Facebook ရဲ့ CEO ဖြစ်တဲ့ Mark Zuckerberg မှာ ရည်မှန်းချက်တစ်ခုရှိပါတယ်။ တစ်ကမ္ဘာလုံးက လူတွေကို Connect လုပ်ပေးချင်တာပါပဲ။ ဒါဟာ ပြီးခဲ့တဲ့နှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ Facebook-Based Book Club ကို တည်ထောင်ရတဲ့ အကြောင်းပြချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေ၊ ကိုးကွယ်ယုံကြည်မှုတွေ၊ သမိုင်းရာဇဝင်တွေနဲ့ နည်းပညာအကြောင်းတွေပါဝင်နေတဲ့ ဖတ်သင့်တဲ့ စာအုပ်စာရင်းလေးကိုလည်း လုပ်ခဲ့ပါတယ်။ သူ့ရဲ့ သမီး Max ကို မွေးဖွားထားတာ မကြာသေးပေမယ့် သူဟာ နှစ်ပတ်ကို တစ်အုပ်ကျနှုန်းနဲ့ စာအုပ်တွေ ပုံမှန်ဖတ်ရှုသွားပြီးတော့  ၂၀၁၆ နှစ်ကုန်မှာတော့ လက်ရွေးစင် စာအုပ် ၂၃ အုပ်လုံးကို ဖတ်ရှုနိုင်ခဲ့ပါတယ်။

ဒီစာအုပ်တွေကို ဘာကြောင့်လူတွေဖတ်သင့်တယ်လို့ သူ့အနေနဲ့ ထင်ခဲ့ပါသလဲ။ Akhayar ပရိတ်သတ်ကြီးလည်း  ကျွန်တော်တို့ နဲ့အတူ လေ့လာကြည့်ရအောင်။ Zuckerberg အကြံပြုထားတဲ့စာအုပ် ၂၃ အုပ်ကို အပိုင်းလေးပိုင်းခွဲပြီးတော့ အခရာမှ အပတ်စဉ်ဖော်ပြပေးသွားပါမယ်။

၁။ ‘The Muqaddimah’ by Ibn Khaldun

အာရေဗျသာသာစကားစု “The Muqaddimah” ကို တိုက်ရိုက် အနက်ဖွင့်ဆိုမယ်ဆိုရင်တော့ မိတ်ဆက် ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါလိမ့်မယ်။ ၁၃၇၇ ခုနှစ်မှာ အစ္စလာမ် သမိုင်းပညာရှင် Ibn Khaldun က ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ဘက်လိုက်မှုကင်းကင်းနဲ့ လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှုဖြစ်စဉ်တွေထဲက ဘုံသဘော အနှစ်သာရတွေကို ရှာဖွေမှုအကြောင်းကို တင်ပြထားပါတယ်။  Khaldun ရဲ့ သမိုင်းဖြစ်ရပ်တွေအပေါ် သိပ္ပံသဘော လက်တွေ့ကျကျ ချဉ်းကပ်ပုံကြောင့် ခေတ်သစ် လူမှုဗေဒနဲ့ သမိုင်းသီအိုရီလေ့လာမှုပညာရပ်တွေရဲ့ ဖခင်တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

“၁၃၇၇ ကနေ နှစ် ၇၀၀ ကြာလောက် Progress ဖြစ်ခဲ့ပြီး အဲဒီအချိန်တုန်းက ယုံကြည်ခဲ့တာတွေက အခုတော့ မှားယွင်းနေတာ သိသာ ထင်ရှားလာစေပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာက ဒီနေ့ခေတ် တစ်ကမ္ဘာလုံးမှာ ကိုယ်သိနားလည်ထားတဲ့အရာတွေ ဖြစ်ပျက်နေတာကို အရင်က History တွေနဲ့ ပြန်ပြီး နှိုင်းယှဉ်မြင်နေရတာပါပဲ” လို့ Zuckerberg က မှတ်ချက်ရေးခဲ့ပါတယ်။

