အပေါင်းအသင်း၊ မိတ်ဆွေ၊သူငယ်ချင်းဆိုတာ လူတိုင်း လူတိုင်းမှာ ရှိကြပါတယ်။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းတွေရှိခြင်းဟာ ကောင်းမွန်တဲ့ မင်္ဂလာတစ်ပါးဖြစ်သလို အခက်အခဲဖြစ်နေချိန်မှာ တိုင်ပင်ဖော်၊တိုင်ပင်ဖက်ရသလို အကူအညီကောင်းတွေလည်း ရရှိစေနိုင်ပါတယ်။ သူငယ်ချင်းလို့ဆိုရာမှာလည်း သူငယ်ချင်းတွေက ပုံစံအမျိုးမျိုးရှိကြပါတယ်။ ဒိုးတူဘောင်ဖက်ပေါင်းတဲ့ သူငယ်ချင်းတွေ ရှိသလို အကောင်းမြင်စိတ်လေးတွေထားရှိပြီး အရာရာကို အကောင်းမြင်တတ်တဲ့ သူငယ်ချင်းမျိုးလေးတွေ အစရှိသဖြင့် မတူညီတဲ့ သူငယ်ချင်း၊မိတ်ဆွေလေးတွေလည်း ရှိတတ်ပါတယ်။ အခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ အကောင်းမြင်တတ်တဲ့ သူငယ်ချင်းလေးတွေ ကိုယ်မှာရှိရင် ဘယ်လိုကောင်းကျိုးတွေ ရရှိစေမလဲဆိုတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

(၁) စိတ်ဓာတ်ပြန်လည်တက်ကြွလာခြင်း

အကောင်းမြင်စိတ်ထားတဲ့ သူငယ်ချင်းလေးတွေဟာ သင့်အတွက် ကျောက်မျက်ရတနာလိုပဲ တန်ဖိုးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ခံစားချက်မကောင်းတဲ့အခါ သူတို့ဟာအကောင်းမြင်စိတ်နဲ့ မြင်တတ်အောင် ဘေးကနေ ဖေးဖေးမမ ပြောပြပေးတတ်သလို ရင်ဖွင့်တဲ့အခါမျိုးမှာလည်း အပြုံးလေးတွေနဲ့ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပေးတတ်သလို ပွေ့ဖက်ပေးကာ ခံစားရတဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးသွားအောင် ပြုလုပ်ပေးတတ်ကြသူတွေပါ။ စိတ်ဖိစီးမှုဖြစ်နေတဲ့အချိန်မျိုးမှာ အကောင်းဆုံးကတော့ အကောင်းမြင်တတ်တဲ့သူငယ်ချင်းတွေနားမှာ အချိန်ဖြုန်းသင့်ပြီး စိတ်ဓာတ်ခွန်အားတွေ ပြန်လည်တက်ကြွအောင် ပြုလုပ်သင့်ပါတယ်။

(၂) လိုအပ်တဲ့အချိန်အကူအညီကောင်း ရရှိစေပါတယ်

အကောင်းမြင်တတ်တဲ့ သူငယ်ချင်းတွေဟာ သင်အခက်အခဲနဲ့ကြုံတွေ့နေရရင် အကူအညီပေးလို့ရမလားလို့ သင်မမေးခင် အကူအညီပေးဖို့ ပြင်နေတတ်ကြသူတွေပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အကောင်းမြင်စိတ်ရှိတဲ့အတွက် အရာရာတိုင်းနဲ့ သူတို့နဲ့ပတ်သက်သမျှသူတိုင်းကို အကောင်းဆုံးတွေပဲ ဖြစ်စေချင်တဲ့စိတ် ရှိတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့်မို့ အကောင်းမြင်စိတ်ရှိတဲ့သူတွေဟာ ဘယ်နှစ်ခါအကူအညီတောင်းတောင်း သူတို့အခက်အခဲမရှိနေရင် အမြဲကူညီမယ့်လူတွေဖြစ်လို့ သူတို့ဆီကနေ အထောက်အပံ့ကောင်း၊ အကူအညီကောင်းတွေ ရရှိမှာ အသေအချာပါပဲ။

