နည်းပြတစ်ယောက် ကလပ်အသင်းတစ်သင်းကို ရောက်ရှိသွားပြီဆို အဲဒီကလပ်အသင်းနဲ့ သူ့ရဲ့ပထမရာသီမှာ လုပ်စရာတွေ ၊ ပြင်ဆင်စရာတွေက တော်တော်လေးကို များပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အသင်းကိုတည်ငြိမ်မှုရှိအောင် ပထမဆုံးလုပ်ဆောင်ရတာကြောင့် ဆုဖလားအောင်မြင်မှုရရှိဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဒါပေမယ့် ဥရောပရဲ့ အမြင့်ဆုံးဆုဖလားတစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ချန်ပီယံဆုကိုတော့ ကလပ်အသင်းတစ်သင်းနဲ့ နည်းပြဘ၀ ပထမရာသီမှာ ရရှိခဲ့ကြတဲ့ သူတွေရှိနေပါတယ်။ သူတို့တွေရဲ့ အောင်မြင်မှုနဲ့ စွမ်းဆောင်ရည် တကယ့်ကို အံအားသင့်စရာလို့ ပြောရမှာပါ။ အခု ဒီ Article မှာတော့ ဒီလိုမျိုး စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြတွေကိုဖော်ပြပေးသွားမှာဖြစ်တာကြောင့် ဘယ်သူတွေလည်းဆိုတာကို ကြည့်လိုက်ကြရအောင် …

Luis Enrique (Barcelona)

ဒီစာရင်းမှာတော့ ဂွါဒီယိုလာ Guardiola အပြင် နောက်ထပ် ဘာစီလိုနာနည်းပြတစ်ဦးဖြစ်တဲ့ လူးဝစ်အင်းနရစ် Luis Enrique လည်းပါဝင်နေပါတယ်။ လူးဝစ်အင်းနရစ် လက်ထက်မှာတော့ ဘာစီလိုနာအသင်းဟာ မက်ဆီ Messi ၊ ဆွာရက်ဇ် Suárez ၊ နေမာ Neymar တို့ရဲ့ MSN တိုက်စစ်အတွဲနဲ့ ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံးပိုသာခဲ့ပါတယ်။ ဒီတော့ ဘာစီလိုနာအသင်းကို လူးဝစ်အင်းနရစ် ကိုင်တွယ်ရတာ သိပ်ပြီးအခက်အခဲမရှိခဲ့ပါဘူး။ ဘာစီလိုနာအသင်းကို စတင်ကိုင်တွယ်တဲ့ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ လူးဝစ်အင်းနရစ် ဟာ ချန်ပီယံလိဂ်ချန်ပီယံဆု အပါအ၀င် လာလီဂါ နဲ့ စပိန်ဘုရင့်ဖလားချန်ပီယံဆုတွေကို လည်းရရှိခဲ့ပါတယ်။

Benitez (Liverpool)

လီဗာပူးလ်အသင်းကို ၂၀၀၄ ခုနှစ်မှာ ရောက်ရှိလာပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပထမဆုံးစပိန်လူမျိုးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဘင်နီတက်ဇ် Benítez ဟာ အသင်းအတွက် ဥရောပအောင်မြင်မှုကို ပြန်လည်ရှာဖွေပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဘင်နီတက်ဇ် ကိုင်တွယ်ခွင့်ရခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ချန်ပီယံဆုကို ရရှိဖို့ အထိ တောင့်တင်းတဲ့ အသင်းတော့မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ဘင်နီတက်ဇ် ရဲ့ တစ်ပွဲကောင်း နည်းဗျူဟာတွေနဲ့ ကစားသမားတွေရဲ့ အကောင်းဆုံးကြိုးစားအားထုတ်မှုတွေကြောင့် ၂၀၀၄-၂၀၀၅ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ချန်ပီယံဆုကို ရရှိခဲ့တာပါ။ လီဗာပူးလ်အသင်းက အေစီမီလန်အသင်းကို ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကတော့ သမိုင်းတစ်လျှောက် အကောင်းဆုံး ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေထဲက တစ်ပွဲဖြစ်ခဲ့ပါတယ်။

Jupp Heynckes (Real Madrid)

နာမည်ကျော် ၀ါရင့်နည်းပြတစ်ဦးဖြစ်တဲ့ ဂျက်ဟေးနက်စ် Jupp Heynckes ဟာလည်း ဒီစာရင်းမှာ အပါအ၀င်ပဲဖြစ်ပါတယ်။ ဂျက်ဟေးနက်စ် ကတော့ ၁၉၉၇-၁၉၉၈ ဘောလုံးရာသီက ရီးယဲလ်အသင်းကို ကိုင်တွယ်တုန်းက ချန်ပီယံလိဂ်ချန်ပီယံဆုကို ရယူပေးခဲ့တာပါ။ ရီးယဲလ်အသင်းကို ဂျက်ဟေးနက်စ် ဟာ အဲဒီတစ်ရာသီသာ ကိုင်တွယ်ခဲ့ပြီး ချန်ပီယံလိဂ်ချန်ပီယံဆုကို ရရှိအောင် စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီရာသီမှာ ဂျက်ဟေးနက်စ် ဟာ ရီးယဲလ်အသင်းကို ချန်ပီယံလိဂ်ချန်ပီယံဆုအပြင် စပိန်စူပါဖလားကိုလည်း ရယူပေးခဲ့ပါတယ်။

ကလပ်အသင်းတစ်သင်းနဲ့ နည်းပြဘ၀ ပထမရာသီမှာ ချန်ပီယံလိဂ်ရရှိခဲ့သူများ အပိုင်း(၁)ဖတ်ရန်လင်ခ့်

Ref: 90min
Photo: Twitter , CNN.com , DFB
Ko Kyue(Akhayar)
www.akhayar.com