါ။

Manchester City
ဒီစာရင်းထဲမှာ မန်စီးတီးအသင်းကတော့ ထူးထူးခြားခြား ဖလား(၄)လုံးအထိ မျှော်လင့်ချက်ရှိနေတာပါ။ လိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ မန်စီးတီးအသင်း FA ဖလား၊ ပရီးမီးယားလိဂ်ဖလားတွေကို ရယူဖို့ မျှော်လင့်ချက်ရှိနေပြီး အဓိက ကြိုးပမ်းရမှာက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲရေးပါပဲ။ ကွာတားဖိုင်နယ်အဆင့်မှာ စပါးအသင်းနဲ့ ဆုံတွေ့နေပြီး အဲဒီပွဲအပါအ၀င် လက်ကျန်ပွဲတွေမှာ အခြေအနေကောင်းမယ်ဆိုရင် ဖလား(၄)လုံး မျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်ပါပြီ။ ဘာစီလိုနာအသင်းမှာတုန်းက ၂၀၀၉ ခုနှစ်မှာ ဖလား(၆)လုံးအထိ ရယူခဲ့တဲ့ ဂွါဒီယိုလာ Pep Guardiola မန်စီးတီးအသင်းအတွက်လည်း အဲဒီလို စွမ်းဆောင်ပြဦးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Barcelona
တစ်ရာသီအတွင်း ဆုဖလား(၃)ခု ရယူခဲ့တဲ့ မှတ်တမ်းကို ၂၀၀၉၊ ၂၀၁၅ ခုနှစ်တွေမှာ ရယူခဲ့ပြီး ဖလား(၃)လုံး (၂)ကြိမ်ဆက် ရယူခဲ့တဲ့ ပထမဆုံးအသင်း ဘာစီလိုနာဟာ အဲဒီသမိုင်းဝင်မှတ်တမ်းကို ဒီရာသီမှာ တတိယအကြိမ်မြောက် ပြန်ရဖို့ အခြေအနေကောင်းနေပါတယ်။ ဘာစီလိုနာအသင်းဟာ လာလီဂါချန်ပီယံဖြစ်ဖို့ သေချာသလောက်ရှိနေပြီး စပိန်ဘုရင့်ဖလားမှာလည်း ဗိုလ်လုပွဲတက်ရောက်နေပါပြီ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အတွက် အမှားအယွင်းသာ မရှိခဲ့ရင် ဖလား(၃)လုံးချန်ပီယံအဖြစ် အောင်ပွဲခံဖို့ အခွင့်အရေးရှိနေပြီဖြစ်ပါတယ်။

ဖလား(၃)လုံးလမ်းကြောင်းပေါ်မှာ ရှိနေတဲ့အသင်းတွေထဲက မန်စီးတီး၊ ဘာစီလိုနာတို့ကတော့ တခြားအသင်းတွေထက် မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ဖို့ အနီးစပ်ဆုံးဖြစ်နေပါပြီ။ ဘယ်အသင်းတွေ ဖလား(၃)လုံးဆွတ်ခူးနိုင်မလဲဆိုတာ ရာသီကုန်အထိ စောင့်ကြည့်လိုက်ကြစို့လား . . .

REF:sportskeeda
Photo:Sport English
Naing Linn(Akhayar)
www.akhayar.com