ဂျူဗင်တပ်စ်အသင်းရဲ့ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ဆိုတာက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ Greatest Player တစ်ဦးဆိုတာက သံသယဖြစ်စရာ မလိုပါဘူး။ ချန်ပီယံလိဂ်ပွဲပေါင်း (၁၆၂)ပွဲကစား၊ (၁၂၆)ဂိုးသွင်းထားတဲ့ စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူလည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ စံချိန်ကောင်းများစွာ တင်ရှိခဲ့သူ၊ ချန်ပီယံလိဂ်ဖလားကို (၅)ကြိမ်အထိရယူခဲ့ပြီး ဘောလုံးလောကမှာ လက်ရှိကစားနေတဲ့သူတွေထဲအကြိမ်အများဆုံး ရယူခဲ့သူစတဲ့ မှတ်တမ်းကောင်းများကို ပိုင်ဆိုင်ထားသူပါ။ ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို (၄)ကြိမ်အထိ ရယူခဲ့ပြီးနောက်မှာတော့ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ ဒီရာသီအစမှာ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ပထမဆုံးရာသီမှာ စီးရီးအေ၊ အီတလီစူပါဖလားတွေ ရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေဖလား(၃)ခု ရခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့အတွက် သိပ်မဆိုးဘူးလို့ ပြောရင်ရပေမယ့် စီရော်နယ်လ်ဒိုလို ကစားသမားတစ်ဦးအတွက် ဒီဆုဖလားလောက်နဲ့သာ ကျေနပ်နေမှာ မဟုတ်ပါဘူး။

သူ့ရဲ့ အဓိက ပစ်မှတ်၊ ပရိသတ်တွေကလည်း မျှော်လင့်တကြီး မျှော်လင့်ထားတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ပရိသတ်တွေသိတဲ့အတိုင်း ကွာတားဖိုင်နယ်က ထွက်ခဲ့ရပြီဖြစ်လို့ စီရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ်ကစားသမားဘ၀ အဖွင့်ရာသီက ထိုက်သင့်သလောက် မအောင်မြင်ခဲ့ဘူးလို့လည်း ပြောရမယ်။ အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်တာကြောင့် စီရော်နယ်လ်ဒိုဟာ (၆)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဘယ်တော့မှ ရမှာမဟုတ်ဘူးလို့ ပြောရင်တော့ ဒါဟာမိုက်မဲမှုတစ်ခုပဲဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်အသင်းနဲ့သာ ချန်ပီယံလိဂ်ဖလားမရခဲ့ရင် စီရော်နယ်လ်ဒိုအတွက် ကြီးမားတဲ့ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရမယ့်အနေအထားရှိနေပါတယ်။

ပထမဆုံးကတော့ သူ့ရဲ့အဓိကပြိုင်ဘက် မက်ဆီ Lionel Messi ပရိသတ်တွေ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ရဖို့ရှိနေတာပါပဲ။ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့တုန်းက စီရော်နယ်လ်ဒိုဟာ မက်ဆီအနေနဲ့ သူ့လိုပဲ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ စီးရီးအေကို ပြောင်းသင့်တယ်လို့ Challenge လုပ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ တကယ်လို့သာ စီရော်နယ်လ်ဒိုဟာ ပြည်တွင်းဖလားတွေနဲ့ပဲ ကျေနပ်နေမယ်ဆိုရင်တော့ သူပြောခဲ့တဲ့ စိန်ခေါ်မှုအသစ်ဆိုတာ ဘာလဲလို့ မေးခွန်းထုတ်ခံရတော့မှာပါ။

ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်လာမယ့် နောက်တစ်ချက်က Ballon d’Or ဆုကို စီရော်နယ်လ်ဒို မျှော်လင့်လို့ မရနိုင်တော့တာဖြစ်ပါတယ်။ နောက်ဆုံး(၅)နှစ်အတွင်း Ballon d’Or ဆုရခဲ့တဲ့သူတွေကို ပြန်ကြည့်ရင် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်တဲ့အချက်က အရေးပါတယ်ဆိုတာ တွေ့ရမှာပါ။ ပြီးခဲ့တဲ့နှစ်က ရီးယဲလ်ကွင်းလယ်လူ မိုဒရစ် Luka Modric ပထမဆုံးအကြိမ် Ballon d’Or ဆုကို ရရှိခဲ့တာက ချန်ပီယံလိဂ်မှာ ရီးယဲလ်အသင်း ဗိုလ်စွဲခဲ့တယ်ဆိုတဲ့အချက်က အဓိကကျခဲ့ပါတယ်။ စီးရီးအေမှာ ဂိုးတွေသွင်း၊ ချန်ပီယံဖြစ်ရုံလောက်နဲ့တော့ Ballon d’Or ဆုကိုင်မြှောက်ဖို့ မဖြစ်နိုင်ပါဘူး။ စီရော်နယ်လ်ဒိုအတွက် အကြီးမားဆုံးထိုးနှက်ချက်ဖြစ်လာမှာ သူ့ရဲ့အဓိကပြိုင်ဘက် မက်ဆီကို တစ်ဦးချင်းအောင်မြင်မှုမှာ ရှုံးနိမ့်သွားဖို့ ရှိနေတာပါပဲ။

အသက်(၃၁)နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် မက်ဆီရဲ့ ခြေစွမ်းက တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာနေပြီး ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်ဆု(ESM)ရရှိဖို့ အခြေအနေကောင်းနေတဲ့အပြင် ဒီရာသီချန်ပီယံလိဂ်မှာလည်း သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ အသက်အရွယ်ချင်းယှဉ်ကြည့်ရင်လည်း မက်ဆီက စီရော်နယ်လ်ဒိုထက် ပိုငယ်တာကြောင့် နောက်ထပ်(၃)၊ (၄)နှစ်လောက် ကစားနိုင်ဖို့ရှိပါသေးတယ်။ ဒီရာသီမှာ ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ဖလားရခဲ့ရင် မက်ဆီအတွက် ဒီနှစ် Ballon d’Or ဆုက သေချာသလောက်ရှိသွားမှာဖြစ်လို့ စီရော်နယ်လ်ဒိုကို အသာရသွားမှာဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ကျန်တဲ့တစ်ဦးချင်းအကောင်းဆုံးဆု၊ အဓိကဆုဖလားရရှိမှုအပိုင်းမှာ မက်ဆီက Knock Out ချသွားမှာပါ။ လာမယ့်နှစ်ဆိုရင် စီရော်နယ်လ်ဒိုရဲ့အသက်က (၃၅)နှစ်ပြည့်ပါပြီ။ အကောင်းဆုံးအချိန်တွေ ကုန်လွန်လာပြီဖြစ်သလို ဘောလုံးသမားဘ၀ နေ၀င်ချိန်က တဖြည်းဖြည်း နီးစပ်လာနေပြီလို့ သူ့အတွက် အချိန်သိပ်မကျန်တော့ပါဘူး။ အခုလက်ရှိ စီရော်နယ်လ်ဒိုရဲ့ခြေစွမ်းက သိသိသာသာ ကျဆင်းသွားတာမျိုး မရှိသေးလို့ ခံသာနေတာပါ။ ဘာပဲဖြစ်ဖြစ်ပါ၊ မန်ယူ၊ ရီးယဲလ်အသင်းတို့မှာ ကြီးမားတဲ့အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ စီရော်နယ်လ်ဒိုအတွက် ဂျူဗင်တပ်စ်အသင်းမှာ အောင်မြင်မှုမှတ်တမ်းစိုက်ထူချင်တယ်ဆိုရင်တော့ လာမယ့်ရာသီကျရင် ချန်ပီယံလိဂ်ဖလားကို ရယူဖို့လိုနေပြီလို့ပဲ ဆိုရတော့မှာဖြစ်ပါကြောင်း . .

REF:sportskeeda
Photo:SB Nation,.ilgiornale,AS,SPORTbible,Wallpaper Abyss
Naing Linn(Akhayar)
www.akhayar.com