၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ချီလီ – ပီရူးပွဲမှာတော့ ပီရူး ဟာ ချီလီကို ( ၀ – ၃ )နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ချီလီ ၀ – ၃ ပီရူး

မထင်မှတ်ထားတဲ့ ရလဒ်တစ်ခုထွက်ပေါ်ခဲ့တာဖြစ်ပြီး (၂)သင်းလုံးကတော့ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ကြတာပါ။ ပွဲအစကတည်းက (၂)သင်းလုံးဟာ အပိုင်အခွင့်အရေးကိုယ်စီရရှိခဲ့ကြပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ပီရူးအသင်းရဲ့ ဒီပွဲကစားပုံကတော့ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဖြစ်ခဲ့ပြီး ချီလီ ဘက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ပွဲချိန်(၂၁)မိနစ်မှာတော့ ပီရူးအသင်း ဦးဆောင်ဂိုးစရခဲ့ပြီး တောင်ပံတိုက်စစ်ကစားသမား Flores က ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံး ကန်သွင်းယူခဲ့တာပါ။ ပွဲချိန်(၃၈)မိနစ်မှာတော့ ပီရူးအသင်း ဒုတိယဂိုးရရှိခဲ့ပြီး ဒီဂိုးကတော့ ချီလီဂိုးသမား Arias ရဲ့ အားနည်းချက်ကြောင့် ပေးလိုက်ရတာဖြစ်ပါတယ်။ ချီလီဂိုးသမား Arias ဟာ ဆန္ဒစောပြီး ဘောလုံးကို ရှေ့ထွက်တားဆီးခဲ့တာကြောင့် ဂိုးပေါက်ကအလွတ်ဖြစ်သွားခဲ့သလို ဒီအနေအထားမှာ ကာရီယယ်လို Carrillo တင်ပေးလိုက်တဲ့ ဘောလုံးကို Yotún က အသင့်ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဂိုးတွေပေးလိုက်ရတာကြောင့် ချီလီအသင်း တိုက်စစ်ကိုပိုတင်ကစားလာခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် တိုင်ထိထွက်ခဲ့တာရှိခဲ့သလို ပီရူးဂိုးသမား Gallese လည်း ဂိုးပေးရနိုင်တဲ့ အနေအထား(၄)ကြိမ်လောက်ကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ပီရူးအသင်းကလည်း ဂိုးရနိုင်တဲ့ အခွင့်အရေးတစ်ကြိမ်ထပ်ရခဲ့ပေမယ့် အဆုံးသတ်ပိုင်းကတော့ အားနည်းချက်ရှိခဲ့ပါတယ်။ ဒီပွဲမှာတော့ ချီလီအသင်းရဲ့ ကစားပုံဟာ မာကျောမှုမရှိခဲ့သလို ခံစစ်ပိုင်းလိုအပ်ချက်များခဲ့ပြီး ပီရူးအသင်းကတော့ ယုံကြည်မှုအပြည့်နဲ့ ကစားသွားခဲ့တာပါ။

ပွဲချိန်(၉၁)မိနစ်မှာတော့ တိုက်စစ်မှူး ဂွာရဲရိုး Guerrero က ပီရူးအသင်းအတွက် တတိယဂိုးကို ချီလီဂိုးသမား Arias ကို ကျော်ဖြတ်ပြီးသွင်းယူခဲ့ပါတယ်။ ဒီဂိုးမှာလည်း ချီလီခံစစ်ပိုင်းရဲ့ လူကပ်ကစားပုံ အားနည်းချက်ကို မြင်တွေ့ခဲ့ရပါတယ်။ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တဲ့ ပီရူးအသင်းဟာ လာမယ့် (၈)ရက်နေ့မှာ အိမ်ရှင် ဘရာဇီးလ်အသင်းနဲ့ ချန်ပီယံဆုကို လုသွားရမှာပဲဖြစ်ပါတယ်။

Photo: FIFA World Cup Facebook , Copa America Twitter
Ko Kyue(Akhayar)
www.akhayar.com