၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဘရာဇီးလ် – ပါရာဂွေးပွဲမှာတော့ ဘရာဇီးလ်က ပယ်နယ်တီအဆုံးအဖြတ်မှာ ပါရာဂွေးကို ( ၄ – ၃ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဘရာဇီးလ် ၀ – ၀ ပါရာဂွေး (ပယ်နယ်တီ ၄ – ၃ )

ဒီပွဲမှာတော့ ဘရာဇီးလ်အသင်းတိုက်စစ်ကို ဖေမီနို Firmino ၊ အဲဗာတန် Everton ၊ ဂျေးဆု Gabriel Jesus တို့က ဦးဆောင်လာခဲ့သလို ပါရာဂွေးအသင်းကတော့ ခံစစ်ကို (၅)ယောက်အထိထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ပါရာဂွေးအသင်းကိုတော့ အယ်မီရွန် Almirón က ဦးဆောင်လာခဲ့ပြီး ဘရာဇီးလ်အသင်းကို အကောင်းဆုံးရင်ဆိုင်ခဲ့ပါတယ်။ ထုံးစံအတိုင်း ဘရာဇီးလ်အသင်းက ပိုသာခဲ့ပေမယ့် ပါရာဂွေးအသင်းရဲ့ပြန်လည်ဖိအားပေးမှု တချို့ကလည်း ထိရောက်ခဲ့ပြီး ပွဲချိန်(၂၈)မိနစ်မှာ ပါရာဂွေးအသင်းရဲ့ ကန်ချက်တစ်ကြိမ်ကို ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန် Alisson ကာကွယ်နိုင်ခဲ့လို့သာ ဂိုးမပေးခဲ့ရတာပါ။ ပွဲချိန်(၅၃)မိနစ်မှာတော့ ဘရာဇီးလ်တိုက်စစ်မှူး ဖေမီနို ကို ပါရာဂွေးနောက်ခံလူ Balbuena တားဆီးပုံကြမ်းတမ်းခဲ့တာကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး လက်ကျန်အချိန်တွေမှာ ဘရာဇီးလ်အသင်းက တစ်ယောက်အသာနဲ့ ကစားခွင့်ရခဲ့ပါတယ်။

ပါရာဂွေးအသင်း (၁၀)ယောက်တည်းဖြစ်သွားတာကြောင့် ဘရာဇီးလ်တိုက်စစ်ပိုင်း အခွင့်အရေးတွေပို ဖန်တီးနိုင်ခဲ့ပေမယ့် ပါရာဂွေးဂိုးသမား Fernández ရဲ့ လက်စွမ်းကောင်းတွေကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့သလို လူစားဝင်ကစားသမား ၀ီလီယံ Willian ရဲ့ကန်ချက်တစ်ကြိမ်ကလည်း တိုင်ထိထွက်ခဲ့ပါတယ်။ ပွဲအပြီးမှာ ဂိုးမရှိသရေကျနေခဲ့ကြတာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ကြပြီး ဘရာဇီးလ်အသင်းက (၅)လုံးမှာ (၄)လုံးဝင်အောင်ကန်နိုင်ခဲ့သလို ပါရာဂွေးအသင်းက (၃)လုံးသာဝင်အောင် ကန်နိုင်ခဲ့တာကြောင့် ဘရာဇီးလ်အသင်း ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ဗင်နီဇွဲလား – အာဂျင်တီးနားပွဲစဉ်က အနိုင်ရမယ့် အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဘရာဇီးလ် – ပါရာဂွေးပယ်နယ်တီ အဆုံးအဖြတ်

ဘရာဇီးလ် – Willian (၀င်) ၊ Marquinhos (၀င်) ၊  Coutinho (၀င် ) ၊  Firmino (မ၀င်) ၊ Gabriel Jesus (၀င်)

ပါရာဂွေး –  Gómez (မ၀င်) ၊  Almirón (၀င်) ၊ Valdez (၀င်) ၊ Rojas (၀င်) ၊  González (မ၀င်)

Photo: FIFA World Cup Facebook
Ko Kyue(Akhayar)
www.akhayar.com