[Zawgyi]

၂၀၁၈ ခုနှစ် နှစ်စက ချမှတ်ခဲ့တဲ့ ရည်မှန်းချက်တွေ ဘယ်နှစ်ခု လုပ်ပြီးပြီလဲ

အခရာပရိသတ်ကြီးရေ.. မင်္ဂလာပါ။ ၂၀၁၈ ခုနှစ်ကတော့ ဇွန်လကုန်ပြီးလို့ နှစ်တစ်ဝက်ကျိုးပြီနော်။ နှစ်စမှာ ဒီနှစ်အတွင်းလုပ်မယ်လို့ မှန်းထားတဲ့ ရည်မှန်းချက်တွေ ရောက်ပြီးကြပြီလား၊ လုပ်ပြီးကြပြီလား။ ဒီလို မေးလိုက်တာနဲ့ ဒီစာဖတ်ပြီး ပြုံးစိစိဖြစ်သွားတဲ့ မျက်နှာတွေကို မြင်ယောင်ပါတယ်ဗျာ။

တချို့တွေကျတော့လည်း နှစ်စက ချထားတဲ့ စည်းကမ်းတွေ၊ ရည်မှန်းချက်တွေကို အတော်များများပြီးလို့ အောင်နိုင်သူ အပြုံးကြီးနဲ့ပေါ့။ တချို့ကျတော့လည်း ကိုယ်ချမှတ်ထားတဲ့ အလုပ်တွေကိုပဲ လုပ်လိုက် မလုပ်လိုက်ဖြစ်နေလို့ မချိမဆန့်ပြုံးတာမျိုး၊ နောက်ဆုံးကျန်တဲ့ အုပ်စုကလည်း ဘာမှ မလုပ်ရသေးလို့ ရှက်ပြုံးပြုံး ရယ်ချင်နေတာမလား။

ဘာမှ မဖြစ်ပါနဲ့ဗျာ၊ ဒီလို နှစ်သစ်မှာ လုပ်မယ်လို့ ရည်မှန်းချက်ချခဲ့တဲ့ လူတွေထဲက ၈% လောက်ကပဲ တကယ်ဖြစ်အောင် လုပ်နိုင်ကြတာပါတဲ့။ နှစ်ဝက်ကျိုးလို့ ဘာဆို ဘာမှ မစရသေးဘူးဆိုရင်တောင် အခုစလုပ်လိုက် မီပါသေးတယ်။ တော်တော်များများရဲ့ နှစ်သစ်ရည်မှန်းချက်က ပိုက်ဆံစုဖို့၊ အတတ်ပညာ ဒါမှမဟုတ် ဘာသာစကားတစ်ခုခု သင်ဖို့နဲ့ ကိုယ့်ရဲ့ အထူးရည်မှန်းချက်တစ်ခု (ဥပမာ နိုင်ငံခြားခရီးထွက်တာတို့၊ Scholarship လျှောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။) ကို ပြည့်ဖို့ ကြိုးစားတာမျိုးတွေပါ။

အဲ့ဒါတွေ မလုပ်ရသေးရင်လည်း ငိုင်မနေဘဲ အခု ဒုတိယနှစ်ဝက်မှာ မီအောင် လုပ်နိုင်ဖို့ လွယ်ကူရိုးရှင်းတဲ့ အကြံပြုချက်လေးတွေ ပေးချင်ပါတယ်။

၁) အခုထလုပ်ပါ

ပိုက်ဆံမစုရသေးရဘူးလား ဒီနေ့ပဲ စစုပါ။ ဘာသာစကားသင်မလို့လား၊ အခုပဲ သင်တန်းတွေ စုံစမ်းပါ။ Self Study လုပ်မယ်ဆိုလည်း အခုပဲ စာအုပ်ကောက်ကိုင်ပါ၊ Website ရှာပါ၊ အခုပဲ လေ့လာပါ။ ခရီးသွားမှာဆိုလည်း အခုပဲ ပိုက်ဆံစုဖို့ Plan ချ၊ ကုန်ကျစရိတ်တွက်၊ အားမယ့်ရက်ကို ရွေးလိုက်ပါတော့။ အတွေးထဲတင် လေထဲ တိုက်အိမ်ဆောက်နေရင် လက်တွေ့ဘဝမှာ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

