ကလပ်အသင်းမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြနိုင်မှ နိုင်ငံအသင်းမှာ ရွေးချယ်ခံရတာ အားလုံးအသိပါ။ ကလပ်အသင်းမှာ ပုံမှန်စွမ်းဆောင်ရည်ကို ပြနိုင်ပေမယ့် နိုင်ငံအသင်းမှာဆို အကောင်းဆုံးအစွမ်းပြနိုင်တဲ့ ကစားသမားတွေရှိနေပါတယ်။ ပြောရရင်တော့ ကလပ်ထက် နိုင်ငံအသင်းမှာ အစွမ်းပြနိုင်ကြတာမျိုးပါ။ အခု ဒီ Article မှာတော့ ဒီကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပြီး ဘယ်သူတွေပါနေမလဲဆိုတာကို ကြည့်လိုက်ကြရအောင် …

Grosso

အီတလီဘယ်နောက်ခံလူ ဂရော့ဆို Grosso ကို ပရိသတ်တွေ မှတ်မိနေဦးမယ်လို့ ထင်ပါတယ်။ ကစားသမားဘ၀မှာတော့ ဂရော့ဆို ဟာ အင်တာမီလန် ၊ လိုင်ယွန် နဲ့ ဂျူဗင်တပ်စ်အသင်းတွေမှာ အောင်မြင်မှုတွေရခဲ့ပေမယ့် ဒီအသင်းတွေမှာ ကစားတုန်းက ရာသီတိုင်းလိုလို အကောင်းဆုံးခြေစွမ်းကို ပြနိုင်ခဲ့တာမဟုတ်ပါဘူး။ ကလပ်အသင်းမှာတော့ ဒီလို အခြေအနေမျိုးတွေရှိပေမယ့် နိုင်ငံအသင်းဖြစ်တဲ့ အီတလီမှာတော့ ဂရော့ဆို ဟာ အထင်ကြီးလောက်စရာ ၊ အားကိုးလောက်စရာခြေစွမ်းမျိုးတွေကို ပြသနိုင်ခဲ့ပါတယ်။ ဂရော့ဆို ဟာ အီတလီအသင်းမှာတော့ ဘယ်နောက်ခံနေရာကို (၅)နှစ်လောက် အပိုင်သိမ်းနိုင်ခဲ့ပါတယ်။ အီတလီအသင်းနဲ့ ပတ်သက်ပြီး ဂရော့ဆို ရဲ့ အကြီးမားဆုံး စွမ်းဆောင်မှုကို ပြပါဆိုရင် ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲပဲဖြစ်ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂရော့ဆို ဟာ ပြိုင်ပွဲတစ်လျှောက်လုံး ခြေစွမ်းကောင်းတွေကို ပြသခဲ့ပြီး ပြင်သစ်နဲ့ ဗိုလ်လုပွဲမှာတော့ အီတလီအသင်း ချန်ပီယံဖြစ်စေမယ့် အနိုင်ဂိုးပယ်နယ်တီကို သွင်းယူခဲ့ပါတယ်။

Gyan

ကျောနံပါတ်(၃)ကို ၀တ်ဆင်ပြီး ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးက ဘယ်သူလဲလို့ မေးခွန်းထုတ်ရင် အဆာမိုဂျန် Gyan ဆိုတဲ့ အဖြေကို ပရိသတ်တွေဆီက ပြန်ရမှာသေချာပါတယ်။ ဒီလောက်ထိ အဆာမိုဂျန် ဟာ ထင်ပေါ်ပေမယ့် ကလပ်အသင်းကစားသမားဘ၀မှာတော့ အသင်းတစ်သင်းမှာ ဘယ်တော့မှ ကြာရှည်မကစားဘဲ ဥရောပနဲ့ အာရှကလပ်အသင်းတွေမှာသာ ကူလူးကစားနေပါတယ်။ ဒီအနေအထားတွေကြောင့် ပိုကောင်းသင့်တဲ့ နေရာကို မရောက်တော့ဘဲ တည်ငြိမ်မှုမရှိတဲ့ ကစားသမားဘ၀ကို ဖြတ်သန်းနေရတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ ဒါပေမယ့် နိုင်ငံအသင်းဖြစ်တဲ့ ဂါနာအသင်းမှာဆိုရင်တော့ အဆာမိုဂျန် ဟာ ပြိုင်ပွဲကြီးတွေမှာ ထိပ်တန်းအဆင့်ခြေစွမ်းကို အမြဲပြသနိုင်ပြီး ပရိသတ်ကို ဖမ်းစားနိုင်စွမ်းရှိသူလည်းဖြစ်ပါတယ်။ အဆာမိုဂျန် ဟာ လက်ရှိအချိန်ထိတော့ ဂါနာအသင်းအတွက် ပွဲပေါင်း(၁၀၇)ပွဲကစား (၅၁)ဂိုးသွင်းယူထားပါတယ်။

Romero

မန်ယူအသင်းရဲ့ အရန်ဂိုးသမား ရိုမဲရိုး Romero ဟာ ဂိုးသမားကောင်းတစ်ဦးဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမယ့် ကလပ်အသင်းကစားသမားဘ၀မှာတော့ ရိုမဲရိုး ဟာ ကံသိပ်မကောင်းဘဲ Racing Club ၊ AZ ၊ ဆမ်ဒိုးရီးယား ၊ မိုနာကိုအသင်းတွေနဲ့ ဖြတ်သန်းခဲ့ရပြီး အခုသူ ကစားနေတဲ့ မန်ယူအသင်းဟာ သူ့ရဲ့ကစားသမားဘ၀ အမြင့်ဆုံးကလပ်အသင်းလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး အခြေအနေတွေရှိပေမယ့် နိုင်ငံအသင်းဖြစ်တဲ့ အာဂျင်တီးနားအသင်းမှာတော့ ရိုမဲရိုး ဟာ ကာလရှည်အသင်းရဲ့ ဂိုးပေါက်ကို စောင့်ရှောက်ခဲ့ပြီး အကောင်းဆုံး လက်စွမ်းတွေကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ရိုမဲရိုး ဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းမှာသာ အစွမ်းပြနိုင်ခဲ့တာ မဟုတ်ဘဲ သက်တမ်းလိုက်အဆင့်မှာကတည်းက အစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းနဲ့ ရိုမဲရိုး ဟာ ၂၀၀၇ ယူ ၂၀ ကမ္ဘာ့ဖလားချန်ပီယံဆု ၊ ၂၀၀၈ အိုလံပစ် ရွှေတံဆိပ်ဆု ၊ ၂၀၁၄ ကမ္ဘာ့ဖလား ဒုတိယဆု နဲ့ ၂၀၁၅ ၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲ ဒုတိယဆုတွေကို ရရှိခဲ့ပါတယ်။

ကလပ်ထက် နိုင်ငံအသင်းမှာ အစွမ်းပြနိုင်ကြတဲ့ ကစားသမားများ အပိုင်း(၁)ဖတ်ရန်လင်ခ့်

Ref: Four Four Two
Photo: TODAYonline , Hellas1903 , Goal.com
Ko Kyue(Akhayar)
www.akhayar.com