လက်ရှိ ပရီးမီးယားလိဂ်မှာ ဖိအားအများဆုံးနည်းပြက ချယ်လ်ဆီးနည်းပြ လမ်းပတ် Lampard ပါပဲ။ အခုချိန်ထိ အသင်းအတွက် နိုင်ပွဲရှာဖွေပေးနိုင်ခြင်းမရှိသေးတာကြောင့်လည်း သူ့အပေါ်ယုံကြည်စိတ်တွေက မ၀ံမရဲဖြစ်လာကြပါပြီ။လိဂ်ချန်ပီယံရှစ်မှာ ဒါဘီအသင်းနဲ့ လမ်းပတ် ဟာ အတိုင်းအတာတစ်ခုထိ လုပ်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြတစ်ယောက်ဟာ တစ်ဆင့်ခြင်းစီ အမြင့်ကို တက်လှမ်းသွားတာကမှ အောက်သက်ကျေတယ်လို့ ယူဆမိပါတယ်။ လမ်းပတ် ကတော့ တစ်ဆင့်ခြင်းစီ မဟုတ်ဘဲ အသင်းကြီးတစ်သင်းကို ချက်ချင်းကိုင်တွယ်ခွင့်ရရှိခဲ့တာပါ။ ချယ်လ်ဆီးအသင်းနဲ့ ချယ်ဆီးဂန္ထ၀င်ကစားသမား လမ်းပတ် တို့ရဲ့ နည်းပြအဖြစ်ပြန်လည်ပေါင်းစည်းခန်းဟာ အစပိုင်းက လှပခဲ့ပေမယ့် အခုဆိုရင်တော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါပြီ။ ဒီနေရာမှာ အဓိကထောက်ပြလိုတဲ့ အချက်ကတော့ လမ်းပတ် ဟာ အသင်းကြီးကိုင်တွယ်တဲ့ အတွေ့အကြုံမရှိတာပဲဖြစ်ပါတယ်။ ဒီအရာဟာ နည်းပြတစ်ယောက်အတွက် အရေးကြီးဆုံးနေရာမှာ ရှိနေသလို ဆက်ပြီးတော့ လမ်းပတ် လုပ်ခဲ့တဲ့ အမှားအယွင်းတစ်ခုကို ထောက်ပြချင်ပါတယ်။ ဒါကတော့ အသင်းအတွက် ရာသီတိုင်းပုံစံကောင်းနဲ့ ဦးဆောင်နေပြီး ခြေစွမ်းပိုင်းလည်း ကောင်းမွန်နေဆဲ ဖြစ်တဲ့ နောက်ခံလူ ဒေးဗစ်လူးဝစ် David Luiz ကို လွယ်လွယ်နဲ့ အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့တာပါ။ အသင်းကြီးကိုကိုင်တွယ်တဲ့ အတွေ့အကြုံရှိရင် စီနီယာကစားသမားတစ်ဦးရဲ့ တန်ဖိုးကို လမ်းပတ် သေချာသိမြင်နိုင်မှာဖြစ်ပေမယ့် သူ့မှာ ဒီလိုအတွေ့အကြုံမရှိတာကြောင့် ဆုံးဖြတ်ချက်မှားယွင်းခဲ့ပြီး လက်ရှိခံစစ်ပိုင်းကတော့ အားနည်းချက်တွေ များနေပါတယ်။

ချယ်လ်ဆီးအသင်း အပြောင်းအရွှေ့လုပ်ဆောင်ခွင့် ပိတ်ပင်ခံထားရတာကလည်း လမ်းပတ် ကို အခက်တွေစေတဲ့ အချက်ပဲဖြစ်ပါတယ်။ နည်းပြတစ်ယောက်အတွက် အပြောင်းအရွှေ့လုပ်ခွင့်ဟာ အရေးပါတဲ့ အရာဖြစ်ပေမယ့် ဒီလိုလုပ်ခွင့်မရှိတဲ့ အသင်းကို အသင်းချစ်စိတ်တစ်ခုတည်းနဲ့ လာခဲ့တဲ့ လမ်းပတ် ကိုတော့ ချီးကျူးရမှာပါ။ လမ်းပတ် ရဲ့ ချယ်လ်ဆီးအသင်း လက်ရှိစုဖွဲ့မှုဟာ ကောင်းမွန်တယ်ဆိုပေမယ့် တခြားအသင်းကြီးတွေနဲ့ ယှဉ်ရင်တော့ အားနည်းချက်တွေရှိနေပါတယ်။ ဒီနေရာမှာ လမ်းပတ် အသင်းမှာ နေရာပေးတဲ့ ကစားသမားတွေမှာလည်း တချိုကကောင်းမွန်ပေမယ့် တချို့ကတော့ အသင်းကြီးမှာ ကစားဖို့မထိုက်တန်သေးတဲ့ ကစားသမားတွေဖြစ်တာကြောင့် ချယ်လ်ဆီးအသင်း ရုန်းကန်နေရတာလို့ ပြောရမှာပါပဲ။

လက်ရှိ လမ်းပတ် ရဲ့ ချယ်လ်ဆီးအသင်းဟာ ပုံမှန်ခြေစွမ်းမှာ မရှိသေးတာကို တွေ့ရပါတယ်။ အသင်းကြီးတစ်သင်းမှာ ပုံမှန်ခြေစွမ်းဟာ အရေးပါတာကြောင့် လမ်းပတ် အနေနဲ့ ဒီအရာကို မဖြစ်မနေပုံဖော်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ မန်ယူ ၊ လီဗာပူးလ် နဲ့ ပွဲတွေမှာ ချယ်လ်ဆီးကစားပုံကောင်းခဲ့ပေမယ့် လက်စတာနဲ့ပွဲမှာတော့ ခြေစွမ်းပိုင်းက တော်တော်လေးဆိုးရွားခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ အသင်းကစားသမားတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွအောင် လမ်းပတ် လုပ်ဆောင်ပေးဖို့ လိုတယ်ထင်ပါတယ်။ ဒီအရာဟာ အသင်းတစ်သင်းမှာ အရေးကြီးတဲ့ အချက်ဖြစ်ပြီး အခုချိန်ထိတော့ ချယ်လ်ဆီးအသင်းမှာ ကစားသမားတွေရဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်တွေကို မမြင်တွေ့ရသေးပါဘူး။

လက်ရှိ ချယ်လ်ဆီးအသင်းကတော့ လိုအပ်ချက်တွေများနေပါတယ်။ ဒီလိုအပ်ချက်တွေကိုတော့ လမ်းပတ် ပြင်ဆင်သွားပြီး အသင်းကိုဆွဲတင်ပေးသွားရမှာပါ။ ဒီလိုမှမဟုတ်ရင်တော့ လမ်းပတ် ရဲ့ ချယ်လ်ဆီးနည်းပြဘ၀က ရာသီဝက်လောက်မှာတင် ပြီးဆုံးသွားဖို့ရှိနေပါတယ်။

Ref: Sportskeeda
Photo: Stadium Astro , Evening Standard , Chelsea Twitter , The Week UK
Ko Kyue(Akhayar)
www.akhayar.com