ကလပ်အသင်းမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြနိုင်မှ နိုင်ငံအသင်းမှာ ရွေးချယ်ခံရတာ အားလုံးအသိပါ။ ကလပ်အသင်းမှာ ပုံမှန်စွမ်းဆောင်ရည်ကို ပြနိုင်ပေမယ့် နိုင်ငံအသင်းမှာဆို အကောင်းဆုံးအစွမ်းပြနိုင်တဲ့ ကစားသမားတွေရှိနေပါတယ်။ ပြောရရင်တော့ ကလပ်ထက် နိုင်ငံအသင်းမှာ အစွမ်းပြနိုင်ကြတာမျိုးပါ။ အခု ဒီ Article မှာတော့ ဒီကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပြီး ဘယ်သူတွေပါနေမလဲဆိုတာကို ကြည့်လိုက်ကြရအောင် …

Podolski

ဂျာမနီတိုက်စစ်မှူး ပိုဒေါလ်စကီး Podolski ကတော့ သူ့ရဲ့ကစားသမားဘ၀ အကောင်းဆုံး အချိန်တွေကို ကိုလုံး ၊ ဘိုင်ယန်မြူးနစ် နဲ့ အာဆင်နယ်အသင်းတွေမှာ ကုန်ဆုံးခဲ့သူပါ။ ဒါပေမယ့် ပရိသတ်တွေ ပိုဒေါလ်စကီး ကို စတင်သတိထားမိကြတာကတော့ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာဖြစ်ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပိုဒေါလ်စကီး ဟာ တိုက်စစ်ပိုင်းမှာ ကလိုဆေး Klose နဲ့ တွဲဖက်ပြီး အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့သလို သွင်းဂိုး(၃)ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ပိုဒေါလ်စကီး ဟာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီ Messi နဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo တို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံး လူငယ်ကစားသမားဆုကိုလည်း ရရှိခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်း ဂျာမနီအသင်းရဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ပိုဒေါလ်စကီး ဟာ တိုက်စစ်ပိုင်းမှာ အစွမ်းပြနိုင်ခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဆုကိုလည်း ရရှိခဲ့ပါတယ်။ ပိုဒေါလ်စကီး ဟာ ဂျာမနီအသင်းအတွက် ပွဲပေါင်း (၁၃၀)ကစား (၄၉)ဂိုးသွင်းယူခဲ့ပါတယ်။

Vargas

ချီလီအသင်းရဲ့ တိုက်စစ်မှူး ဗားဂတ်စ် Vargas ကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် ဗားဂတ်စ် ကလပ်အသင်းက ဘယ်အသင်းလဲလို့ မေးရင်တော့ ဆွံအသွားကြမှာ သေချာပါတယ်။ လက်ရှိမှာတော့ ဗားဂတ်စ် ဟာ မက္ကဆီကိုကလပ် Tigres UANL အသင်းမှာ ကစားနေပြီး ခြေစွမ်းပြနေပါတယ်။ ပြောရရင်တော့ ဗားဂတ်စ် ဟာ ဥရောပမြေနဲ့ ဓာတ်မတည့်ဘူးလို့ ပြောရမှာဖြစ်ပြီး ဥရောပကလပ်အသင်းတွေမှာ ကစားခဲ့တုန်းက ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသူပါ။ ဒါပေမယ့် နိုင်ငံအသင်းမှာတော့ ဗားဂတ်စ် ရဲ့ စွမ်းဆောင်ရည်က ပုံမှန်ထက်ပိုကောင်းသလို သူ့ရဲ့တိုးအား ၊ ရုန်းအား နဲ့ အဆုံးသတ်ပိုင်းတွေက အကောင်းဆုံးမှာရှိနေပါတယ်။ ချီလီအသင်းအတွက် လက်ရှိအချိန်ထိ ပွဲပေါင်း(၉၀)ကစား (၃၈)ဂိုးသွင်းယူထားသလို ကိုပါအမေရိကဖလား ချန်ပီယံဆုကို (၂)ကြိမ်ထိ ရရှိထားတဲ့ ဗားဂတ်စ် က နိုင်ငံအသင်းမှာ ခြေစွမ်းပိုပြတဲ့ အနေအထားကို အခုလိုပဲ ဖွင့်ဟခဲ့ပါတယ်။ ” နိုင်ငံအသင်းမှာ ကစားရင် ဘာလို့ပိုကောင်းလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး ”

Charistea

ဂရိတိုက်စစ်မှူး ဟရစ္စတေ့စ် Charistea ကလည်း ဗားဂတ်စ် လိုပါပဲ။ လူတိုင်းတော့သိတယ် ဒါပေမယ့် ကလပ်ထက် နိုင်ငံနဲ့ပဲ သူ့ကိုတွဲမြင်ကြပါတယ်။ ဒီလိုမြင်မယ်ဆိုလည်း မြင်လောက်စရာပါ။ ဘာလို့လည်းဆိုတော့ ဟရစ္စတေ့စ် ဟာ သူ့ရဲ့ကစားသမားဘ၀ကို ကလပ်အသင်းများစွာနဲ့ ဖြတ်သန်းခဲ့ပြီး သိပ်ပြီးထူးခြားတဲ့ စွမ်းဆောင်ရည်မျိုး မပြနိုင်ခဲ့လို့ပါပဲ။ ဒါပေမယ့် နိုင်ငံအသင်းဖြစ်တဲ့ ဂရိအသင်းမှာ ဟရစ္စတေ့စ် ရဲ့ စွမ်းဆောင်ရည်က အကောင်းဆုံးမှာရှိခဲ့သလို ယူရို(၂၀၀၄)ဂရိအသင်း ဗိုလ်စွဲတဲ့နေရာမှာတော့ အသင်းတိုက်စစ်ကို ဦးဆောင်ခဲ့ပြီး ဗိုလ်လုပွဲမှာ အနိုင်ဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။

အခု ပရိသတ်တွေအတွက် ကလပ်ထက် နိုင်ငံအသင်းမှာ အစွမ်းပြနိုင်ကြတဲ့ ကစားသမားများ အပိုင်း(၁)ကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ အပိုင်း(၂)ကို ဆက်လက်ဖော်ပြပေးသွားဦးမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Ref: Four Four Two
Photo: Scoopnest , News :: DFB – Deutscher Fußball-Bund eV ,Triunfo.cl – La Nación , GONAsport.com
Ko Kyue(Akhayar)
www.akhayar.com