အောက်မှာပြထားတဲ့ပုံကို ကြည့်ရင် အသက်(၁၀)နှစ်အရွယ်ကောင်လေးတစ်ယောက် ဘောလုံးပွဲကြည့်စင်မှာ ခပ်တည်တည်နဲ့ ဆေးလိပ်သောက်နေတယ်လို့ ထင်ကြမှာပါပဲ။ အဲဒီဆရာသမားက ဘာဆာစပေါ်ဂျာစီဝတ်ထားပြီး သူ့ဘေးနားမှာ ကလေးတစ်ယောက်ရှိတာတောင် ဆေးလိပ်အသောက်မပျက်ခဲ့ပါဘူး။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက ဘာဆာစပေါ်နဲ့ ဖီနာဘာချီအသင်းတို့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အဲဒီပရိသတ်ရဲ့ ဓာတ်ပုံ ပေါ်ထွက်လာတာဖြစ်ပြီး အခုဆိုရင် လူမှုကွန်ရက်တွေမှာ ဒီပုံက နာမည်ကြီးနေပါပြီ။ ဒီပုံကို ကြည့်မိတဲ့လူတိုင်းက အသက်ငယ်ငယ်နဲ့ ဆိုးသွမ်းနေတဲ့ ကောင်လေးတစ်ယောက်လို့ ခပ်လွယ်လွယ် မှတ်ချက်ချကျမှာဖြစ်ပေမယ့် အမှန်တကယ်တော့ သူဟာ အသက်(၃၆)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ လူကြီးတစ်ဦးပါပဲ။

အဲဒီပရိသတ်ရဲ့ နာမည်က Cocuk လို့ ခေါ်ပြီး သူ့ဘေးမှာထိုင်နေတဲ့ ကလေးက သူ့သားဖြစ်ပေမယ့် ပုံထဲမှာတော့ Cocuk ရဲ့ သူငယ်ချင်းလိုလို ဘာလိုလို အထင်မှားစရာဖြစ်နေတာပါ။ သေချာတာကတော့ Cocuk ဟာ အသက်နဲ့မလိုက်အောင် ကလေးရုပ်ပေါက်နေလို့ သူ ဘယ်သွားသွား ID (မှတ်ပုံတင်)ကတ်ကို မဖြစ်မနေ ယူသွားဖို့ လိုနေပါပြီ။ ဒါမှလည်း တစ်ခုခုဖြစ်ရင် ID ပြပြီး ရှင်းလို့ရမှာ။ Cocuk ရဲ့ ကလေးရုပ်ပေါက်နေတဲ့ ပြဿနာပြေလည်သွားပေမယ့် သူဟာ ပွဲကြည့်စင်ထဲမှာ ဆေးလိပ်သောက်ခဲ့လို့ ဒဏ်ငွေကျခံရဖို့ ရှိနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ တူရကီမှာ ဘောလုံးကွင်းအပါအ၀င် အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်သောက်ခွင့် မရှိဘဲ တကယ်လို့ ချိုးဖောက်ခဲ့မယ်ဆိုရင်တော့ ဒဏ်ငွေ (၁၃)ပေါင် ချမှတ်ခံရမှာဖြစ်လို့ပါပဲ . .

REF:sportbible
Photo:beIN Sports,The Sun
Naing Linn(Akhayar)
www.akhayar.com