Zuckerberg အကြံပြုထားတဲ့စာအုပ် ၂၃ အုပ်ကို အပိုင်းလေးပိုင်းခွဲပြီးတော့ အခရာမှ အပတ်စဉ်ဖော်ပြပေးနေပါတယ်။ အခုဟာက ဒုတိယပိုင်းပါ။

၆။ ‘World Order’ by Henry Kissinger

အသက် ၉၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဟောင်း (Former US Secretary of State) Henry Kissinger ရဲ့ ၂၀၁၄ ခုနှစ်က စာအုပ်ဖြစ်တဲ့ “World Order” ဟာ ကမ္ဘာ့ နေရာအသီးသီးက နည်းလမ်းအသွယ်သွယ်နဲ့ နားလည်လက်ခံထားတဲ့ ဒီနေ့ ရာစုနှစ်ရဲ့ နိုင်ငံရေး ပါဝါနဲ့ အင်ပါယာ အယူအဆသဘောထားတွေကို  ဝေဖန်ပိုင်းခြားပြထားပါတယ်။ နောက်ပြီး ဒီနေ့ခေတ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဟာ မည်သို့မည်ပုံ သူတို့ကို မကြာခဏ တင်းမာမှုရှိတဲ့ အခြေအနေ ဒါမှမဟုတ် အကြမ်းဖက်မှုနွယ်ဖက်တဲ့ အခြေအနေတွေကို ဦးတည်သွားစေသလဲ ဆိုတာကိုလည်း ပြောပြထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး “နိုင်ငံခြား ဆက်ဆံရေးနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ အနေနဲ့ ကမ္ဘာတစ်လွှားမှာ ဘယ်လိုဘယ်ပုံ ငြိမ်းချမ်းတဲ့ ဆက်ဆံရေးကို တည်ဆောက်ကြမလဲပေါ့လေ။ ဒါဟာ ကျွန်တော်တို့ ကလေးတွေအတွက် ကျွန်တော်တို့အားလုံး လိုချင်တဲ့ ကမ္ဘာကြီးကို ဖန်တီးဖို့ အရေးပါပါတယ်။” လို့ Zuckerberg က ဆိုပါတယ်။

၇။ ‘The Varieties of Religious Experience’ by William James

William James (1849-1919) ကို “အမေရိကန် အတွေးအခေါ်ပညာရှင်တွေထဲက တက်ကြွဆုံးနဲ့ ထိုးထွင်းသိမြင်မှု အကောင်းဆုံးအဖြစ် ထင်မြင်ခံရသူ” ဖြစ်တယ်လို့ တင်နက်ဆီ တက္ကသိုလ်ရဲ့ Internet Encyclopedia of Philosophy မှာ ဖော်ပြထားပါတယ်။

“The Varieties of Religious Experience” ဟာ ဘာသာရေးအသိစိတ်အကြောင်းနဲ့ လူတွေက ဘာသာရေးကို ဘဝ တိုးတက်ဖို့ ဘယ်လိုအသုံးချကြလဲဆိုတာကို စူးစမ်းဖော်ထုတ်ထားပါတယ်။

“ခေတ်သစ်လူစာအုပ်ကို ကျွန်တော်ဖတ်လိုက်ရချိန်တုန်းကတည်းက လူသားဘဝရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်တဲ့ ကိုးကွယ်ယုံကြည်မှု အခန်းကဏ္ဍရဲ့ ဆင့်ကဲဖြစ်စဉ်ဆိုတဲ့ အခန်းကို ကျွန်တော် တွေ့မိပါတယ်။ ပိုပြီးနက်နက်နဲနဲလေ့လာချင်စရာပါ။” လို့ သူကဆိုပါတယ်။

၈။ ‘Creativity, Inc.’ by Ed Catmull

“Creativity, Inc.” ဟာ Computer-Animation လောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Pixar ကို တည်ထောင်ခဲ့သူတွေထဲက တစ်ယောက်အကြောင်းဖြစ်ပါတယ်။

