ပရီးမီးယားလိဂ်ပွဲစဉ်(၄)အပြီးမှာပဲ နည်းပြအပြောင်းအလဲတစ်ခုကို ၀က်ဖို့ဒ်အသင်းက လုပ်ဆောင်ခဲ့ပြီး ရလဒ်ဆိုးတွေကြောင့် နည်းပြဂျာဗီဂါစီယာ Javi Garcia ကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဂျာဗီဂါစီယာ ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံးထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ လက်ရှိမှာလည်း ပရီးမီးယားလိဂ်မှာ ဖိအားဒဏ်ကို ခံနေရတဲ့ နည်းပြတွေရှိနေတာကြောင့် သူတို့တွေရဲ့ အနာဂတ်တွေကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ အခု ဒီ Article မှာတော့ ရာထူးတည်မြဲအောင် ကြိုးစားရတော့မယ့် ပရီးမီးယားလိဂ် နည်းပြတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Nuno Santo (Wolverhampton Wanderers)

ပရီးမီးယားလိဂ်ပွဲစဉ်(၄)အပြီးမှာ နည်းပြနူနိုဆန်တို Nuno Santo ရဲ့ ၀ုလ်ဗ်အသင်းဟာ နိုင်ပွဲရရှိထားခြင်းမရှိသေးဘဲ (၃)ပွဲသရေ ၊ (၁)ပွဲရှုံးရလဒ်ရရှိထားပါတယ်။ အလယ်အလတ်တန်းစားအသင်းတစ်သင်းအနေနဲ့ ဒီအခြေအနေဟာ ပြဿနာမရှိပေမယ့် အရင်နှစ်ကနဲ့ ယှဉ်ရင်တော့ ကွာခြားချက်ကကြီးနေတာကြောင့် နည်းပြနူနိုဆန်တို မှာ ဖိအားတေတွရှိနေပါတယ်။ ယူရိုပါလိဂ် Play-offs ပွဲတွေကစားထားရလို့ ပရီးမီးယားလိဂ်မှာ ရလဒ်ပိုင်းကျဆင်းနေတာဆိုပြီး လတ်တလောဆင်ခြေပေးလို့ရပေမယ့် လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ နိုင်ပွဲပြန်ရှာဖို့လိုအပ်နေပါပြီ။ အခုတစ်ပတ်ထဲမှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၅)မှာလည်း ၀ုလ်ဗ်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ကစားရမှာဖြစ်တာကြောင့် နိုင်ပွဲရှာတွေ့နေဖို့ က ခက်ခဲနေဦးမှာ သေချာပါတယ်။

Solskjaer (Manchester United)

မန်ယူနည်းပြဆိုးလ်ရှား Solskjaer ကတော့ တစ်ပတ်ပြီးတစ်ပတ် ဖိအားတွေပိုများလာခဲ့တယ်လို့ ပြောရမှာပါ။ ပရီးမီးယားလိဂ်ပွဲစဉ်(၄)အပြီး နိုင်ပွဲ(၁)ပွဲ ၊ သရေ(၂)ပွဲ ၊ ရှုံးပွဲ(၁)ပွဲ ၊ ရမှတ်(၅)မှတ်ဆိုတာ မန်ယူလိုအသင်းအတွက် လုံလောက်မှုမရှိပါဘူး။ ဒါ့အပြင် ချယ်လ်ဆီးကလွဲရင် ကျန်တဲ့ပွဲတွေမှာ ကစားခဲ့တဲ့ ပြိုင်ဘက်တွေက ကိုယ့်ထက်နိမ့်တဲ့အသင်းတွေဖြစ်ပြီး အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် နိုင်ပွဲမရတာကတော့ တော်တော်လေးကို ဆိုးပါတယ်။ ပြောရရင်တော့ မန်ယူအသင်းမှာ နိုင်ပွဲတစ်ပွဲလုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး ပျောက်ဆုံးနေတာပါ။ အခုတစ်ပတ်ထဲမှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၅)မှာလည်း မန်ယူအသင်းဟာ အိမ်ကွင်းမှာ ခြေစွမ်းပိုင်းမာကျောတဲ့ လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ ဒီပွဲဟာ မန်ယူအသင်းအတွက် မဖြစ်မနေနိုင်ပွဲရှာရမယ့်ပွဲမျိုးဖြစ်ပြီး အနိုင်မယူနိုင်ခဲ့ရင်တော့ နည်းပြဆိုးလ်ရှား ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာဖို့ ရှိနေပါတယ်။

Lampard (Chelsea)

နည်းပြလမ်းပတ် Lampard ရဲ့ ချယ်လ်ဆီးအသင်း ခြေစွမ်းကတော့ တည်ငြိမ်မှု ကင်းမဲ့နေပြီး တစ်နေ့ရွှေ တစ်နေ့ငွေ ပုံစံမျိုးဖြစ်ပါတယ်။ ဒါကလည်း အသင်းရဲ့ လူစာရင်းက အရင်နှစ်တွေကနဲ့ ကွာခြားမှုကြီးမားသွားတာကြောင့် တည်ငြိမ်မှုတစ်ခုကို ပြန်လည်ရှာဖွေနေရတဲ့ အချိန်မျိုးဖြစ်နေလို့ပါ။ လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ အနေအထားတွေကို ခြုံကြည့်ရင်တော့ ခြေစွမ်းကတော့ မဆိုးပေမယ့် အရင်ကထက်တော့ အနည်းငယ်ကျဆင်းသွားတယ်လို့ ထင်မိပါတယ်။ အရင်ကဆို ချယ်လ်ဆီးအသင်းဟာ ကြံခိုင်မှုပိုင်းကောင်းတဲ့ အသင်းဖြစ်ပေမယ့် လက်ရှိမှာတော့ ကြံခိုင်မှုပိုင်း အားနည်းချက်တွေရှိနေတာကြောင့် ဒီအရာတွေကို နည်းပြလမ်းပတ် ပြင်ဆင်သွားရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၄)အပြီး ရမှတ်(၅)မှတ်ဆိုတဲ့ အနေအထားဟာ ချယ်လ်ဆီးအသင်းနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးမဟုတ်တာကြောင့် လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ နည်းပြလမ်းပတ် ချယ်လ်ဆီးအသင်းအတွက် နိုင်ပွဲရှာဖွေပေးဖို့ မဖြစ်မနေလိုအပ်နေပါပြီ။

Ref: Sportskeeda
Photo: Chelsea Twitter , The Telegraph
Ko Kyue(Akhayar)
www.akhayar.com