နည်းပြတစ်ယောက် ကလပ်အသင်းတစ်သင်းကို ရောက်ရှိသွားပြီဆို အဲဒီကလပ်အသင်းနဲ့ သူ့ရဲ့ပထမရာသီမှာ လုပ်စရာတွေ ၊ ပြင်ဆင်စရာတွေက တော်တော်လေးကို များပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အသင်းကိုတည်ငြိမ်မှုရှိအောင် ပထမဆုံးလုပ်ဆောင်ရတာကြောင့် ဆုဖလားအောင်မြင်မှုရရှိဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဒါပေမယ့် ဥရောပရဲ့ အမြင့်ဆုံးဆုဖလားတစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ချန်ပီယံဆုကိုတော့ ကလပ်အသင်းတစ်သင်းနဲ့ နည်းပြဘ၀ ပထမရာသီမှာ ရရှိခဲ့ကြတဲ့ သူတွေရှိနေပါတယ်။ သူတို့တွေရဲ့ အောင်မြင်မှုနဲ့ စွမ်းဆောင်ရည် တကယ့်ကို အံအားသင့်စရာလို့ ပြောရမှာပါ။ အခု ဒီ Article မှာတော့ ဒီလိုမျိုး စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြတွေကိုဖော်ပြပေးသွားမှာဖြစ်တာကြောင့် ဘယ်သူတွေလည်းဆိုတာကို ကြည့်လိုက်ကြရအောင် …

Zidane (Real Madrid)

ရီးယဲလ်နည်းပြ ဇီဒန်း Zidane ကတော့ ချန်ပီယံလိဂ်နဲ့ ကံစပ်သူလို့ ပြေရမှာဖြစ်ပြီး လက်ရှိအချိန်ထိ နည်းပြဘ၀မှာ ချန်ပီယံလိဂ်ဆုဖလားကို (၃)ကြိမ်ထိ ရရှိထားပါတယ်။ ဇီဒန်း ဟာ ဘင်နီတက်ဇ် လက်ထက် ကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရီးယဲလ်အသင်းကို လက်လွှဲယူခဲ့ရတာကြောင့် သူလုပ်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဇီဒန်း လက်ထဲမှာတော့ ရီးယဲလ်အသင်းဟာ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာခဲ့ပြီး လာလီဂါမှာ အောင်မြင်မှုမရခဲ့ပေမယ့် ၂၀၁၅-၂၀၁၆ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ဆုဖလားကို ရရှိခဲ့ပါတယ်။

Di Matteo (Chelsea)

ဒီမတ်တီယို Di Matteo ရဲ့ ချယ်လ်ဆီးနည်းပြဘ၀ ချန်ပီယံလိဂ်အောင်ပွဲကတော့ ဇာတ်လမ်းဆန်ခဲ့သလို ကံကောင်းမှုတွေလည်းပါဝင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဆုဖလားကိုတော့ ဒီမတ်တီယို ဟာ ချယ်လ်ဆီးအသင်းရဲ့ယာယီနည်းပြဘ၀မှာ ရရှိခဲ့တာပါ။ ပြောရမယ်ဆိုရင်တော့ အဲဒီအချိန်တွေတုန်းက ချယ်လ်ဆီးအသင်းဟာ ပွဲစဉ်တွေမှာ အကောင်းဆုံးကြိုးစားခဲ့ပြီး ကြိုးစားမှုရဲ့ နောက်ကွယ်မှာ ကံတရားကပါ လိုက်လာတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းချန်ပီယံလိဂ် ဆုဖလားကို ရရှိခဲ့တဲ့ ၂၀၁၁-၂၀၁၂ ဘောလုံးရာသီမှာတော့ ကိုယ့်ထက်သာတဲ့ အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ်( ဗိုလ်လုပွဲကို ဘိုင်ယန်မြူးနစ် အိမ်ကွင်းမှာ ကစားခဲ့)တို့ကို ကျော်ဖြတ်ပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

Guardiola (Barcelona)

အပေါ်ယံ အနေအထားနဲ့ပဲ ကြည့်ရင်တော့ ဂွါဒီယိုလာ Guardiola ဟာ ဘာစီလိုနာလိုတောင့်တင်းတဲ့ အသင်းမျိုးမှာ ဆုဖလားတွေလွယ်လွယ်ရခဲ့တယ်လို့ ထင်မိကြပါလိမ့်မယ်။ တကယ်တမ်းထဲထဲဝင်ဝင် ကြည့်ရင်တော့ ဂွါဒီယိုလာ ဘာစီလိုနာအသင်းနည်းပြစဖြစ်တဲ့ ၂၀၀၈ ခုနှစ်မှာ အသင်းကို ပြောင်းလဲပြုပြင်မှုတွေလုပ်ခဲ့ပြီး အသင်းအတွက် မလိုအပ်ဘူးလို့ သူယူဆတဲ့ နာမည်ကျော်ကစားသမားတွေကိုလည်း ရှင်းထုတ်ပစ်ခဲ့ပါတယ်။ ဘာစီလိုနာ (B)အသင်းကနေ အသင်းကြီးကို အခုမှရောက်ရှိလာတဲ့ နည်းပြဖြစ်ပေမယ့် လုပ်ရဲကိုင်ရဲတယ်လို့ ပြောရမှာပါ။ ပြင်ဆင်မှုတွေ လုပ်အပြီးမှာတော့ ဘာစီလိုနာဟာ အရင်ကထက် ပိုကောင်းတဲ့ အသင်းဖြစ်လာခဲ့ပြီး ဂွါဒီယိုလာ က သူ့ရဲ့ ဘာစီလိုနာနည်းပြဘ၀ ပထမရာသီမှာပဲ ချန်ပီယံလိဂ်ချန်ပီယံဆု အပါအ၀င် လာလီဂါ နဲ့ စပိန်ဘုရင့်ဖလားချန်ပီယံဆုတွေကို လည်းရရှိခဲ့ပါတယ်။

အခု ပရိသတ်တွေအတွက် ကလပ်အသင်းတစ်သင်းနဲ့ နည်းပြဘ၀ ပထမရာသီမှာ ချန်ပီယံလိဂ်ရရှိခဲ့သူများ အပိုင်း(၁)ကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး အပိုင်း(၂)ကို ဖော်ပြပေးသွားဦးမှာဖြစ်လို့ စောင်မျှော်အားပေးကြပါဦး …

Ref: 90min
Photo: The Pride of London , thesefootballtimes , Goal.com
Ko Kyue(Akhayar)
www.akhayar.com