 ၂။ ‘The New Jim Crow’ by Michelle Alexander

Alexander က Ohio State University က ဥပဒေ ပါမောက္ခတစ်ဦးနဲ့ နိုင်ငံသားအခွင့်အရေးဆိုင်ရာ ဥပဒေအကြံပေးတစ်ဦးလည်း ဖြစ်ပြီးတော့ သူမရေးသားခဲ့တဲ့ “War on Drugs” ဆိုတဲ့ စာအုပ်ကနေတဆင့် အကျဉ်းထောင်တွေထဲက အကြမ်းဖက်နွယ်ဝင်မဟုတ်တဲ့ လူမည်းအမျိုးသားတွေကို အကျဉ်းထောင်က လွတ်လာရင်လဲ ဒုတိယတန်းစား နိုင်ငံသားများသဖွယ် အလွန်အကျွနှိမ်ချံဆက်ဆံနေကြတဲ့ ဓလေ့တစ်ခု ကြီးစိုးလာနေတယ် ဆိုပြီး ဖော်ထုတ်ရေးသားခဲ့သူတစ်ဦးဖြစ်ပါတယ်။

“ကျွန်တော်လည်း တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လေ့လာဖို့ စိတ်ဝင်စားပါတယ်။ ဒီစာအုပ်ကတော့ ကျွန်တော် ခင်မင်လေးစားရတဲ့ သူအများစုက ဖတ်ရှုသင့်တယ်လို့ မှတ်ချက်ပေးထားတဲ့ စာအုပ်ပါ။” လို့ Zuckerberg ကဆိုပါတယ်။

၃။ Why Nations Fail’ by Daron Acemoglu and James A. Robinson

“Why Nations Fail” ဆိုတဲ့ စာအုပ်က MIT က စီးပွားရေးပညာရှင် Daren Acemoglu နဲ့ Harvard က နိုင်ငံရေးသိပ္ပံပညာရှင်  James Robinson တို့ရဲ့ ၁၅ နှစ်ကြာသုတေသနပြုချက်တွေကို ပြန်လည်သုံးသပ်ရေးသားထားပြီးတော့ ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေခဲ့တာပါ။  စာရေးသူတွေက “သယံဇာတ ထုတ်ယူသုံးစွဲနေတဲ့ အစိုးရတွေ” ဟာ အခွင့်ထူးခံလူအနဲစုရဲ့ ပါဝါကို တည်မြဲစေဖို့ ချုပ်ကိုင်ထိန်းချုပ်ထား ကြတယ်၊ “ပူးပေါင်းဆောင်ရွက်လိုတဲ့ အစိုးရတွေ” ကတော့ လူထုက ငွေကြေးကို လွပ်လပ်ပွင့်လင်းစွာ ရင်းနှီး မြှုပ်နှံ သုံးစွဲနိုင်စေဖို့ ပွင့်လင်းတဲ့ ဈေးကွက်တွေကို ဖန်တီးပေးကြတယ်ဆိုတဲ့အကြောင်းကို ဒီစာအုပ်ထဲမှာ ဆွေးနွေးထားပါတယ်။့  စီးပွားရေးဖွံ့ဖြိုးမှုဟာ တိုင်းပြည်ရဲ့ ရေရှည်ရပ်တည်နိုင်စွမ်းကို အမြဲတမ်း မညွှန်ပြနိုင်ဘူးလို့လည်း သူတို့ကဆိုပါသေးတယ်။

 Zuckerberg  စိတ်ဝင်စားတဲ့အချက်က ပြီးခဲ့တဲ့နှစ်တွေမှာ သူကြွယ်ဝလာတာနဲ့အတူ ပရဟိတအလုပ်တွေလည်း ပိုပိုလုပ်ဖြစ်လာခဲ့တယ်၊ ဒါဟာ သူရွေးချယ်ခဲ့တဲ့ ဒီစာအုပ်က တစ်ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှုရဲ့ မူလဘူတ အခြေခံအကြောင်းအရင်းကို နားလည်စေခဲ့တာကြောင့်လို့ဆိုပါတယ်။

၎။ ‘The Rational Optimist’ by Matt Ridley

“The Rational Optimist,” ကို ၂၀၁၀ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပါတယ်။ အအောင်မြင်ဆုံးနဲ့ အငြင်းပွားအခံရဆုံး သိပ္ပံစာရေးဆရာ Matt Ridley ရဲ့ လက်ရာပါ။