၂) ရည်မှန်းချက်တွေကို ပြန်ဆန်းစစ်ပါ။

အခုထိ မလုပ်နိုင်သေးဘူးဆိုတော့ ကိုယ့်ရည်မှန်းချက်တွေမှာ ဘယ်အရာက အခက်အခဲရှိနေတာလဲဆိုတာ ပြန်ဆန်းစစ်ပါ။ ပိုက်ဆံမစုနိုင်ဘူးဆိုတာ စုဖို့  နေနေသာသာ ဝင်ငွေထွက်ငွေမကိုက်လို့ ဆိုရင် အဲဒီ ပြဿနာကို အရင်ရှင်းပါ။ သင်တန်းတက်ဖို့ အချိန်ရှားရင် Time Management လုပ်ပြီး အချိန်ရှာရမှာပါ။

၃) သတိပေးချက်တွေကို အသုံးပြုပါ

ကိုယ်က လုပ်မယ်ဆိုပြီး မေ့နေရင်တောင် ကိုယ့်ကို လာသတိပေးမယ့် လူတွေ၊ စာတွေ၊ Reminder တွေ လိုပါတယ်။ ဝိတ်ချမှာလား၊ အားကစားလား၊ Gym သွားဖို့ အချိန်ကို အမြဲသတိပေးဖို့ ဖုန်းထဲမှာ သတ်မှတ်ထားပါ။ နည်းပညာက တိုးတက်နေတော့ ငွေကုန်ပေါက်များနေရင်လည်း Budget Tracker App တွေ ရှိပါတယ်။

၎) ရည်မှန်းချက်တွေကို တိကျပါစေ

နှစ်ကုန်ရင် ဝိတ်ကျရမယ်ဆိုတဲ့အစား နောက် ၁ လအတွင်း ၄ ပေါင်၊ ၆ လအတွင်းဆို ဘယ်နှစ်ပေါင်ချမယ်ဆိုပြီး သတ်မှတ်ပါ။ ပိုက်ဆံစုမယ်ဆိုလည်း ၃ လအတွင်း ၃ သိန်းဆိုလည်း ၃ သိန်း သတ်မှတ်ပြီး စုပါ။ တိတိကျကျ ရှိပါစေ၊ ဒါမှလည်း ရမှာဗျို့။

၅) ကိုယ့်ရည်မှန်းချက်တွေကို အများသိအောင် ကြွေးကြော်ပါ။

ကိုယ့်ဘာသာ ရည်မှန်းချက်တွေချပြီး မလုပ်ဖြစ်ရင် ခုလိုပဲ ပြုံးစိစိပဲ ပြီးသွားမှာပါ။ ကြွေးကြော်ပါ၊ အမျိုးတွေထဲမှာ ဖြစ်ဖြစ်၊သူငယ်ချင်းတွေကြားဖြစ်ဖြစ် ငါဒါတွေ လုပ်မယ်ဆိုပြီး ကြွေးကြော်ပါ။ မလုပ်ဖြစ်ရင် ဝိုင်းပြောကြမှာဆိုတော့ တွန်းအားရမှာပါ။ ဒီထက်ပိုချင်ရင် လူမှုကွန်ရက်တွေပေါ်တက်ပြီး ဒါတွေ လုပ်မယ်ဟေ့လို့ ကတိကဝတ်ပြုလည်းရပါသေးတယ်။

၆) ပြီးခဲ့တာတွေအတွက် ပျော်ရွှင်ပါ

အခုလို ကျွန်တော်က ၆ လကုန်ပြီ၊ ဘာတွေလုပ်ပြီးပြီလဲလို့ မေးလိုက်တော့ စိတ်ညစ်သွားကြမှာပဲ။ မဖြစ်ပါနဲ့၊ ပြီးခဲတဲ့ ၆ လအတွင်း ကိုယ့်ရည်မှန်းချက်တွေ မလုပ်ဖြစ်ခဲ့ရင်တောင် ကောင်းတာလေးတွေ၊ တခြားလုပ်စရာလေးတွေ လုပ်ပြီးခဲ့တာတွေ ရှိမှာပါ။ ဒါတွေကို ဂုဏ်ယူပစ်လိုက်ပါ။

ဘဝက တိုတိုလေးမို့ ကြိုးစားစရာရှိတာ ကြိုးစားဖို့လိုသလို နောင်တတွေနဲ့လည်း ဖိစီး အချိန်ကုန်မခံပါနဲ့ အခရာပရိသတ်ကြီးရေ။

Yoe Lu (Akhayar)

www.akhayar.com

Ref : trustednursestaffing.com