Catmull မထင်မရှား ပါဝင်ပတ်သက်နေတဲ့ သူ့ရဲ့ဇာတ်လမ်းမှာ စီမံခန့်ခွဲမှုနဲ့ စွန့်ဦးတီထွင်မှုများစတင်ခြင်း အရေးပါပြီးတန်ဖိုးရှိမှုကို ဖော်ပြထားပါတယ်။ မည်သည့် ကုမ္ပဏီမဆို သူတို့ရဲ့ ဝန်ထမ်းတွေရဲ့ ဖန်တီးတီထွင်နိုင်စွမ်းကို မဟန့်တားမိအောင် သတိထားပြီး ရှောင်သင့်တယ်လို့ ဆိုထားပါတယ်။

“ဒီလို First-Hand အတွေ့အကြုံတွေကို ဖတ်ရတာ နှစ်သက်စရာပါ။ Pixer လိုမျိုး ကြီးကျယ်တဲ့ လုပ်ငန်းကြီးတွေကို လူတွေ ဘယ်လို တည်ထောင်ခဲ့ကြသလဲ၊ ထိုးထွင်းမှုတွေ တီထွင်မှုတွေကို ဘယ်လို မွေးမြူနိုင်ခဲ့သလဲ ဆိုတာမျိုးပေါ့။” လို့ Zuckerberg က ရေးခဲ့ပါတယ်။

၉။ ‘Sapiens’ by Yuval Noah Harari

၂၀၁၄ ခုနှစ်မှာ ပထမဆုံးအကြိမ် စတင်ထုတ်ဝေခဲ့တဲ့ ဂျေရုစဆလင် ဟီဘရူးတက္ကသိုလ်က သမိုင်းပညာရှင် Harari ရဲ့ “Sapiens” စာအုပ်ဟာ အထူးတလည် ချီးကျူးထောမနာပြုတာခံခဲ့ရပြီး ကမ္ဘာတစ်ဝှမ်းမှာ ရောင်းအားကောင်းခဲ့တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ သူဟာ သူ့စာအုပ်ကို စုပေါင်းအမဲလိုက်ကြတဲ့ ဘဝကနေ အနာဂတ်ရဲ့ ဘုရားသခင်တွေလို ကိုယ့်ကိုယ်ကို ပုံဖော်ကြတဲ့ ဘဝတွေအထိပြောင်းလဲလာခဲ့တဲ့  Homo Sapein (လူ) တွေရဲ့ ဆင့်ကဲပြောင်းလဲမှုကို ခြေရာခံဖို့အတွက် သုံးတယ်။

နံပါတ် (၁) က “Muqaddimah ထဲက ဖော်ပြချက်တွေက ၁၃၀၀ ဝန်းကျင်ကာလက လူတွေရဲ့ ဉာဏ်ပညာအပေါ် ရှုမြင်ချက်ကနေ ပေါ်ပေါက်လာတဲ့ သမိုင်းစာအုပ်လို့ဆိုရမယ်ဆိုရင် “Sapiens” ကတော့ ခေတ်ပြိုင်ကာလတစ်ခုမှာ များပြားလှတဲ့ မေးခွန်းတွေ ပေါက်ကွဲထွက်မှု တစ်ရပ်ပါပဲ” လို့ Zuckerberg က ဆိုပါတယ်။

၁၀။ ‘The Structure of Scientific Revolutions’ by Thomas S. Kuhn

ရူပဗေဒပညာရှင်တစ်ယောက်ရဲ့ ဒဿ       နစာအုပ်ကောင်းကောင်းကို ညွှန်းရမယ်ဆိုရင် ဒါက “The Structure of Scientific Revolutions” ပဲဖြစ်ဖို့များပါတယ်။

