၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဥရုဂွေး – ပီရူးပွဲမှာတော့ ပီရူးအသင်းက ပယ်နယ်တီမှာ ( ၄ – ၅ )နဲ့အနိုင်ရရှိခဲ့ပါတယ်။

ဥရုဂွေး ၀ – ၀ ပီရူး ပယ်နယ်တီ ( ၄ – ၅ )

ဒီပွဲမှာတော့ ဥရုဂွေးအသင်းကို ထုံးစံအတိုင်း ကာဗာနီ Cavani ၊ ဆွာရက်ဇ် Suarez တို့က ဦးဆောင်လာခဲ့သလို ပီရူးအသင်းကိုလည်း ဂွာရဲရိုး Guerrero က ဦးဆောင်လာခဲ့ပါတယ်။ ဥရုဂွေးအသင်းကတော့ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီး ပီရူးဘက်ကို ဖိအားပေးကစားနိုင်ခဲ့သလို တိုက်စစ်မှူး ကာဗာနီ ရဲ့ အပိုင်အခွင့်အရေးတစ်ကြိမ် ဖြုန်းတီးခဲ့မှုကလည်း တော်တော်လေးကို စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ ပီရူးအသင်းကတော့ ဂိုးရဖို့အတွက် တိုက်စစ်မှူး ဂွာရဲရိုး ကိုသာ တည်ပြီးကစားနေတာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းက အားရစရာမရှိခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ ဥရုဂွေးအသင်း ဂိုးရနိုင်မယ့် အခွင့်အရေးတွေရခဲ့သလို ဂိုးပေါက်ကန်သွင်းချက်တွေလည်း ပြုလုပ်နိုင်ခဲ့ပေမယ့် ပီရူးဂိုးသမား Gallese က ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဥရုဂွေးအသင်းဟာ သွင်းဂိုး(၃)ဂိုးထိ ရရှိခဲ့ပေမယ့် လူကျွံအနေအထားတွေဖြစ်နေတာကြောင့် ဂိုးအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရပါဘူး။ ပွဲအပြီးမှာတော့ ဂိုးမရှိသရေကျနေခဲ့ကြတာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ကြပြီး ဥရုဂွေးအသင်းက (၄)ကြိမ်ဝင်အောင်ကန်နိုင်ခဲ့သလို ပီရူးအသင်းက (၅)ကြိမ်လုံးဝင်အောင် ကန်သွင်းနိုင်ခဲ့တာကြောင့် ပီရူးအသင်း ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဥရုဂွေးအသင်းဘက် ကလွဲချော်ခဲ့တဲ့ ပယ်နယ်တီကတော့ စစခြင်းကန်တဲ့ ပယ်နယ်တီဖြစ်ပြီး တိုက်စစ်မှူး ဆွာရက်ဇ် ကန်ခဲ့တာကို ပီရူးဂိုးသမား Gallese ကာကွယ်နိုင်ခဲ့တာပါ။ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ပီရူးအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ချီလီအသင်းနဲ့ ရင်ဆိုင်သွားရမှာပဲဖြစ်ပါတယ်။

ဥရုဂွေး – ပီရူး ပယ်နယ်တီ အဆုံးအဖြတ်

ဥရုဂွေး – Suárez (မ၀င်) ၊ Cavani (၀င်) ၊ Stuani (၀င်) ၊ Bentancur (၀င်) ၊ Torreira (၀င်)
ပီရူး – Guerrero (၀င်) ၊ Ruidíaz (၀င်) ၊ Yotún (၀င်) ၊ Advíncula (၀င်) ၊ Flores (၀င်)

Photo: Copa America Twitter , FIFA World Cup Facebook
Ko Kyue(Akhayar)
www.akhayar.com