(၃) ကျန်းမာရေးကောင်းစေခြင်း

အကောင်းမြင်စိတ်ရှိတဲ့ သူငယ်ချင်းတွေက ကျန်းမာရေးကောင်းမွန်အောင်လည်း ကူညီပေးတဲ့သူတွေပါ။ အကောင်းမြင်စိတ်ရှိတဲ့ သူငယ်ချင်းများများရှိလေ ပျော်စရာတွေ ပိုမိုခံစားရတဲ့အတွက် စိတ်ဖိစီးမှုနည်းပါးကာ ကျန်းမာသက်ရှည်စေပါတယ်။ လေ့လာချက်တွေအရဆိုရင်လည်း အကောင်းမြင်စိတ်ရှိတဲ့သူတွေဟာ စိတ်ဖိစီးမှုတွေနဲ့ ဖျားနာမှုတွေကို ကောင်းကောင်းဖြေရှင်းနိုင်တဲ့သူတွေ ဖြစ်တာကိုလည်း တွေ့ရပါတယ်။ အကောင်းမြင်တတ်သူတွေနဲ့ နေထိုင်ခြင်းကြောင့် ရရှိတဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ကြည့်မယ်ဆိုရင် စိတ်ဖိစီးမှုတွေ လျော့ပါးသက်သာခြင်း၊ သိပ်မဖျားနာခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျခြင်းတွေပဲ ဖြစ်ပါတယ်။

(၄) ကောင်းမွန်တဲ့ အရာတွေ ဖြစ်အောင် တစ်ဖက်တစ်လမ်းကနေ ပြုလုပ်ပေးခြင်း

အကောင်းမြင်တတ်တဲ့သူတွေဟာ စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးတာအပြင် ကောင်းမွန်တဲ့ အရာတွေကိုလည်း သယ်ဆောင်လာပေးတတ်သူပါ။ အကောင်းမြင်တတ်တဲ့ သူငယ်ချင်းနားနေတဲ့အခါ စိတ်ဓာတ်တက်ကြွနေတဲ့အတွက် အကောင်းဆုံးတွေလုပ်ဖို့ ခွန်အားတွေ ပြည့်နေကာ အိပ်မက်တွေအကောင်အထည်ဖော်ဖို့ အဆင့်သင့်ဖြစ်နေပြီး အရာရာကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ အသင့်ဖြစ်နေပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် သင်က စာရေးဆရာဖြစ်ချင်တဲ့ စိတ်ကူးရှိလို့ အကောင်းမြင်တတ်တဲ့ သူငယ်ချင်းကို ပြောပြတဲ့အခါ အကောင်းမြင်တတ်တဲ့သူ ဖြစ်တဲ့အတွက် လုပ်ကြည့်ပါ ဖြစ်နိုင်ပါတယ်ဆိုပြီး အားပေးတဲ့အတွက် အနည်းဆုံး အိပ်မက်ကို အကောင်အထည်ဖော်ဖြစ်သွားတဲ့ ကောင်းကျိုးရရှိစေပါတယ်။ သေချာပေါက် သူတို့က အိပ်မက်ကို အကောင်အထည်ဖော်ဖို့ တွန်းအားပေးမယ့်သူတွေလည်း ဖြစ်လို့ အိပ်မက်တွေရှိရင် အကောင်းမြင်တတ်တဲ့ သူငယ်ချင်းကို ပြောပြကြည့်ပါ။

အကောင်းမြင်တဲ့စိတ်ဆိုတာ လူတိုင်းလိုလိုမှာ ရှိရင်တော့ အကောင်းဆုံးပါပဲ။ အကောင်းမြင်စိတ်က ဘဝခရီးလမ်းကို ချောမွေ့စေပြီး အောင်မြင်မှုနဲ့ ပျော်ရွှင်မှုတွေ ယူဆောင်လာပေးတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ကိုယ်မှာ အကောင်းမြင်စိတ်မရှိသေးဘူးဆိုရင်တောင် အနည်းဆုံး အကောင်းမြင်စိတ်ရှိတဲ့ သူငယ်ချင်းနားနေပြီး အကောင်းမြင်စိတ်ကို ကူးစက်လာအောင် ပြုလုပ်သင့်ပြီး လူတွေကို ကောင်းကျိုးပြုတဲ့သူဖြစ်အောင် ကြိုးစားသင့်ပါတယ်။

H.H(Akhayar)

www.akhayar.com