၁၉၆၂ ခုနှစ်ကတည်းက အကြိုစတင်ထုတ်ဝေခဲ့တဲ့ ဒီစာအုပ်မှာ သိပ္ပံပညာရဲ့ ဆင့်ကဲပြောင်းလဲမှုနဲ့ အကျိုးဆက်တွေကို ရှုမြင်ထားပြီးတော့ ဒီစာအုပ်ဟာ ယနေ့ခေတ်ကမ္ဘာပေါ်မှာ “တိုက်ရိုက်အကိုးအကား အခံရဆုံး သဘောတရားရေးရာစာအုပ်တွေထဲက တစ်အုပ်” ဖြစ်လာပါတယ် လို့ Stanford Encyclopedia of Philosophy မှာ ဖော်ပြထားပါတယ်။ သိပ္ပံနည်းကျ ကျော်လွှားမှုတွေဟာ လူမှုဘဝကောင်းမွန်ပြည့်စုံမှုအတွက် တွန်းအားတစ်ရပ် ဖြစ်လာနိုင်ဖို့အတွက် လူမှုရေး တိုးတက်မှုဖြစ်အောင် ဘယ်လို ပြောင်းလဲလာရမလဲဆိုတာကို အသိပေးနေတယ်လို့ Zuckerberg က တွေးထင်ပါတယ်။

Khun ရဲ့ စာအုပ်ဟာ ‘ပါရာဒိုင်းအရွေ့’ ဆိုတဲ့ စကားစုကို စတင်မိတ်ဆက်ခဲ့တာကြောင့် လူသိများပါတယ်။ သိပ္ပံဆိုင်ရာ သမိုင်းဖြစ်စဉ်တစ်ခု အခြေခံကျကျ ရွေ့လျားသွားတာကို တင်ပြတဲ့ အမြင်တစ်ခုဖြစ်ပါတယ်။ Newtonian Mechanics ကို ကွမ်တမ်ရူပဗေဒက အစားထိုးသွားတာမျိုးပေါ့။

၁၁။ ‘Dealing with China’ by Henry M. Paulson Jr.

ပြီးခဲ့တဲ့ နှစ်တွေမှာ Zuckerberg ဟာ တရုတ်ယဉ်ကျေးမှုရဲ့ကြီးကြီးမားမား ဆွဲဆောင်ခြင်းကို ခံရပါတယ်။ သူဟာ မန်ဒရင်စကားသင်ခဲ့သလို သူ့ရဲ့ ရေရှည် ရည်မှန်းချက်တွေကို ပြောရာမှာလည်း တရုတ်ပြည်သူတွေကို Facebook အသုံးပြုခွင့်ပေးဖို့အတွက် တရုတ်အစိုးရ လက်ခံလာစေဖို့လဲပါဝင်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဟောင်းတစ်ဦးရဲ့ “Dealing with China” က တရုတ်နိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ကာလတွေအတွင်းမှာ တိုးတက်လာသလို ကမ္ဘာတစ်လွှား စိုးလာမှုနဲ့ ဒါက ကမ္ဘာကို ဘယ်လိုအကျိုးသက်ရောက်စေတယ်ဆိုတာကို စူးစမ်းဖော်ထုတ်ထားတာပါ။

“၃၅ နှစ်ကျော် ကာလအတွင်းမှာ တရုတ်နိုင်ငံဟာ လူသားသမိုင်းမှာ အကြီးကျယ်ဆုံး စီးပွားရေးဖွံ့ဖြိုးမှုနဲ့ လူမှုအသွင်ကူးပြောင်းမှုတွေကို ကြုံတွေ့ခဲ့ရပါတယ်” လို့ Zuckerberg က ရေးပါတယ်။ “သန်းရာပေါင်းများစွာသော ပြည်သူတွေဟာ ဆင်းရဲနွမ်းပါးမှုနွံထဲက ရုန်းထွက်နိုင်ခဲ့ကြတယ်။ အမျိုးမျိုးသောတိုင်းတာတွက်ချက်မှုတွေအရ တရုတ်နိုင်ငံဟာ တစ်ကမ္ဘာလုံးကနိုင်ငံအားလုံးပေါင်းထက်ကို ပိုပြီး ဆင်းရဲနွမ်းပါးမှုဘေးကနေ လူတွေကို ကယ်တင်နိုင်ခဲ့ပါတယ်။”

အခရာ

(www.akhayar.com)