ဒီစာအုပ်ထဲမှာ သူတင်ပြထားတာက ဈေးကွက်တွေရဲ့ သဘောသဘာဝက လူသားထု တိုးတက်မှုရဲ့ အဓိက အရင်းအမြစ်ဖြစ်တယ်လို့ဆိုတာပါပဲ။ ဒီတိုးတက်မှုက လွတ်လပ်စွာ လုပ်ကိုင်ခွင့်အပေါ် အများကြီး မှီခိုနေပါတယ်။ ဒီလို အတွေးအခေါ် ဆင့်ကဲပြောင်းလဲမှုရဲ့ အကျိုးရလဒ်ကတော့ ရာသီဥတုဖောက်ပြန်မှုလိုမျိုး၊ လူဦးရေဖောင်းပွမှုလိုမျိုး ဘေးအန္တရာယ်တွေ ရှိနေလင့်ကစား လူသားတွေရဲ့ လူနေမှုဘဝ အခြေအနေ တိုးတက်စည်ပင်မှုတွေကို ပိုပြီး ဖြစ်စေပါလိမ့်မယ်တဲ့။

“လူအဖွဲ့အစည်းနဲ့ နိုင်ငံရေး အင်အားစုတွေဟာ စီးပွားရေးကို ထိန်းချုပ်နေကြတယ်” လို့ ဆိုထားတဲ့ နံပါတ် (၃) က “Why Nations Fail” နဲ့   ပြောင်းပြန် သီအိုရီဖြစ်တဲ့အတွက် ဘယ် Framework ကပိုပြီး  တော်တည့်မှန်ကန်တယ်လို့ သူရွေးချယ်နိုင်ခြင်းကြောင့် ဖြစ်တယ်လို့ Zuckerberg က ဆိုပါတယ်။ “အခြေခံမူဘောင်တွေကို စူးစမ်းဖော်ထုတ်မှုများလေလေ အတွေးအခေါ်တွေ ကျယ်လောင်လာလေလေဖြစ်နေတာကို မြင်တွေ့နေရတာကိုက စိတ်ဝင်စားစရာပါ” လို့သူကဆိုပါတယ်။

၅။ ‘Portfolios of the Poor’ by Daryl Collins, Jonathan Morduch, Stuart Rutherford and Orlanda Ruthven

သုတေသနပညာရှင် Researchers Daryl Collins ၊ Jonathan Morduch ၊ Stuart Rutherford နဲ့ Orlanda Ruthven တို့ဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ တောင်အာဖရိကဒေသက အနိမ့်ပါးဆုံး လူတန်းစားတွေရဲ့ မိသားစုငွေကြေးအခြေအနေတွေကို ၁၀ နှစ်ကြာ သုတေသနပြုခဲ့ကြပါတယ်။

အခြေခံတွေ့ရှိချက်တွေကိုတော့ “Portfolios of the Poor” စာအုပ်ထဲမှာထည့်သွင်းဖော်ပြခဲ့ပြီးတော့ ဆိုးဆိုးဝါးဝါး ဆင်းရဲနွမ်းပါးစွာ ရှင်သန်နေထိုင်ကြတဲ့ ဒီဒေသတွေ ရဲ့အဓိကအကြောင်းအရင်းကတော့  လူတွေဟာ ငွေကြေးထိမ်းသိမ်းဖို့  ဘဏ္ဍာရေးဆိုင်ရာ အခြေခံလိုအပ်ချက်တွေ ရရှိနိုင်မှု ချို့တဲ့အလှမ်းကွာလွန်းနေတာကြောင့်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။

Zuckerberg က ဒီလို မှတ်ချက်ရေးထားပါတယ်။ “ဒါ အံ့သြစရာကြီးပါ။ ကမ္ဘာကြီးရဲ့ တစ်ဝက်လောက်ဖြစ်တဲ့ လူဦးရေ ၃ ဘီလီယံလောက်ဟာ တစ်နေ့ကို ဝင်ငွေ ၂ ဒေါ်လာ ခွဲလောက်နဲ့ ရှင်သန်နေထိုင်နေရပါတယ်တဲ့။ ၁ ဘီလီယံကျော်ကျော်လောက်ကတော့ တစ်နေ့ကို ၁ ဒေါ်လာအောက်ပဲ ဝင်ငွေရှိပါတယ်။ ဒီစာအုပ်မှာဖော်ပြထားတာတွေကို အကြံဉာဏ်နည်းလမ်းတွေနဲ့ ကျွန်တော်တို့အားလုံး သူတို့ဘဝအခြေအနေတွေ ပိုကောင်းသထက်ကောင်းအောင် ပံ့ပိုးကြမယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။”